တက္ကသိုလ်ငါးခုအတွင်း လမ်းပြုပြင်ခြင်း၊ သန့်စင်ခန်းဆောက်လုပ်ခြင်းနှင့် ခြံစည်းရိုးပြန်လည်ကာရံ မွမ်းမံခြင်းတို့အတွက် ငွေကျပ် ၄၄၉ သန်းခန့်သုံးစွဲရန် လျာထား

၂၀၁၂ ခုနှစ် ဇူလိုင်လအတွင်းက ဒဂုံတက္ကသိုလ် ကျောင်းသားရေးရာ၌ ကျောင်းသားကျောင်းသူများ ကျောင်းအပ်နှံနေစဉ်
ယခုဘဏ္ဍာရေးနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ တက္ကသိုလ်ငါးခုအတွင်းရှိ လမ်းများပြုပြင်ခြင်း၊ သန့်စင်ခန်းအချို့ ဆောက်လုပ်ခြင်းနှင့် ခြံစည်းရိုးများ ပြန်လည်ကာရံမွမ်းမံခြင်း စသည့်လုပ်ငန်းများအတွက် ငွေကျပ်သန်းပေါင်း ၄၄၉ သန်း သုံးစွဲရန် လျာထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ စီးပွားရေး တက္ကသိုလ် (ရွာသာကြီး)၊ ရန်ကုန် ပညာရေးတက္ကသိုလ်၊ ဒဂုံ တက္ကသိုလ်၊ အရှေ့ပိုင်းတက္ကသိုလ်နှင့် အနောက်ပိုင်း တက္ကသိုလ်တို့အတွင်းရှိ လမ်းများနှင့်ခြံစည်းရိုးများအား ပြန်လည်ပြုပြင်မည်ဖြစ်ပြီး ယခုဘဏ္ဍာရေးနှစ်အတွင်း အပြီးပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စီးပွားရေး တက္ကသိုလ် (ရွာသာကြီး)၏ မျက်နှာစာအုတ်ခြံစည်းရိုး ပြုလုပ်မည်ဖြစ်ပြီး လေးခန်းတွဲသန့်စင်ခန်းတစ်ခု အသစ်ဆောက်လုပ်ပေးမည်ဖြစ်ကာ တက္ကသိုလ် ပင်မဆောင်ပတ်လည် ဆေးသုတ်ခြင်း၊ ကျောင်းပတ်လည် ခြံစည်းရိုးဆေးသုတ်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်၊၊ ဒဂုံတက္ကသိုလ်အတွင်းရှိ ကတ္ကရာလမ်းအချို့အား ပြုပြင်မည်ဖြစ်ပြီး အရှေ့ပိုင်းတက္ကသိုလ်၏ ၀န်းပတ်လည်တွင် ခြံစည်းရိုးကာရံရန် ရှိကြောင်း၊ အနောက်ပိုင်း တက္ကသိုလ်တွင်လည်း ခြံစည်းရိုးကာရန်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းတက္ကသိုလ်များတွင် ယခုကဲ့သို့ ပြုပြင်မှုများပင်မကဘဲ တက္ကသိုလ်တက်ရောက်သည့် ကျောင်းသားကျောင်းသူများအတွက် သင်ကြားရေး အထောက်အကူပြုပစ္စည်းများ ဖြည့်တင်းခြင်း၊ ကျောင်းဆောင်များ တိုးချဲ့ပေးခြင်း၊ တက္ကသိုလ်များအတွင်း အဆောင်များပြန်လည်ဖွင့်လှစ်ပေးရန် အစီအစဉ်များရှိ၊ မရှိကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူအား မေးမြန်းရာ နောက်ပိုင်းပြုလုပ်ပေးရန် အစီအစဉ်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ယခုဘဏ္ဍာရေးနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၏ ပညာရေးအသုံးစရိတ်မှာ ၂၀၁၁-၂၀၁၂ နှစ်ထက် ၂ ဒသမ ၄ ဆကျော် ပိုမိုရရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်က ပညာရေးကဏ္ဍအတွက် အသုံးစရိတ်ခွင့်ပြုငွေ ၃၁၀၄၀၁ ဒသမ ၆၉၈ သန်းရရှိခဲ့သော်လည်း ယခု ၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွက်မူ အသုံးစရိတ်ခွင့်ပြုငွေ ၇၅၂၀၆၆ ဒသမ ၅၉၀ သန်း ရရှိခဲ့ကြောင်း သိရသည်။
Copy From Eleven Media Group Web Page

Tags:
ပညာရေး
Leave a comment