အပူလွင်ပြင်ထဲက အေးရိပ်သာလေး



စာသင်နှစ်တစ်နှစ်ကုန်ဆုံးသွားပြန်ပြီ။ ကျောင်းသားမိဘများခဏတာအမောဖြေ ခွင့်ရသည်ဆိုရုံလေးရခဲ့ကြသည်။ မကြာမီ ရက်ပိုင်းအတွင်းမှာတော့ နောက်စာသင် နှစ်အတွက်လုံးပမ်းကြရပြန်ဦးတော့မည်။ မူကြိုကစ၍ ဘွဲ့လွန်တန်းတွေအထိ မဖြစ်  မနေကျူရှင်ယူနေကြရသောခေတ်မှာ မိဘ  များရင်မောကြရသည်မှာ မဆန်းတော့ သောအဖြစ်။
အတန်းပိုင်ဆရာ၊ ဆရာမဆီမှာတက်  ရသော မယူလျှင်မဖြစ်သည့်ကျူရှင်၊ အပြင် မှာယူရသော သာမန်ကျူရှင်၊ ၀ိုင်းကျူရှင် ၊ ဟုမ်းကျူရှင်၊  Guide ကျူရှင်၊ အနီးကပ် စပယ်ရှယ်ကျူရှင် အို စုံလိုက်သမှ စာသင်  ကျောင်းမှ အပဖြစ်သော အလုပ်အတွက်  ကျူရှင်၊ အင်္ဂလိပ်စကားပြောကျူရှင်၊ ဂျပန် တရုတ်စသောအခြားဘာသာကျူရှင် ဒါတွေ   ကလည်းတစ်ပုံတစ်ခေါင်း။
ကျူရှင်လခဆိုသည်ကလည်း ထောင်  ဂဏန်းဆိုတာမရှိတော့သလောက်။ ဖြစ် နေတာက သောင်းဂဏန်းမှသည်သိန်း ဂဏန်းအထိ။
ကျူရှင်အပူလှိုင်းတွေကြားမှာ ကျောင်း  သားနှင့် မိဘများမှာ အမောတကောကူး ခတ်နေလိုက်ကြရတာ။ ဦးပုညစာသားထဲ ကလို ““နစ်တုံပေါ်တုံ၊ တမှုံမွှားမွှား၊ ရဟတ်  ချားကဲ့သို့” ဖြစ်နေရရှာသည်။
ထိုထိုသောအပူလောင်ပြင်ကျယ်ကြီး ကို ဖြတ်သန်းနေရချိန်မှာပင်၊ မမျှော်လင့် ဘဲ အပူတွေဝိုင်းဝိုင်းလည်နေသည့်ကြားမှာ  “အေးရိပ်သာလေး” တစ်ခုကိုတွေ့လိုက်ရ သဖြင့်၊ မယုံနိုင်လောက်အောင်လည်းအံ့ သြရ၏။ ဖော်မပြတတ်အောင်လည်း ၀မ်းသာလှိုက်လှဲဖြစ်ရ၏။
(၂.၃.၂၀၁၂) ရက်က ကျွန်တော် သည် အလှူကိစ္စတစ်ခုဖြင့် မြောက်ဥက္က လာပမြို့နယ်၊ (င) ရပ်ကွက်၊ သန္တာလမ်း က ဘုန်းတော်ကြီးကျောင်းတစ်ခုသို့ရောက်  ရှိသွားသည်။ မာရ်အောင်တိုက်၊ သီရိဇေ ယျကျောင်းဖြစ်ပါ၏။ ကျောင်းတိုက်မှာ နှစ်ထပ်ကျောင်းဆောင်ဖြစ်သည်။ ကျောင်း  ၀င်ပေါက်ရောက်ရောက်ချင်းချင်းတအံ့ တသြဖြစ်ရသည်က များလှစွာသောဖိနပ် လေးတွေ။ အမျိုးအစားစုံ၊ အရောင်အသွေး စုံ၊ ဖိနပ်တွေက လူကြီးစီးဖိနပ်မဟုတ်၊ ကျောင်းသားအရွယ်လူငယ်လေးတွေစီး သောဖိနပ်များဖြစ်သည်။
