ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၂ ခု ဧပြီလ ၆ ရက်နေ့တွင် နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။ ဆရာကြီး ဦးစောမြအောင်နှင့် ဆရာကြီး ဦးဦးသာထွန်း ALD ကို စတင်တည်ထောင်ခဲ့သူများ ဖြစ်သည်။ ဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီသဖြင့် ရွေးကောက်ပွဲ ကော်မရှင်က ရခိုင်ဒီမိုကရေစီ အဖွဲချုပ်ကို တရားဝင် နိုင်ငံရေး ပါတီအဖြစ် ဧပြီလ ၆ ရက်နေ့က အသိအမှတ် ပြုလိုက်ကြောင်း ဧပြီလ ၇ ရက် နေ့စွဲဖြင့် ထုတ်ဝေသော အစိုးရ သတင်းစာများတွင် ဖေါ်ပြသည်။ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ALD သည် ၁၉၉၁ ခုနှစ်တွင် စစ်အစိုးရမှ တရားဝင်ပါတီအဖြစ် ဖျက်သိမ်း ခံလိုက်ရပြီး နောက်ပိုင်း အရပ်သား အစိုးရလက်ထက် ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့တွင် တရားဝင် နိုင်ငံရေးပါတီ အဖြစ် ရပ်တည်ရန် မှတ်ပုံတင်ခဲ့ရာ ရွေးကောက်ပွဲကော်မရှင်က ယခုအခါ နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့် ပြုလိုက်ခြင်း ဖြစ်သည်။ ယခုကဲ့သို့ တရားဝင်နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့် ရရှိပြီးနောက်ပိုင်း ALD ပါတီအနေဖြင့် အနာ ဂတ် လုပ်ဆောင်သွားမည့် အစီအစဉ်နှင့် ပတ်သက်ပြီး ALD ပါတီ ဥက္ကဌ ဦးသာဘန်းက နိရဉ္စရာသို့ ပြောသည်။ " ALD သည် အနာဂတ်မှာ နိုင်ငံရေးသဘောတရားအရ ဒီမိုကရေစီအရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းတွေကို နိုင်ငံရေးမူအရ လုပ်သွားမယ်။ ရခိုင်ပြည်နယ် အတွက်ဆိုရင် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးကိစ္စတွေကို လုပ်သွားမယ်။ အခုလို တရားဝင်ပါတီ ဖြစ်လာတဲ့အခါမှာ အဓိက တိုင်းရင်းသားတွေရဲ့ စီးပွားရေး တိုးတက်ရေး၊ အထူးသဖြင့် လယ်သမားတွေ၊ တံငါ လုပ်သားတွေအတွက် ကြိုးစားသွားမှာ ဖြစ်ပါတယ်။ အဲဒါအပြင် နိုင်ငံတကာနဲ့ ဆက်သွယ်ပြီးတော့ ရခိုင်ပြည်မှာ လယ်ယာလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး အတွက် NGO လို့ ခေါ်တဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့တွေနဲ့ ပေါင်းပြီး လုပ်ဖို့ အစီအစဉ်ရှိပါတယ်" ဟု ပြောသည်။ ၎င်းအပြင် ALD ပါတီအနေဖြင့် တိုင်းရင်းသားပါတီများနှင့် ယခင်က ပူးပေါင်းလုပ်ဆောင်ခဲ့သည့် အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ဦးသာဘန်းက ပြောသည်။ " ALD အနေနဲ့က တိုင်းရင်းသားတွေနဲ့ လက်တွဲပြီးတော့ လုပ်သလို NLD နဲ့လည်း လုပ်ဆောင် သွားပါမယ်။ ပထမ ဆုံးတော့ နိုင်ငံရေးအရ ဆွေးနွေးပြီးတော့ လုပ်ဆောင်သွားမယ်။ ဒေါ်အောင် ဆန်းစုကြည်နဲ့ ၁၉၈၉ ခု ဇူလိုင်လ ၁၅ ရက်မှာ တွေ့ဆုံပြီးတော့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိ ရေး မူတွေကို ဆွေးနွေးခဲ့တယ်။ အခုလည်းဘဲ အဲဒီမူအပေါ်မှာ ဆက်လက်ကိုင်စွဲပြီး ပူးပေါင်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။" ALD ပါတီအနေဖြင့် အလားတူ တခြား ရခိုင်ပါတီများနှင့် ပူးပေါင်း လုပ်ဆောင်သွား မည်ဟု ဦးသာဘန်းက ပြောသည်။ " ALD အနေနဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲနိုင်ခဲ့တယ်။ ဒါပေမယ့် အသိအမှတ် အပြု မခံရဘူး။ အမတ်တွေလည်း ထိန်းသိမ်းခံခဲ့ရတယ်။ အဲဒီလို နိုင်ငံရေးမုန်တိုင်းမှာ ကြံ့ကြံ့ခံ ရပ်တည်ခဲ့တဲ့ အဖွဲ့ အနေနဲ့ကတော့ ALD ဆိုတဲ့ နာမည်ကိုတော့ ဖျက်ဖို့ဆိုတာ မဖြစ်နိုင်ပါ။ သို့သော် ပူးပေါင်းရေး အတွက်ကို ကြိုးပမ်းမယ်၊ ပူးပေါင်းရေးကိုလည်း လိုလားတယ်။ ပူးပေါင်းရေးအတွက် ဆွေးနွေးဖို့လည်း ပြင် ဆင်ထားတယ်" ဟု ဆက်ပြောသည်။ ၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲတွင် ရခိုင်ပြည်နယ်တွင် အနိုင်ရရှိခဲ့သော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ပတ်သက်ပြီး အမြင် သဘောထားကို နိရဉ္စရာက မေးမြန်းရာ ဦးသာဘန်းက ယခုကဲ့သို့ ပြောသည်။ " ပါတီတရပ်အနေနဲ့ ပြန်လည်ပေါ်ထွန်းလာတဲ့အချိန်မှာ ပါတီရဲ့ အစဉ်အလာ ကြီးခဲ့တာကို လေးစားတဲ့ အနေ နဲ့ ကျွန်တော်တို့ ပါတီနဲ့ ပူးပေါင်းမယ်ဆိုရင် ကြိုဆိုတယ်။ RNDP အနေနဲ့ ရခိုင်အမျိုးသားတွေ အတွက် လုပ်တာတွေကို လေးစားပါတယ်။ သို့သော် ပါတီနှစ်ရပ် ပူးပေါင်း ပြီးတော့ နာမည် ပြောင်းမယ်ဆိုရင် ငါတို့က အနစ်နာခံခဲ့တယ်။ ဘ၀လည်း ပျက်ခံခဲ့တဲ့ ပါတီ ဖြစ်တဲ့ အတွက် ALD နာမည်နဲ့သာ ရပ်တည်သွားမှာ ဖြစ်ပါတယ်။ ALD နဲ့ ပူပေါင်းပြီးတော့ ပါဝင်ချင်တဲ့ လူ ပါဝင်၊ မဟုတ်ရင် သက်သက် ပါတီ ထူထောင်ရင်လည်း ရခိုင်အမျိုးသားဆိုတဲ့ စိတ်ဓါတ်နဲ့ ရခိုင်သား အချင်းချင်း လက်တွဲလုပ်သွားဖို့ ရှိပါတယ်။" ALD တရားဝင်နိုင်ငံရေအဖြစ် အသိအမှတ်ပြုခံရခြင်း အပေါ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ၏ သဘေားထားကို ပါတီ အတွင်းရေးမှူး ဦးဦးလှစောက နိရဉ္စရာသို့ ယခုလို ပြောသည်။ " ကောင်းပါတယ်။ ကျွန်တော်တို့က ၀မ်းသာပါတယ်။ ALD ဆိုတာကလည်း ရခိုင်အမျိုးသားအတွက် ၈၈ နောက်ပိုင်းမှာ တတ်အားသမျှ လုပ်လာတဲ့ ပါတီတခုပါ။ ကျွန်တော် အဖေလည်း ALD မှာ မြောက်ဦးမြို့နယ်က ရွေးချယ်တင်မြှောက်ခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တယောက် ဖြစ်ပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း ALD မှာ အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့သူ တယောက်ဖြစ်ပါတယ်။ ခုလို ALD ပါတီကို ဖွဲ့ စည်းခွင့်ရတာ ကောင်းပါတယ်။ ကြိုဆိုပါတယ်။ ၀မ်းသာပါတယ်။" ပါတီ နှစ်ရပ် ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်ပြီးလည်း RNDP ၏ သဘောထားကို ဦးဦးလှစောက ယခုလို ပြောသည်။ " ကျွန်တော်တို့က ၂၀၁၅ မှာ ရခိုင်တမျိုးသားလုံးကို ကိုယ်စားပြုတဲ့ အမျိုးသားပါတီတရပ် ခိုင်ခိုင်မာမာ ပေါ်ထွန်းရေးဆိုတဲ့ မူကို ကိုင်စွဲထားပါတယ်။ အဲဒါကြောင့် လောလောဆယ်ကာလမှာ ပူးတွဲ ကော်မီတီတွေ ဖွဲ့စည်း ပြီးတော့ ရခိုင်ပြည်မှာ လက်ငင်းဖြစ်နေတဲ့ လယ်သိမ်းယာသိမ်း ပြဿနာတွေ၊ မတော်မတရား ဖိနှိပ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ၊ နောက်တခုက ရခိုင်မှာ အဓိက ကြုံနေရတဲ့ ဓါတ်ငွေ့ ပိုက်လိုင်း ပြဿနာတွေ အတွက် ALD ပါတီနှင့် ပူးပေါင်း လုပ်ဆောင် သွားဖို့ ဆန္ဒရှိပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်" ဟု ပြောသည်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီကို ၁၉၈၉ ခု စက်တင်္ဘာလ ၂၇ ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့သည်။ ၁၉၈၉ ခု အောက်တိုဘာလ ၂ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်ထံ မှတ်ပုံတင်ပြီး ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာ ရခိုင်ပြည်နယ်တွင် အမတ်နေရာ ၁၁ နေရာ အနိုင်ရရှိခဲ့သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free