ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်တွင် ခရီးသည်တင် မော်တော်ဘုတ်တစ်စီး ယမန်နေ့ညနေပိုင်းက နစ်မြုပ်သွားခဲ့ရာ လူနှစ်ဦးသေဆုံးပြီး ခြောက်ဦးပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

မော်တော်ဘုတ်မှာ တောင်ကုတ်မြို့က ဦးရွှေမြင့်ပိုင် ဖြစ်ပြီး တောင်ကုတ်မှနေပြီး ရမ်းဗြဲနှင့် မြေပုံမြို့သို့ ဦတည်ခုတ်မောင်းလာစဉ် ရမ်းဗြဲမြို့နယ် ကလိန်တောင် မြစ်အတွင်း ယမန်နေ့ညနေ ၄ နာရီကျော်ခန့်က နစ်မြုပ်သွားခဲ့ခြင်း ဖြစ်သည်။

" အခု အချိန်ထိ ၅နှစ်အရွယ် ကလေးတဦးနဲ့ အဖွားကြီးတဦး အလောင်းကိုရရှိထားပြီး ပါပြီ။ ခြောက်ဦးကတော့ ခုချိန်ထိ ပျောက်ဆုံးနေတယ်။ ၂၉ ဦး ကိုတော့ အနီးအနားက ပိုက်သမားတွေက ကယ်တင်နိုင်လိုက်ပါတယ်"ဟု မြေပုံ ဒေသခံတဦးက နိရဉ္စရာသို့ ပြောသည်။

ဆယ်ယူရရှိထားသည့် အလောင်းနှစ်လောင်းကို ယခုအခါ ရမ်းဗြဲဆေးရုံသို့ ဆေးစစ်ရန် ပို့ဆောင်လိုက်ပြီဟု သူက ပြောသည်။

ပျောက်ဆုံးနေသော လူခြောက်ဦးကို လိုက်လံရှာဖွေနေသော်လည်း ယခု အချိန်ထိ ရှာဖွေ မတွေ့ သေးကြောင်း သိရသည်။

မော်တော်ဘုတ်မှာ ရမ်းဗြဲမြို့နယ် သရက်ချောင်း ပိုက်ဆိပ်မှ (၁) မိုင်အကွာ ကလိန်တောင် မြစ်ကို ဖြတ်စဉ် လေပြင်းတိုက်ခတ်လာပြီး လိုင်းများ ၀င်ရောက်လာရာမှ နစ်မြုပ်သွားခြင်း ဖြစ်ကြောင်း သူက ပြောသည်။

" အသက်ဘေးက လွှတ်မြောက်လာတဲ့ သူတွေ အပြောအရ သိရတာက လေနဲ့ အတူ လိုင်းက ပါလာတယ်။ အစပိုင်းမှာတော့ လိုင်းမရှိဘူးဆိုပြီး မြစ်ကို ဖြတ်တာ ဖြစ်တယ်။ မြစ်လယ်ရောက်တော့ လေနဲ့ အတူ လိုင်းတွေ ပါလာတော့ ပထမ လိုင်းတစ်လုံးမှာ လှေက နည်းနည်းစောင်းသွားတယ်။ ဒုတိယ တစ်လုံးနဲ့ တတိယ တစ်လုံးက ဆင့်ပြီး ဆင့်ပြီး ၀င်လာတော့ မော်တော်က စုန်းစုန်းကို မြုပ်သွာတာတဲ့။ လူတွေက ကယ်ပါ ကူပါဆိုတော အနီးအနားက ပိုက်သမားတွေက သွားကယ်တော့ တော်တော်များများကိုတော့ ကယ်တင်နိုင်ခဲ့ပေမယ့် တချို့ကိုတော့ မကယ်တင်နိုင်ခဲ့ပါဘူး" ဟု ပြောသည်။

ယခု မော်တော်ဘုတ်နစ်မြုပ်ရာ ကလိန်တောင် မြစ်မှာ လိုင်းအရမ်းဆိုးပြီး ဒေသအခေါ် ရမ်းပေါက်လေ ( အနောက်တောင်လေ) တိုက်ခတ်သည့် အချိန်တွင် လိုင်းကြီးပြီး မော်တော်ဘုတ်များ မကြာခဏ နစ်မြုပ်လေ့ရှိကြောင်း သိရသည်။ လွန်ခဲ့သောနှစ်ကလည်း ရမ်းဗြဲ မြို့နယ် ကျောက်နီမော်မှ ဦးမောင်ငိုပိုင် မော် တော်ဘုတ် နစ်မြုပ်သွားသဖြင့် လူ (၂) ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free