ဘဏ်စနစ်ထဲသို့ ရောက်လာသည့် အက်ဖ်အီးစီကို ပြန်မထုတ်သော နည်းလမ်းဖြင့် ပြန်လည်သိမ်းဆည်းနေပြီဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အက်ဖ်အီးစီအား ဖျက်သိမ်းသွားမည်ဟု ဗဟိုဘဏ်ဥက္ကဋ္ဌကြီးမှ တရားဝင် ထုတ်ဖော် ပြောဆိုမှုများရှိခဲ့ရာ မည်သည့်အချိန် နောက်ဆုံးထားကာ သိမ်းယူမည့်အပေါ် ဗဟိုဘဏ်မှ တာဝန်ရှိသူကပင် “သတိမထားမိကြလို့ပါ။ ဗဟိုဘဏ် အပါအဝင် ပုဂ္ဂလိကက ဘယ်ဘဏ်ကိုရောက်ရောက် ပြန်မှမထုတ်ပေးတော့တာ” ဟု ပြောသည်။ လှည့်လည်သုံးစွဲငွေများထဲမှ ၁၅ ကျပ်၊ ၄၅ ကျပ်နှင့် ကျပ် ၉၀ တန် ငွေစက္ကူကဲ့သို့ တဖြည်းဖြည်းသိမ်းယူသည့် နည်းလမ်းများဖြင့် ပပျောက်သွားရန် ဆောင်ရွက်သွားမည်ဖြစ်ရာ အက်ဖ်အီးစီမှာမူ အချိန်များစွာ ယူရမည်တော့မဟုတ်ဟု အထပ်ပါပုဂ္ဂိုလ်က ထပ်လောင်းပြောသည်။ နိုင်ငံတွင်း၌ အက်ဖ်အီးစီ စတင်ထုတ်စဉ် အခါကတည်းက ယာယီသဘောသာဖြစ်ပြီး ပြန်လည်သိမ်းမည့် အစီအစဉ်ရှိထားပြီး ဖြစ်သော်လည်း၊ အချိန်ကြာမြင့်သွားခဲ့ကြောင်း၊ ယခုမှာမူ အက်ဖ်အီးစီကို သိမ်းရန်ဆုံးဖြတ်ခဲ့မှုကြောင့် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ထပ်လောင်းဆိုသည်။ “အက်ဖ်အီးစီကို စထုတ်ကတည်းကိုက ပြည်တွင်းကို ရောက်လာတဲ့ နိုင်ငံခြားသားတွေ ငွေကြေးကိုင်ဆောင်သုံးစွဲရမှု အဆင်ပြေအောင် လုပ်ပေးထားတဲ့ သဘောပဲလေ။ အခုနိုင်ငံခြားငွေ လဲလှယ်တဲ့ ကောင်တာတွေကို လွတ်လွတ်လပ်လပ် ဖွင့်ပေးထားတဲ့အတွက် ဒီအက်ဖ်အီးစီကို ပြန်သိမ်းတဲ့သဘောပါပဲ။ လက်ရှိ ကိုင်တွယ်သုံးစွဲနေမှုနဲ့ ပတ်သက်လို့ ဘာပြဿနာမှ မဖြစ်စေရပါဘူး။ ဆက်သုံးနေလို့ ရပါတယ်။ ဘယ်သူ့အတွက် နစ်နာဆုံးရှုံးမှု မရှိစေအောင် စီစဉ်ထားတာပါ။ ဒီအတွက် ဘာမှစိုးရိမ်စရာ မရှိပါဘူး” ဟု ဗဟိုဘဏ်မှ တာဝန်ရှိသူက ဆက်လက်ပြောသည်။ ဗဟိုဘဏ်အနေဖြင့် အက်ဖ်အီးစီအား ဈေးကွက်မှ တဖြည်းဖြည်း ဖျက်သိမ်းသွားနေသည့်အပြင် အမျိုးမျိုးဖြစ်နေသော နိုင်ငံခြားငွေ လဲလှယ်နှုန်းထားအား တစ်မျိုးတည်းဖြင့် နှုန်းရှင်သတ်မှတ်သော ငွေကြေးမူဝါဒအား ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အစတွင် ပြောင်းလဲကျင့်သုံးသွားမည်ဟုလည်း ဗဟိုဘဏ်မှ သိရသည်။ ဗဟိုဘဏ် တာဝန်ရှိသူက “နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ ငွေကြေးစနစ်အတိုင်း သွားတဲ့သဘောပါပဲ” ဟု ပြောသည်။ စီးပွားရေးပညာရှင် ဒေါက်တာစိုးထွန်းက “ဒါကလည်း ကောင်းတဲ့ လက္ခဏာပါ။ ဒါကို ဗဟိုဘဏ်က ထိန်းညှိပေးဖို့တော့ လိုပါတယ်။ ဒါမှ ဈေးကွက်က လည်ပတ်နိုင်မှာပါ” ဟု ပြောပြခဲ့ကြကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၂၂ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်ဆိုဒ်မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free