ကရင်အမျိုးသား အစည်းအရုံး (KNU) အဖွဲ့၏ ၁၅ ကြိမ်မြောက် ညီလာခံအပြီးတွင် လူ့အခွင့်အရေးကော်မတီတစ်ရပ် ဖွဲ့စည်းသွားရေး သဘောထား ချမှတ်ခဲ့
ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့၏ ၁၅ ကြိမ်မြောက် ညီလာခံအပြီးတွင်
လူ့အခွင့်အရေး ကော်မတီတစ်ရပ် ဖွဲ့စည်းသွားရေး သဘောထား ချမှတ်ခဲ့ကြောင်း
ယနေ့ (ဒီဇင်ဘာလ ၂၇ ရက်နေ့) တွင် KNU အဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ
သိရသည်။
အဆိုပါ လူ့အခွင့်အရေးကော်မတီကို စီးပွားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများ ချမှတ်သွားရန်နှင့် ပြည်သူလူထု၏ နစ်နာမှုများကို အကာအကွယ် ပြုနိုင်ရေးအတွက် ရည်ရွယ်ဖွဲ့စည်းရခြင်းဖြစ်ကြောင်း သိရသည်။
KNU အဖွဲ့၏ တွဲဖက်အတွင်းရေးမှူး (၂) အသစ်ဖြစ်သူ ပဒိုမန်းမန်းက ''သီးခြားလွတ်လပ်တဲ့ လူ့အခွင့်အရေးအဖွဲ့နဲ့ အခြားလူမှုအဖွဲ့အစည်းတွေက တင်ပြလာတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးယူဆောင်ရွက်နိုင်ဖို့ KNU မှာ ဒီလူ့အခွင့်အရေးကော်မတီကို ဖွဲ့စည်းခြင်းဖြစ်သည် '' ဟု ပြောကြားခဲ့ ကြောင်းသိရသည်။
နိုဝင်ဘာလ ၂၉ ရက်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အင်အားသုံးနှိမ်နင်းခဲ့မှုနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေးအတွက် စိုးရိမ်ကြောင်း တွဲဖက်အတွင်းရေးမှူး (၂) ပဒိုမန်းမန်းက ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ လူ့အခွင့်အရေးကော်မတီကို မကြာမီပြုလုပ်မည့် KNU ဗဟိုကော်မတီ အစည်းအဝေးတွင် အသေးစိတ်ညှိနှိုင်းကာ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းနှင့် ဖွဲ့စည်းပြီးပါက လုပ်ငန်းစဉ်များနှင့် ပတ်သက်၍လည်း KNU အလုပ်အမှုဆောင်အဖွဲ့အား ပြန်လည်ချပြသွားမည်ဖြစ်ကြောင်း သိရသည်။
KNU အဖွဲ့၏ ထုတ်ပြန်ချက်တွင် ''လက်ရှိမြန်မာနိုင်ငံ၌ အစိုးရအဖွဲ့မှ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေချိန်တွင် လူထုလှုပ်ရှားမှုအား အကြမ်းဖက်နှိမ်နင်းခဲ့ကြောင်း၊ ယင်းအကြမ်းဖက်နှိမ်နင်းမှုနှင့် ပတ်သက်ပြီး ဖြစ်ရပ်မှန်များ ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းခဲ့သည်ကို ကြိုဆိုသော်လည်း စိုးရိမ်မှုများရှိနေကြောင်း'' စသည်တို့ ပါဝင်သည်ဟု သိရသည်။
KNU အဖွဲ့၏ ၁၅ ကြိမ်မြောက်ညီလာခံကို ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၂၆ ရက်နေ့အထိ ကရင်ပြည်နယ် ဘားအံခရိုင် တပ်မဟာ (၇) KNU နယ်မြေတွင် ပြုလုပ်ခဲ့ကြောင်းနှင့် ယင်းညီလာခံသို့ ကိုယ်စားလှယ် ၁၇၁ ဦးနှင့် လေ့လာသူ ၇၄ ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
Copy From Eleven Media

Tags:
နိုင်ငံရေး
Leave a comment