ကျောင်းထဲဝင်လိုက်သည်နှင့် အင်္ဂလိပ် စာအော်သံတွေကြားလိုက်ရ၏။ ဘုန်းကြီး   ကျောင်းထဲမှာ အင်္ဂလိပ်စကားပြောသင် တန်းပေးနေခြင်းပင်။ ကျောင်းအောက် ထပ်မှာကျောင်းသူကျောင်းသားတွေ အပြည့် ပဉ္စမတန်းနှင့် အဋ္ဌမတန်းစာမေး ပွဲဖြေထားကြသူများဖြစ်၏။ ကျောင်းသား ဦးရေ (၁၆၅) ယောက် စာသင်ခုံတော့ မရှိ။ ကြမ်းခင်းပေါ်မှာထိုင်နေကြခြင်းဖြစ် သည်။ ပလတ်စတစ်ထိုင်ခုံလေးများအပေါ် စာအုပ်ထားတာအနည်းအကျဉ်းတွေ့ရ၏။ ဆရာမလေးတစ်ယောက်က ရှေ့ကတိုင် မှာထောင်ထားသော အဖြူရောင်သင်ပုန်း (White Board) မှာ စာရေးစနစ် အကူ ဆရာ၊ ဆရာမလေးအချို့က ကျောင်းသား လေးတွေ၏ နံဘေးမှာ၊ နောက်မှာအသင့်   ရပ်နေကြသည်။
ကျောင်းဆောင်အပေါ်ထပ်မှာလည်း ကျောင်းသူကျောင်းသားတွေအပြည့် သတ္တမတန်း၊ အဋ္ဌမတန်းနှင့် န၀မတန်း စာမေးပွဲဖြေဆိုပြီးသူများဖြစ်ကြသည်။ စုစုပေါင်း (၁၂၅) ယောက် ကျောင်းအပေါ် ထပ်မှာတော့ထိုင်ခုံရှည်အနည်းငယ်ကိုတွေ့ ရသည်။
ကျောင်းဆောင်နှင့် လမ်းတစ်ခုခြား နေသော တန်ဆောင်းထဲမှာလည်းကျောင်း  သူကျောင်းသားလေးတွေပြည့်လို့ သူတို့ ကတတိယတန်းနှင့် စတုတ္တတန်းစာမေးပွဲ ဖြေထားကြသူများဖြစ်သည်။ စုစုပေါင်း ကျောင်းသားဦးရေ (၁၃၀) သစ်သားထိုင် ခုံရှည်အချို့ကိုတွေ့ရသည်။
ဘုရားစေတီ၏ရင်ပြင်တော်တစ်ဖက် ခြမ်းမှာတော့ပလတ်စတစ်မိုးထားပြီး ပထမ တန်းနှင့် ဒုတိယတန်းဖြေပြီးသော ကျောင်း  သားကျောင်းသူလေးများကို အင်္ဂလိပ်စကား ပြောသင်ပေးနေသည်။ ထိုင်ခုံမရှိ။ ဘုရား ရင်ပြင်သမံတလင်းအခင်းပေါ်မှာ ထိုင်နေ  ကြခြင်းဖြစ်၏။ အရေအတွက်က (၁၃၀)။
နွေရာသီကျောင်းပိတ်ရက်တွင် သီရိ ဇေယျကျောင်း၌ ပထမတန်းမှန၀မတန်း အထိကျောင်းသူကျောင်းသားများကို အင်္ဂလိပ်စကားပြောသင်တန်းဖွင့်လှစ်သင် ကြားပေးနေခြင်းဖြစ်သည်။ ကျောင်းထိုင်  ဆရာတော်ဦးသောဘဏကနာယက၊ ဦးပဉ္စင်းဦးယုဇနကသင်တန်းတာဝန်ခံဖြစ် သည်။ သင်တန်းဆရာ၊ ဆရာမ (၂၅) ယောက်က အလှည့်ကျ တာဝန်ယူသင် ကြားပေးနေခြင်းဖြစ်၏။ သင်တန်းဆရာ  များမှာ ဆေးတက္ကသိုလ်အပါအ၀င်တက္ကသိုလ်  အသီးသီးတွင်ပညာဆည်းပူးနေကြသူများ ဘွဲ့ရလူငယ်များဖြစ်ကြပါ၏။ ဆရာဝန် ဖြစ်ခါစ (၃) ဦးပင်ပါရှိနေပါသေးသည်။
