မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်ရှိ၊ ရန်ကုန် Crown သံမဏိစက်ရုံမှ
အလုပ်သမား၂၅ ဦးသည် ၎င်းတို့၏ အခြေခံလစာ တိုးမြှင့်ရရှိနိုင်ရေးအတွက်
ယနေ့နံနက်မှ စတင်ကာ အစာငတ်ခံဆန္ဒပြလျက်ရှိကြောင်း ယင်းစက်ရုံမှ
အလုပ်သမားညှိနှိုင်းရေး ကော်မတီအတွင်းရေးမှူး ဦးဇော်ထက်ကပြောသည်။
၎င်းက “ အခု အစာအငတ်ခံဆန္ဒပြနေတဲ့ ၂၅ ယောက်က အခြားဆန္ဒပြသူတွေနဲ့မရောဘဲ စက်ရုံရှေ့မှာ သီးခြား ဆန္ဒပြနေကြတယ်။ အလုပ်သမားတွေရဲ့တောင်းဆိုချက်ကို အလုပ်ရှင်ဘက်က လိုက်လျောတဲ့အချိန်အထိ ဆက်လက် ဆန္ဒပြသွားမှာပါ ” ဟုပြောသည်။
စက်ရုံရှိ အလုပ်သမား ၈၀၀ ကျော်အနက် ၇၀ ရာခိုင်နှုန်းခန့်သည် အခြေခံလစာတိုးမြှင့်ပေးရေးအပါအ၀င် တောင်းဆိုချက် ၁၃ ချက်ကို ယခုလ ၂၀ ရက်နေ့မှ စတင်ဆန္ဒပြတောင်းဆိုခဲ့ရာ အလုပ်ရှင်ဘက်မှ အခြားအချက်များသာ လိုက်လျောခဲ့ပြီး အခြေခံလစာတိုးမြှင့်ပေးရေးကို လိုက်လျောမှုမရှိသဖြင့် ၆ ရက်မြောက်နေ့တွင် ယခုကဲ့သို့ အစာငတ်ခံဆန္ဒပြကြခြင်းဖြစ်သည်။
ယင်းစက်ရုံမှအလုပ်သမားများသည် လုပ်အားခအဖြစ် တစ်နေ့လျှင် ၁၆၀ ကျပ်သာပုံမှန်ရရှိပြီး ရက်မှန်ကြေးအဖြစ် တစ်လလျှင် ၃၀၀၀ ကျပ်ရရှိကြောင်း၊ အခြားခံစားခွင့်များမှာ စက်ရုံ၏ အလုပ်ရရှိမှုပေါ်တွင် မူတည်ကြောင်း၊လုပ်ငန်းလည်ပတ်သည့်နေ့များတွင် လုပ်အားခ ၉၀၀ မှ ၇၀၀၀ အထိရရှိတတ်သော်လည်း လျှပ်စစ်မီးပြတ်တောက်သည့် လများတွင် တစ်လလုံးအတွက် လစာ ၄၈၀၀ ကျပ်သာရရှိကြောင်း ဦးဇော်ထိုက်ကပြောသည်။
ထို့ကြောင့်အလုပ်သမားများအနေဖြင့် တစ်နေ့လျှင် လုပ်အားခ ၁၆၀၀ ကျပ်ပုံမှန်ရရှိနိုင်ရေးအတွက် ဆန္ဒပြတောင်းဆိုကြခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။
စတင်ဆန္ဒပြခဲ့စဉ်က အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်နှင့် နေပြည်တော် အလုပ်သမားဝန်ကြီးဋ္ဌာနမှ ဦးစောနိုင်တို့ လာရောက်ညှိနှိုင်းပေးခဲ့သော်လည်း ယခုရက်ပိုင်း၌ ညှိနှိုင်းပေးမည့်သူမရှိကြောင်း ၎င်းကဆက်ပြောသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲနည်းလမ်းဖြင့် အာဏာရယူထားသည့် အစိုးရသစ်တက်ပြီးနောက်ပိုင်းတွင် အခြေခံလစာနည်းပါးမှုကိုအကြောင်းပြု၍ အလုပ်သမားဆန္ဒပြမှုများ မကြာခဏဖြစ်ပွားခဲ့ပြီး ယခုနှစ်တွင် ပိုမို အဖြစ်များလာခဲ့သည်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှ မေလ ၂၄ ရက်နေ့အထိ အလုပ်သမားဆန္ဒပြမှု ၁၂ ကြိမ်ရှိကြောင်း အလုပ်သမားသမဂ္ဂ များဖြစ်မြောက်ရေးကော်မတီဝင် ကိုထိန်လင်းကပြောသည်။
ပြီးခဲ့သည့်လွှတ်တော်အစည်းအဝေးတွင်လည်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က အလုပ်သမားများ၏ အနိမ့်ဆုံးလုပ်ခလစာပေးရေး ဥပဒေအပါအ၀င် အလုပ်သမားဆိုင်ရာ ဥပဒေ ၆ ခုအား ဖြည့်စွက်ရန်၊ ပြင်ဆင်ရန်၊ အသစ်ရေးဆွဲရန်အတွက် ပြည်ထောင်စုလွှတ်တော်သို့ အဆိုတင်သွင်းခဲ့သည်။ ။
ယခုလဆန်းက
Hi-Mo ဆံပင်တုစက်ရုံ မှ ဆန္ဒပြလုပ်သားများ မရမ်းကုန်းမြို့နယ်ရှိ
အလုပ်သမားရုံးသို့ လုပ်ခတိုးမြှင့်ရေး တောင်းဆိုမှုညှိနှိုင်းပေးရန်
လာရောက်တောင်းဆိုကြစဉ်။
YPI မှ ဖြစ်သည်။

Leave a comment