မြန်မာ့လေကြောင်းမှ သက်တမ်းရင့်လေယာဉ်များ နေရာတွင် အစားထိုးမည့် EMBRAER 190 လေယာဉ်သစ်တစ်စီး ရန်ကုန်မြို့သို့ ရာက်ရှိ
မြန်မာ့လေကြောင်းမှ ၀ယ်ယူထားသော EMBRAER 190 လေယာဉ်သစ်တစ်စီးသည် ၂၀၁၂
ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း
သတင်းရရှိပါသည်။
နိုင်ငံပိုင် လေကြောင်းလိုင်းဖြစ်သည့် မြန်မာ့လေကြောင်းသည် လက်ရှိအသုံးပြုနေသည့် သက်တမ်းရင့် လေယာဉ်များနေရာတွင် လေယာဉ်သစ်များ အစားထိုးပျံသန်းပြေးဆွဲရန် ဆောင်ရွက်လျက်ရှိပြီး ပထမဆုံးအနေဖြင့် EMBRAER 190 လေယာဉ်သစ်နှစ်စီးအား အမေရိကန်နိုင်ငံ GE Capital Aviation Services ကုမ္ပဏီမှ အငှားဝယ်ယူသည့် စနစ်ဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်သည်။
''EMBRAER 190 လေယာဉ်က ခရီးသည် ၁၀၀ တင်ဆောင်နိုင်မှာဖြစ်ပြီး ပြည်တွင်းခရီးစဉ်တွေအပြင် ဗုဒ္ဓဂါယာ၊ ချင်းမိုင်မြို့တွေကိုပါ ခရီးစဉ်တွေ ပြေးဆွဲဖို့ စီစဉ်ထားပါတယ်။ စင်းလုံးငှား ခရီးစဉ်တွေကိုလည်း လက်ခံပေးသွားဖို့ ရှိပါတယ် '' ဟု မြန်မာ့လေကြောင်းမှ အထွေထွေမန်နေဂျာ ဦးသန်းထွဋ်က ပြောပါသည်။
ယခုရောက်ရှိလာသည့် ဘရာဇီးနိုင်ငံလုပ် EMBRAER 190 လေယာဉ်များသည် Air-Bus A 320 လေယာဉ်များထက် ထိုင်ခုံနေရာ ကျယ်ဝန်းခြင်း၊ လေယာဉ်အပိုပစ္စည်းဈေးနှုန်း သက်သာခြင်းနှင့် လေယာဉ်ပျံသန်းမှု သမိုင်းတွင် မတော်တဆ ထိခိုက်မှု တစ်ကြိမ်တည်းသာ ဖြစ်ခဲ့ခြင်း စသည့်အချက်များကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးရှိ လေကြောင်းလိုင်းများမှ ၀ယ်ယူရန် စိတ်ဝင်စားလာကြောင်း သိရသည်။
မြန်မာ့လေကြောင်းအနေဖြင့် ရောက်ရှိလာသည့် ခရီးသည် ၁၀၀ ဆံ့ EMBRAER 190 လေယာဉ်နှစ်စီးအား အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ၊ ထိုင်းနိုင်ငံ ချင်းမိုင်နှင့် ပြည်တွင်း၌ အသုံးပြုနေသည့်နှစ် ၃၀ ကျော်သက်တမ်းရှိ F-28 လေယာဉ်များနေရာတွင် အစားထိုးပြေးဆွဲသွားမည်ဟု သိရသည်။
မြန်မာ့လေကြောင်းတွင် လေယာဉ်အမျိုးအစား လေးမျိုးဖြစ်သည့် F-28 သုံးစီး၊ ATR သုံးစီး၊ MA-60 သုံးစီး၊ Beech-1900D နှစ်စီး ရှိသည့်အနက် F-28 လေယာဉ်များမှာ သက်တမ်းရင့်လာပြီဖြစ်သဖြင့် EMBRAER190 လေယာဉ်သစ်များဖြင့် အစားထိုးပြေးဆွဲနိုင်ရန် လေယာဉ်သစ်များကို အငှားဝယ်ယူခဲ့ခြင်းဖြစ်သည်။
Copy From Eleven Media Group Web Page

Tags:
ဗဟုသုတ
Leave a comment