282
ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် တည်ဆောက်နေသည့် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ အဆင့်မြင့်အားကစားကွင်း စီမံကိန်းအား အောက်တိုဘာလအတွင်းက တွေ့ရစဉ်
လာမည့် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်) အတွက် ရန်ကုန်မြို့၌ ကစားနည်း ၁၁ မျိုး ယှဉ်ပြိုင်မည်ဖြစ်ပြီး အားကစားကွင်း ခုနစ်ကွင်းနှင့် ခန်းမနှစ်ခုတို့ကို အသုံးပြုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ရန်ကုန်မြို့တွင် ဘောလုံး၊ ဖူဆယ်(ကျား၊မ)၊ ကြက်တောင်၊ တင်းနစ်၊ ဂျွမ်းဘား၊ သေနတ်ပစ်၊ ခြင်းလုံး၊ နပန်း၊ ကာယဗလ၊ စားပွဲတင်တင်းနစ်၊ စစ်တုရင် ကစားနည်းများကို ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ ဘောလုံးအတွက် သုဝဏ္ဏဘောလုံးကွင်း၊ ဖူဆယ်အတွက် လှိုင်မြို့နယ်ရှိ ဖူဆယ်ကစားကွင်း၊ ကြက်တောင်ကစားနည်းအတွက် လမ်းမတော်မြို့နယ်ရှိ ကြက်တောင်အားကစားခန်းမ၊ တင်းနစ်အတွက် တက္ကသိုလ် တင်းနစ်ကွင်း၊ ဂျွမ်းဘားကစားနည်းအတွက် သုဝဏ္ဏအားကစားရုံ၊ သေနတ်ပစ်အတွက် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ သေနတ်ပစ်ကွင်း၊ ခြင်းလုံးနှင့် နပန်း ကစားနည်းများအတွက် သိမ်ဖြူကွင်း၊ ကာယဗလနှင့် စားပွဲတင်တင်းနစ်တို့အတွက် မြန်မာကွန်ဗင်းရှင်းစင်တာ (MCC)၊ စစ်တုရင်ကစားနည်း အတွက် Central of Traders တို့ကို အသုံးပြုသွားမည်ဟု သိရသည်။
ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် အဆိုပါကစားကွင်းများကို အသုံးပြုသွားမည် ဖြစ်သောကြောင့် ကစားကွင်းပတ်ဝန်းကျင် နေရာများအား သန့်ရှင်းစိမ်းလန်း လှပရေးအတွက်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။  ယင်းလုပ်ငန်းများကို အဓိကအနေဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တာဝန်ယူ ပြုလုပ်သွားမည်ဟု သိရှိရသည်။
ဆီးဂိမ်းစ်ပြိုင်ပွဲ ကျင်းပရေးကော်မတီ အနေဖြင့် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်အတွက် ပြုလုပ်သည့် ပထမအကြိမ် အစည်းအဝေးကို နေပြည်တော်၌ ပြီးခဲ့သည့် လပိုင်းအတွင်းက ပြုလုပ်ခဲ့သည်။ ယင်းပြိုင်ပွဲအတွက် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြုလုပ်သွားမည်ဖြစ်ကာ အစည်းအဝေးတွင် ပြိုင်ပွဲနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များအား ထုတ်ပြန်သွားမည် ဖြစ်သည်။ လတ်တလော သတင်းများအရမူ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဆီးဂိမ်းစ်ပြိုင်ပွဲကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ငွေဆောင်တို့တွင် ပြုလုပ်မည်ဖြစ်သည်။


Copy From Eleven Media Group Web Page
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free