အရှေ့တောင်အာရှဒေသတွင် နောက်ဆုံးကျန်ရှိသည့် သက်တမ်းရင့် မြေနိမ့် မြေပြန့်တောသည် တနင်္သာရီဒေသ၌ရှိနေ သစ်တောပြုန်းတီးမှု မြင့်တက်လာနေ၍ ကာကွယ်တောအဖြစ် ထိန်းသိမ်းရန် လိုအပ်နေကြောင်း သိရ
တနင်္သာရီဒေသ၌ သစ်တောများတည်ရှိနေမှုကို တွေ့ရစဉ်
ကမ္ဘာတစ်ဝန်းတွင် ဆွန်ဒယက် ခေါ် ဆန်ဒါဒေသရှိ သစ်တော၊ မြေနိမ့် မြေပြန့်တောများသည် ပြုန်းတီးမှု လျင်မြန်နေပြီး အထူးသဖြင့် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၃၅၀ နှင့် အောက်ဘက်ရှိ မြေနိမ့် မြေပြန့်တောများသည် ပိုမိုလျင်မြန်စွာ ပျက်သုဉ်းလျက်ရှိကြောင်း သိရှိ ရသည်။ ဆန်ဒါဒေသဆိုသည်မှာ အာရှနှင့် သြစတြေးလျတိုက်များ တစ်ဆက်တစ်စပ်တည်း ရှိခဲ့ရာမှ နောက်ပိုင်းတွင် ကွဲထွက်သွားခဲ့သော မလေးကျွန်းဆွယ်တောင်ပိုင်း ဂျာဗား၊ ဆူမားတြား၊ ကလီမင်တန်၊ ဘာလီကျွန်းတို့ပါဝင်သော ဒေသဖြစ်ကာ မြန်မာနိုင်ငံရှိ မြိတ်ခရိုင်နှင့် တောင် ပိုင်းရှိဒေသအားလုံးသည် ဆန်ဒါဒေသတွင် ပါဝင်နေကြောင်း၊ မြန်မာတစ်နိုင်ငံလုံးရှိ တောများ၏ သုံးရာခိုင်နှုန်းမှာ ဆွန်ဒယက်တော (Sundiac Forest) များဖြစ်သည်ဟု သိရသည်။
''တနင်္သာရီဒေသမှာ ဒီဆွန်ဒယက် တောတွေ ကျန်နေသေးတယ်။ ကမ္ဘာမှာ နောက်ဆုံးကျန်တဲ့ ကိုယ်စားပြု တောဖြစ်ပါတယ်။ မြေနိမ့်မြေပြန့် သစ်တော ဒီလောက်ကျယ်ပြန့်တာ မြန်မာနိုင်ငံမှာပဲ ကျန်ပါတော့တယ်'' ဟု Biodiversity And Nature Conservation Association (BANCA)မှ ဥက္ကဋ္ဌဒေါက်တာထင်လှက ပြောကြားသည်။
မြေနိမ့်မြေပြန့်တောများသည် ဇီဝမျိုးစုံမျိုးကွဲ အပေါကြွယ်ဆုံးဒေသများအနက်မှ ဒေသတစ်ခုဖြစ်ကာ မျိုးသုဉ်းလုနီး ငှက် ၄၇ မျိုး နေထိုင်ကျက်စားသော ဒေသဖြစ်သည်။ ယင်းအနက်မှ ၃၈ မျိုးသည် နေရာဒေသ တစ်ခုတည်းတွင်သာ ကျက်စားသော ငှက်မျိုးများဖြစ်ကာ တောင်ငုံး၊ ရင်မဲ ငှက်အပြင် ကြံ့သူတော်၊ ကျား၊ အာရှဆင်၊ မလေးဝက်ဝံ၊ မျောက်လွှဲကျော် လက်ဖြူနှင့် ဆူမားတြားကြံ့တို့ကို တွေ့ရှိနိုင်သည်ဟု သိရှိရသည်။
''တနင်္သာရီမှာ ဆီအုန်း စိုက်တယ်၊ ရော်ဘာတွေ စိုက်တယ်။ သစ်တောက တော်တော်လေး ပြုန်းတီးလာတယ်။ အခုလည်း မလေးရှားက မြေတွေ တော်တော်လာဝယ်နေတယ်။ ဖွံ့ဖြိုးရေးကိုတော့ ဆန့်ကျင်တာ မဟုတ်ဘူး။ ဒါပေမယ့် ကိုယ်စားပြု တောလေးတော့ ချန်ထားပေးပါ။ ဒီ နေရာက အာရှအဆင့်တောင် မဟုတ်ဘူး။ World Heritage Site တောင် ဖြစ်နိုင်တယ်။ လုပ်ဖို့ သင့်တော်တဲ့ နေရာပါ''ဟု ဒေါက်တာထင်လှက ဆက်လက်ပြောကြားသည်။
တနင်္သာရီမှာ ဆီအုန်းစိုက်တယ်၊ ရော်ဘာတွေစိုက်တယ်။ သစ်တောက တော်တော်လေး ပြုန်းတီးလာတယ်။ အခုလည်း မလေးရှားက မြေတွေ တော်တော်လာဝယ်နေတယ်။ ဖွံ့ဖြိုးရေးကိုတော့ ဆန့်ကျင်တာ မဟုတ်ဘူး။ ဒါပေမယ့် ကိုယ်စားပြုတောလေးတော့ ချန်ထားပေးပါ။ ဒီနေရာက အာရှအဆင့်တောင် မဟုတ်ဘူး။ World Heritage Site တောင် ဖြစ်နိုင်တယ်။ |
''နောက်ဆုံးကျန်နေတဲ့ ကိုယ်စားပြု မြေနိမ့်မြေပြန့်တောက င၀န်ကြိုးဝိုင်းနဲ့ င၀န်(တိုးချဲ့)ကြိုးဝိုင်းမှာ ရှိပါတယ်။ ဒါကို အဆိုပြုထားတဲ့ လေညာအမျိုးသားဥယျာဉ်ထဲကို ပေါင်းပြီး ကာကွယ်တော ဖြစ်လာစေချင်ပါတယ်''ဟု BANCA က ပြောပါသည်။
တနင်္သာရီတိုင်းဒေသကြီး င၀န်ကြိုးဝိုင်း၌ မြေနိမ့်မြေပြန့်တောများ ၁၁၅၃၄၉ ဧကတည်ရှိသည်ဟု မှတ်တမ်းများရှိခဲ့ကာ လက်ရှိတွင် ယင်းထက် လျော့နည်းနိုင်ခြေရှိနေသည်ဟု သိရှိရသည်။
မြေနိမ့်မြေပြန့်တောများအတွင်း သစ်ကို အလွန်အကျွံ ထုတ်လုပ်ခြင်း၊ စက္ကူစက်များအတွက် ပျော့ဖတ်တွင် အသုံးပြုရန်သစ်များ အလွန်အကျွံ ခုတ်လှဲခြင်းနှင့် ရော်ဘာနှင့် ဆီအုန်းစိုက်ပျိုးခြင်းကြောင့် ဂျာဗားရှိ တောများ ရာနှုန်းပြည့် ပျက်သုဉ်းသွားပြီဖြစ်ကာ ထိုင်းနိုင်ငံ၌လည်း ၉၈ ရာခိုင်နှုန်းကျော် ပျက်သုဉ်းပြီးဖြစ်သည်။
Eleven Media မှ ဖြစ်သည်။











Leave a comment