နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးကို စွပ်စွဲချက်အဆိုအား ဆက်လက်အရေးယူ ဆောင်ရွက်နိုင်ရန် ပြည်သူ့လွှတ်တော်တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၃ဦး၏ ထောက်ခံချက်ဖြင့် အတည်ဖြစ်ခဲ့သော နိုင်ငံတော်ဖွဲ့စည်းပုံ
အခြေခံဥပဒေဆိုင်ရာ ခုံးရုံးကို စွပ်စွဲချက်အဆိုအား ပြည်သူ့လွှတ်တော်တွင်
ဆက်လက်အရေးယူ ဆောင်ရွက်နိုင်ရန် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကြောင်း
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သြဂုတ်လ၂၉ ရက်နေ့တွင်ကျင်းပသည့်
ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ''အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကနေ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ သ၀ဏ်လွှာတစ်စောင် ပေးပို့ခဲ့ပါတယ်။ ဒီသ၀ဏ်လွှာမှာ ၂၀၁၂ သြဂုတ်လ ၂၉ ရက်နေ့မှာ မိမိထံ ပေးပို့လာတာ ဖြစ်ပါတယ်။ အကြောင်းအရာက နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား စွဲချက်ပေးပို့ခြင်းဖြစ်ပါတယ်။ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၃၄ ပုဒ်မခွဲ(က) ပုဒ်မခွဲ ၂ အရ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်းနှင့် ပုဒ်မခွဲငယ် ၅ အရ ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်နိုင်ခြင်းကြောင့် ယင်းတို့အား စွပ်စွဲပြစ်တင်သည့် အရေးကြီးအဆိုကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၂ ဦးက လက်မှတ်ရေးထိုးပြီး ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ ပထမအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၃၃ ရက်နေ့မြောက်တွင် ကိုယ်စားလှယ် ၁၆၂ ဦးကိုယ်စား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့ပါသည်။ အရေးကြီးအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အတည်ပြုချက်ရယူရာ၌ ရှိရင်းစွဲ လွှတ်တော် ကိုယ်စားလှယ် ၂၂၃ ဦးအနက် သုံးပုံ နှစ်ပုံကျော်ဖြစ်သော ၁၆၃ ဦးက နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးနှင့်အဖွဲ့ဝင်များအား စွပ်စွဲပြစ်တင်သည့်အဆိုကို ထောက်ခံဆန္ဒပြုခဲ့ကြသည်။ သို့ဖြစ်ပါ၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၇၀ ပုဒ်မခွဲ(ဃ)အရ အဆို သည် အတည်ဖြစ်ပါသဖြင့် အမျိုးသားလွှတ်တော်၏ စွပ်စွဲချက်ကို ပြည်သူ့လွှတ်တော်က ဆက်လက်အရေးယူ ဆောင်ရွက်နိုင်ပါရန် အကြောင်းကြားပါသည်''ဟု သ၀ဏ်လွှာတွင်ပါရှိကြောင်း ပြောကြားခဲ့သည်။
သ၀ဏ်လွှာနှင့်တကွ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၂ ဦး၏ လက်မှတ်ရေးထိုး တောင်းဆိုချက်များကို အမျိုးသားလွှတ်တော်မှ ပူးတွဲပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက်သ၀ဏ်လွှာအရ ပြည်သူ့လွှတ်တော်တွင် ဆက်လက်အရေးယူဆောင်ရွက်နိုင်ရန် ပြည်သူ့လွှတ် တော်တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အဖွဲ့ဝင် ၁၉ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး၊ အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ''အမျိုးသားလွှတ်တော်၏ ဆုံးဖြတ်ချက်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၇၁၊ ပုဒ်မ ၃၃၄ တို့အရ ဆက်လက်အရေးယူဆောင်ရွက်ရန် အမျိုးသားလွှတ်တော်က ပြည်သူ့လွှတ်တော်သို့ ပေးပို့လာပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၇၁ နှင့် ၃၃၄ တို့အရ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအပေါ် အရေးယူဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းလိုက်သည်ဟု ပြောကြားခဲ့သည်။
အဆိုပါအဖွဲ့တွင် ဦးနန္ဒကျော်စွာ (ဥက္ကဋ္ဌ)နှင့်အဖွဲ့ဝင်များအဖြစ် ဦးတီခွန်မြတ်၊ သူရဦးအောင်ကို၊ ဒေါက်တာစိုးရင်၊ ဦးသောင်း၊ ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဒေါ်ဒွဲဘူ၊ ဦးမောင်ဦး၊ ဒေါ်နန်းဝါနု၊ ဦးဘရှိန်၊ ဒေါ်မြင့်မြင့်သန်း၊ ဒေါ်နန်းစေအွာ၊ ဒေါ်တင်နွယ်ဦး၊ ဦးစိုးဝင်းတို့ ပါဝင်ကြသည်။ စုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား ရက်ပိုင်းအတွင်း ခေါ်ယူစစ်ဆေး ကြားနာသွားမည်ဖြစ်ကြောင်း သိရှိရသည်။
Copy From The Eleven Media Group

Leave a comment