ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတဲ့ မဲဆန္ဒနယ် ၄၅ နေရာအနက် နေရာအများစုမှာ
ပြည်သူတွေဟာ မဲပေးပိုင်ခွင့်ရှိသူ စာရင်းထဲ မပါတာကြောင့် မဲပေးခွင့်မရပဲ
ကိုယ့်နေအိမ်တွေဆီကို ပြန်သွားကြရပြီဖြစ်ကြောင်း သိရပါတယ်။
တနင်္သာရီတိုင်း လောင်းလုံ မြို့နယ်ထဲက မဲရုံတစ်ခုမှာ မဲပေးမယ့်သူ ၄၀၀ လောက် လာပြီး စုဝေးခဲ့ပေမယ့် မဲပေးပိုင်ခွင့် စာရင်းထဲ မပါတာကြောင့် နောက်ဆုံး အိမ်...ပြန်သွားကြပြီဖြစ်ပါတယ်။
အလားတူ ဧရာဝတီတိုင်း မြန်အောင်မြို့နယ် ရှားတောကျေးရွာ ဆပ်ပြာကျင်း အုပ်စုမဲရုံ အမှတ် (၃) မှာ လူ (၈၀) လောက် မဲစာရင်းမပါ ဖြစ်ခဲ့ပါတယ်။ မဲရုံအမှတ် (၄) မှာလည်း လူ (၂၀) လောက်မဲပေးခွင့်မရပဲ ပြန်သွားပြီ ဖြစ်ပါတယ်။
အလားတူ မန္တလေးတိုင်း သံလျက်မော် အနောက်ရပ်ကွက် မဲရုံတစ်ရုံမှာလည်း လူ ၃၀၀ လောက် မဲပေးခွင့်မရပဲ ပြန်သွားရပြီဖြစ်ကြောင်း သိရပါတယ်။ ဒါတင်မက ပခုက္ကူမြို့နယ်က မဲရုံတွေမှာလည်း တစ်ရုံကို လူ ရာဂဏန်း ကျော် မဲပေးခွင့်မရပဲ ပြန်သွားရကြောင်း အင်န်အယ်လ်ဒီ အောင်နိုင်ရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ YPI မှ ကူးယူသည်။
ဒီလို မဲပေးခွင့်မရတဲ့ ပြည်သူတွေဟာ မဲရုံကိုလာ စောင့်ဆိုင်းပြီး နောက်ဆုံး မဲပေးခွင့်မရတော့မှ မဲရုံကနေ ပြန်သွားကြကြောင်း သတင်းရရှိပါတယ်။

Tags:
သတင်း,
နိုင်ငံရေး
Leave a comment