ကျောင်းသူကျောင်းသားများထံမှ ကျောင်းလခလုံးဝမယူသော အခမဲ့ကျောင်း ဖြစ်နေသည်မို့၊ ယနေ့ခေတ်ကြီးထဲမှာ အံ့သြကုန်နိုင်ဖွယ်ဟုဆိုရမတတ်ပင်။
သင်တန်းဆရာ၊ ဆရာမလေးတွေက  လည်းတစ်ပြားတစ်ချပ်မှမရဘဲ၊ ကိုယ့်စာ ရိတ်နှင့် ကိုယ်လာရောက်သင်ကြားပေး နေကြခြင်းဖြစ်သည်။ ဒီဆရာ၊ ဆရာမ လေးတွေကလည်း သီရီဇေယျံကျောင်း ထွက်တွေ သီရိဇေယျကျောင်း၌ တက္ကသိုလ်ဝင်တန်းအောင်ပြီး၊ ဘွဲ့ကြို၊ ဘွဲ့ရကျောင်း  သားများအတွက် အင်္ဂလိပ်စကားပြော သင်တန်းများကို တစ်နှစ်ပတ်လုံးဖွင့်လှစ်  သင်ကြားပေးခဲ့ရာ၊ ထိုသင်တန်းဆင်းများ (လယ်ဗယ်-ခုအောင်မြင်ပြီးကြသူများ)က တစ်ဖန်ပြန်၍ နွေရာသီကျောင်းပိတ်ရက် ၌ အတန်းငယ်လေးများကို စေတနာဝန် ထမ်း အင်္ဂလိပ်စကားပြောသင်ပေးကြခြင်း  ဖြစ်သည်။
နံနက်တိုင်း (၇) နာရီမှ (၇း၃၀) နာရီ အထိ ဗုဒ္ဓဘာသာသင်ကြားပေးပြီး၊ (၁၀) နာရီအထိ အင်္ဂလိပ်စကားပြောသင်ကြား ပေးသည်။ အထက်တန်းကျောင်းသားများ  ကိုတော့ (စနေ၊ တနင်္ဂနွေ) နေ့လယ်ပိုင်း  တွင် အင်္ဂလိပ်သဒ္ဒါသင်ကြားပေးလျက်ရှိ သည်။ သင်တန်းအမည်က ““နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့် အင်္ဂလိပ်စကား  ပြောသင်တန်း””
ကျွန်တော်သည် ကျယ်ပြောသော အပူလွင်ပြင်ကြားမှာ အေးရိပ်သာလေး တစ်ခုကို မမျှော်လင့်ဘဲတွေ့ခဲ့ရပါ၏။
ကျွန်တော်တို့၏ နိုင်ငံတွင် ထိုအေး ရိပ်သာလေးမျိုး (အခမဲ့ စေတနာသင်တန်း  တွေ) တစ်ခုပြီးတစ်ခုမှိုလိုပေါက်လာမည်  ဆိုပါလျှင် အပူလွင်ပြင်သည်ကျဉ်းသည် ထက်ကျဉ်းသွားမည်မှာမြေကြီးလက်ခတ် မလွဲပါ။


ဆင်တဲဝ မြတ်ဖုန်း၏ Hot News မှ ဆောင်းပါးပါ။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free