ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အောင်မြင်မှုကို ဂုဏ်ပြုသည့်အနေဖြင့် မြင်းခြံခရိုင် အောင်နိုင်ရေးအဖွဲ့ဝင်များ စုပေါင်း၍ မြင်းခြံမြို့ မြို့လယ်မှာရှိသည့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို ဒီကနေ့ ဧပြီလ ၇ ရက်နေ့ မနက် ၇း၀၀ နာရီအချိန်မှ စတင်၍ နေ့လည် ၁၂း၀၀ အချိန်ထိ သန့်ရှင်းရေး သွားရောက်လုပ်ကိုင်ခဲ့ကြပါသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ကျောင်းသားများနှင့် မြို့ခံလူထုများ အယောက် ၁၀၀ ကျော်စုပေါင်း၍ သန့်ရှင်းရေး လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပါသည်။

အောင်နိုင်ရေးအဖွဲ့ဝင်များဟာ ဗိုလ်ချုပ်ကြေးရုပ် အနီးတဝိုက်မှာ သန့်ရှင်းရေး ပြုလုပ်ခဲ့ကြပြီး လှေကားထစ်များကို ဆေးပြန်သုတ်ခဲ့ကာ ပန်းကုံးများ စွပ်ပြီး ဂုဏ်ပြုခဲ့ကြပါသည်။

” ဒီနေ့တော့ တော်တော် အောင်မြင်ပါတယ်။ ဘာအတားအဆီး နှောင့်ယှက်မှုတွေ မရှိပါဘူး။ လူထုကိုယ်တိုင်က ဒီလို လူမှုကူညီရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နိုင်အောင် လုပ်တဲ့ပုံစံမျိုးနဲ့ လုပ်ကြတာပါ။ ဗိုလ်ချုပ်ကြေးရုပ်ကို မြို့ခံ တွေရော၊ အာဏာပိုင်အဖွဲ့အစည်းတွေရော ပစ်ပယ်ထားတာ တော်တော်ကြာပါပြီ၊ ဒီအပေါ်တောင် တက်ဖို့အတွက် ခက်ခဲနေတဲ့အချိန်မှာ ဗိုလ်ချုပ်ကြေးရုပ်ဆီကို လူထုကိုယ်တိုင် တက်လာပြီးတော့ ပန်းကုံးတွေ စွပ်ကြတယ်၊ ဗိုလ်ချုပ်ကြေးရုပ်ကြီးကို အမြဲတမ်း သန့်ရှင်းရေး လုပ်ပြီး ပန်းကုံး စွပ်နိုင်ဖို့ကို စီစဉ်ပေးနိုင်ခဲ့တယ်။ မြန်မာလူထုတွေ အမြဲတမ်း တန်ဖိုးထား လေးစားရမယ့် အမျိုးသားရေး လက္ခဏာ တခုဖြစ်သည့် ဗိုလ်ချုပ် အောင်ဆန်း ရုပ်ထုကို ကျနော်တို့ မြို့ခံလူထုတွေက ဘယ်တော့မှ မပစ်ပယ်ဘူးဆိုတဲ့ လက္ခဏာကို ဒီနေ့မှာ စပြီး ပြနိုင်ခဲ့တာပါ” ဟု မြင်းခြံခရိုင် အောင်နိုင်ရေး အဖွဲ့ဝင်တဦးဖြစ်သည့် ကိုကိုနိုင်မှ ဘားမားဗီဂျေ မီဒီယာကို ပြောပါသည်။

” အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ နွားထိုးကြီးမှာ အောင်မြင်မှု ရရှိခဲ့တယ်လေ။ အဲအတွက် ကျနော်တို့က ပျော်ပွဲရွှင်ပွဲ တခြားမလုပ်ဘဲနဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို သန့်ရှင်းရေးလုပ်ခဲ့ကြတာပါ။ လူထုအကျိုးပြု အနေနဲ့ ပြုလုပ်ခဲ့ကြတာပါ။” လို့ မြင်းခြံခရိုင် အောင်နိုင်ရေး ဦးဆောင်သူတဦးဖြစ်သည့် ဒေါက်တာဝင့်သူမှ ဘားမားဗီဂျေ မီဒီယာကို ပြောပါသည်။

မနေ့ ဧပြီလ ၆ ရက်နေ့တွင် မြင်းခြံမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်တွင် နွားထိုးကြီး ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်း ဦးပေါခင် အနိုင်ရရှိခဲ့သည့် အထိမ်းအမှတ်အနေနှင့် မြို့ခံလူထုကို မုန့်လုံးရေပေါ် စတုဒီသာကျွေးခဲ့ကြပါသည်။

မနက်ဖြန် ဧပြီလ ၈ ရက်နေ့မှာလဲ မြင်းခြံခရိုင် အောင်နိုင်ရေး အဖွဲ့ဝင်များ စုပေါင်း၍ မြင်းခြံမြို့ရှိ ဘိုးဘွား ရိပ်သာနှင့် ပြည်သူ့ဆေးရုံသို့ သန့်ရှင်းရေးသွားရောက်လုပ်ကိုင်မှာဖြစ်ပြီး ဧပြီလ ၁၂ ရက်နေ့မှာ တောင်သာမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းသစ် ဆိုင်းဘုတ်တင်ပွဲသို့ သွားရောက်ကြမည်ဖြစ်ကြောင်း သိရှိရပါသည်။

COPY FROM Burma VJ
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free