အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၄
နှစ်အတွင်း ပထမဆုံး နိုင်ငံတကာ ခရီးစဉ်အဖြစ် ယနေ့ညနေ ၇ နာရီ ၄၅ မိနစ်
အချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် TG-306 လေယာဉ်ဖြင့်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထွက်ခွာရန် ရှိပြီး ၎င်းနှင့်အတူ NLD
ပါတီဝင် အချို့လိုက်ပါရန် ရှိကြောင်း ရန်ကုန်မြို့ လေယာဉ် လက်မှတ...် အရောင်း ကိုယ်စားလှယ်များထံမှ စုံစမ်းသိရှိ ရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် NLD တာဝန်ရှိသူများသည် ယနေ့ည ကိုးနာရီ မိနစ် ၄၀ အချိန်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရှိ သုဝဏ္ဏဘူမိ လေဆိပ်သို့ ရောက်ရှိမည် ဖြစ်ကြောင်းနှင့် လေဆိပ်တွင် သတင်းစာ ရှင်းလင်းပွဲနှင့် မိန့်ခွန်းပြောရန် အစီအစဉ် တစုံတရာ မရှိဟု သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၃၀ ရက် ဘန်ကောက်မြို့၌ စတင် ကျင်းပမည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်သို့ တက်ရောက် မိန့်ခွန်းပြောမည် ဖြစ်ပြီး ထိုင်း - မြန်မာ နယ်စပ်ရှိ မယ်လ ဒုက္ခသည် စခန်းသို့လည်း သွားရောက် လေ့လာရန် ရှိကြောင်း NLD ပါတီဝင် အချို့က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဘန်ကောက်မှ ရန်ကုန်မြို့သို့ ဇွန်လ ၃ ရက်နေ့တွင် ပြန်လည် ရောက်ရှိမည် ဟု ဘန်ကောက်မှ လာသော သတင်းများအရ သိရှိရသည်။
Copy From The Voice

Leave a comment