မန္တလေးတွင် မွေးဖွားသည့် တရုတ် အမျိုးသား တစ်ဦးဖြစ်သော ထိုင်ဝမ်နိုင်ငံ အခြေစိုက် HTC မိုဘိုင်းဖုန်း ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Mr. Peter Chou နှင့် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များ ပူးပေါင်း၍ IT နည်းပညာများ ဖွံဖြိုးစေရန် စဥ့်ကူ ဖောင်ဒေးရှင်း ထူထောင်မည် ဖြစ်ကြောင်း မေလ ၁၉ ရက်နေ့က ရန်ကုန်မြို့တော် MICT Park ၌ ပြုလုပ်သော ဆွေးနွေးပွဲတွင် အဆိုပါ အမှုဆောင် အရာရှိချုပ်က ပြောကြားသည်။
လူငယ်များကို IT နည်းပညာ လုပ်ငန်းများ၌ သုတေသန ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နိုင်ရန် ၎င်းနှင့် UMFCCI ဒုတိယဥက္ကဋ္ဌ ဦးသောင်းတင်တို့ ရန်ပုံငွေ အဓိက ထည့်ဝင်၍ အခြား စိတ်ပါဝင်စားသူများ ပူပေါင်းကာ ဖောင်ဒေးရှင်း တစ်ရပ် ထူထောင်သွားမည် ဖြစ်ကြောင်း၊ ယင်းဖောင်ဒေးရှင်းမှ နည်းပညာ တီထွင်မှုများ ရူးသွပ်သော လူငယ်အုပ်စု တစ်ခု ထွက်ပေါ်လာရန် မျှော်လင့်ကြောင်း Mr. Peter Chou က ဖောင်ဒေးရှင်း ထူထောင်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းပြသည်။
အသေးစိတ် အစီအစဉ်များ မချမှတ်ရသေး သော်လည်း Mr. Peter Chou ထံမှ ကတိကဝတ်များ ရရှိပြီး ဖြစ်ကာ IT နယ်ပယ်၌ မြန်မာလူငယ်များ နောက်ထပ်တစ်ဆင့် မြင့်တက်သွားရန် ရည်ရွယ်ကြောင်း UMFCCI ဒုတိယ ဥက္ကဋ္ဌ ဦးသောင်းတင်က ၎င်းတို့ အစီအစဉ်ကို ပြောဆိုသည်။
အဆိုပါ HTC ကုမ္ပဏီ၏ CEO သည် ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန၊ စက်မှု ဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးများနှင့်လည်း တွေ့ဆုံခဲ့ကာ မြန်မာနိုင်ငံတွင် တိုးတက်သော တီထွင်မှုများ ပြုလုပ်နိုင်ရန် အကြံပြု ပြောကြားခဲ့သည်။
The Voice မှ ဖြစ်သည်။
Leave a comment