20120401 Vote NLD
ကြပ်ပြေးနေပြည်တော်က လစ်လပ် မဲဆန္ဒနယ်များတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ကိုယ်စားပြုလျှက် ဦးမင်းသူ၊ ဦးနိုင်ငံလင်း၊ ဒေါ်စန္ဒာမင်းနဲ့ ဦးဖြိုးဇေယျာသော် (အဆိုတော် ဇေယျာသော်) တို့က ဥတ္တရသီရိ၊ ဒက္ခိဏသီရိ၊ ဇမ္ဗူသီရိနဲ့ ပုဗ္ဗသီရိမြို့နယ်များရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများအဖြစ် ၀င်ရောက် ယှဉ်ပြိုင်နေပါတယ်။ ထို မဲဆန္ဒနယ် လေးခုဟာ လက်ရှိ မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန် အပါအ၀င် စစ်အုပ်ချုပ်ရေးလက်ထက်က အရေးပါ အရာရောက်တဲ့ စစ်ဗိုလ်ချုပ်ကြီးများ ရာထူးက နှုတ်ထွက်ကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် ၀င်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ မဲဆန္ဒနယ်များ ဖြစ်ပါတယ်။ ထို မဲဆန္ဒနယ်များတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လူငယ် လွှတ်တော်ကိုယ်စားလှယ်များ ၀င်ရောက်အရွေးခံခြင်းဟာ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲကာလ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွတ်ပါတီ) တို့အကြားက စိတ်ဝင်စားစရာကောင်းတဲ့ အားစမ်းမှု ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ယနေ့မြန်မာအနေနဲ့ ကြပ်ပြေးနေပြည်တော် မဲဆန္ဒနယ်တွေရဲ့ သတင်းတွေကို ၂၀၁၂ ဧပြီ ၁ ရက်နေ့ မနက်ပိုင်းကတည်းက ဆက်တိုက် ဆက်သွယ် မေးမြန်းခဲ့ပါတယ်။ အဲဒီလို မေးမြန်းထားချက်များအနက် နေ့လည်ပိုင်း အခြေအနေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ “ကိုမင်းသူရဲ့ ဥတ္တရသီရိမြို့နယ်မှာတော့ စစ်တပ်နေရာတွေက အခြေအနေ မကောင်ဘူး ဗျ။ အခြားနေရာတွေကတော့ အကုန် ကောင်းတယ် ခင်ဗျ။ မကောင်းဘူးဆိုတာက ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းအပိုင်မှာ ရှိတဲ့ လေကြောင်းရန် ကာကွယ်ရေးတပ်၊ တပ်ရင်းအမှတ် ၁၀၁၆ မှာ မဲပေးတဲ့နေရာမှာ မသမာတဲ့ နည်းတွေ ပေါ့ဗျာ။ မဲပေးမယ့်နေရာနဲ့ မဲထည့်တဲ့နေရာနဲ့ ပေ ၆၀ လောက် ကွာတယ်။ နောက်ပြီး သွားကြည့်တဲ့သူတွေကလည်း သူတို့ကို အသေအချာ ကြည့်လို့ မရဘူး။ သာမာန်ရပ်ကွက်တွေမှာတော့ မဆိုးပါဘူး။ တော်တော်လေး အဆင်ပြေတယ်။ နိုင်တာတွေ များတယ်။ စစ်တပ်ပိုင်းမှာ တော်တော်ရှုံးတယ် ဗျ။ ရှုံးတာက မဲက ၂၀၀ လောက်မှာ ကြံ့ခိုင်ရေးက ၁၉၇ မဲ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တမဲ၊ တစညက တမဲ၊ တမဲက ပယ်မဲ အဲဒီလို ဖြစ်သွားတယ် အစ်ကို။ ကော်မရှင်မှာ လုပ်တဲ့သူက ပြောတာကတော့ အမှန်ခြစ်တွေအားလုံးဟာ လက်ရာ တလက်ရာထဲတောင် ပြောလို့ရတယ်။ တပုံစံထဲတွေချည်းပဲ တဲ့၊ အဲဒီလို ပြောတယ် ဗျ။ ကျွန်တော်တို့ သွားတဲ့ နေရာတော်တော်များများက ကျေးရွာအာဏာပိုင်တွေက သူတို့ကိုယ်တိုင်ကလည်း လှိုက်လှိုက်လှဲလှဲနဲ့ ဘက်မလိုက်ဘူး ဗျာ။ ဘက်လိုက်တဲ့နေရာကျ ကျွန်တော်တို့ ၀င်တာကိုလည်း မကြိုက်သလို မချေမငံ ပြောဆိုတာတွေ ရှိတယ်။“ “ဒေါ်စန္ဒာမင်း ၀င်တဲ့ ဇဗ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ထိပ်မှာ ဇီဝိတသံဃာ့ဆေးရုံ ရှိတယ်။ ဆေးရုံထိပ်မှာ အေစီအီး ဆောက်လုပ်ရေးဆိုတာ အားကစားဝန်ကြီး ပိုင်တဲ့ ကုမ္ပဏီ၊ အဲဒီကုမ္ပဏီက ကားကြီးကားငယ်နဲ့ လိုက်ပို့ပေးတယ် ဗျာ။ ပို့ပေးတယ်တာ ပြဿနာ မဟုတ်ဘူး ဗျ။ သူတို့က ထမင်းထုပ် ပေးတယ်၊ စောင်တထည် ပေးတယ်။ ကြံ့ခိုင်ရေးကို မဲဆွယ်နေတာ။ ကျွန်တော် မနက်က တွေ့တော့ လှမ်းပြီး အကြောင်းကြားတော့မှ လူတွေလည်း သိ၊ မီဒီယာလည်း သိ၊ ၀ိုင်းပြီး ကန့်ကွက်တော့မှ နောက်ဆုတ်သွားတယ်။ လုပ်နေတာ ငါးနာရီခွဲလောက်ကတည်းက လုပ်နေတာ။ ကျွန်တော်တို့ သွားတွေ့တော့ ရှစ်နာရီခွဲလောက် ဖြစ်နေပြီ။ ၀န်ထမ်းကို ကျွေးတယ်ဆိုပေမယ့် သွားတဲ့သူကို ကျွေးတယ် ဗျာ။ စောင်တထည် ပေးတယ် ဗျာ။ ၀န်ထမ်းဆိုတာကလည်း ကျန်တဲ့ ကုမ္ပဏီတွေက မဲပေးလို့ မရဘူး။ သူတို့ကုမ္ပဏီက မဲပေးလို့ရတယ်။ စဉ်းစားကြည့်ပေါ့၊ ဘယ်လိုလုပ် တရားမျှတမှာလဲ။“ ဒါကတော့ နေ့လည်ပိုင်း ဆက်သွယ်မေးမြန်းချက်များထဲက တစိတ်တဒေသပဲ ဖြစ်ပါတယ်။ ကြပ်ပြေးနေပြည်တော် မဲဆန္ဒနယ်များက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်လွှတ်တော်အမတ်များရဲ့ မဲဆန္ဒနယ်များအနက် အခက်အခဲဆုံး မဲဆန္ဒနယ် နှစ်ခုကတော့ ဒေါ်စန္ဒာမင်း ၀င်ရောက် ယှဉ်ပြိုင်တဲ့ ဇမ္ဗူသီရိ မဲဆန္ဒနယ်နဲ့ ဦးဖြိုးဇေယျာသော် (အဆိုတော် ဇေယျာသော်) ၀င်ရောက် ယှဉ်ပြိုင်တဲ့ ပုဗ္ဗသီရိမြို့နယ်များပဲ ဖြစ်ပါတယ်။ အစောပိုင်းသတင်းများအရ ထို မဲဆန္ဒနယ်နှစ်ခုအနက် တခုမှာ ထောင်နဲ့ ချီတဲ့ ကြိုတင်မဲတွေ ရှိတယ်လို့ သိရပါတယ်။ အခု သတင်းရေးသားချိန် မြန်မာ စံတော်ချိန် ည ၇ နာရီ ဆက်သွယ် မေးမြန်းချက်များအရ ဦးနိုင်ငံလင်းအနေနဲ့ ဒက္ခိဏသီရိမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် မဲအနိုင်ရလိုက်ပြီ ဖြစ်သလို ဦးမင်းသူဟာလည်း ဥတ္တရသီရိ မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဖြစ်ဖို့ သေချာသလောက် ဖြစ်နေပါပြီ။ သို့သ်ာလည်း ဒေါ်စန္ဒာမင်းနဲ့ ဦးဖြိုးဇေယျာသော်တို့ကတော့ (အခြေအနေ ကောင်းသော်လည်း) ရင်တဖိုဖိုနဲ့ အဆုံးသတ် မဲအရေအတွက်ကို စောင့်နေကြရပါတယ်။ အဲဒီလို အခြေအနေ စောင့်ကြည့်နေကြသူ နှစ်ဦးအနက် ဒေါ်စန္ဒာမင်းက “ကျမ ဇမ္ဗူသီရိက စာရင်း မပိတ်သေးပါဘူး။ မဲရုံပေါင်း ၃၆ ရုံ ရှိတယ်။ ၂၅ ရုံ သိရပြီ။ ရုံ ၂၀ နိုင်တယ်။ ငါးရုံ ရှုံးတယ်။ မဲအရေအတွက် ကျမ များနေတယ်“ လို့ မဲရေတွက်တာကို စောင့်ကြည့်နေလျက် ယနေ့မြန်မာကို ပြောပြပါတယ်။(နောက်ဆက်တွဲသတင်းများအရ ကြပ်ပြေးနေပြည်တော် မဲဆန္ဒနယ် လေးခုစလုံးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများက အနိုင်ရရှိသွားကြောင်း သိရပါတယ်။)

ယနေ့မြန်မာ သတင်းဋ္ဌာနမှ ကူးယူဖော်ပြသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free