လက်ရှိလျှပ်စစ်မီး ခွဲဝေ ဖြန့်ဖြူးပေးနေမှုအား ၄င်းတို့၏ ရှင်းပြပြောဆိုချက်အပေါ် ကျေနပ်မှု မရှိပါက ပြည်သူကပေးသော ပြစ်ဒဏ်ခံယူသွားမည် ဖြစ်ကြောင်း ရန်ကုန် မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောသည်။
တစ်နိုင်ငံလုံးတွင် လျှပ်စစ်မီးရရှိချိန် အလွန်နည်းပါးနေရာ ယခုရက်ပိုင်းအတွင်း ဒေသအချို့တွင် မီးရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုအချို့ရှိနေရာ မေ ၁၉ ရက်က ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့က မီဒီယာများအား ဖိတ်ကြားကာ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
”အဲဒီလို ကိစ္စမျိုးတွေဖြစ်မှာစိုး လို့ အခုလိုခေါ်ပြီး ရှင်းတာပါ။ ဒါကို ပြည်သူကို ရှင်းပြပေးပါ။ ရှင်းပြတာမှ လက်မခံရင် ပြည်သူကပေးတဲ့  အပြစ်ဒဏ်ခံယူဖို့ပဲရှိပါတယ်” ဟု မေလ ၁၇ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး ခရမ်းမြို့၌ လျှပ်စစ်မီးရရှိ ရေးဆန္ဒ ဖော်ထုတ်မှုအပေါ် ဦးတည်၍ ဦးအောင်ခိုင်က ပြောသည်။
မန္တလေးမြို့၌ မြို့ခံလူထုက မေ ၂ဝ ရက် ည ၇ နာရီခန့်က လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်မှု ပြုလုပ်ခဲ့ရာ မန္တလေးတိုင်း လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့က ယင်းည ၉ နာရီ ကျော်အချိန်ခန့်တွင် အရေးပေါ် စာ နယ်ဇင်းရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ သည်။
မန္တလေးမြို့တွင် ဧပြီလမှစတင် ၍ လျှပ်စစ်မီးများ ဖြတ်တောက်မှုရှိ ခဲ့ရာ မြို့ခံလူထုက လျှပ်စစ်မီး ၂၄ နာရီပြန်လည်ရရှိရေး ဆန္ဒဖော်ထုတ် မှုအဖြစ် ဖယောင်းတိုင်များ ထွန်း၍ ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။
ယင်းကို မန္တလေးတိုင်းလျှပ်စစ်က အရေးပေါ်စာနယ်ဇင်း ရှင်းလင်းပွဲတစ်ရပ်ပြုလုပ်၍ လျှပ်စစ်မီးရရှိရေး မီးစက် ၁၂ လုံးဖြင့် စီမံဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ် ဝန်ကြီးဌာနဝန်ကြီးဒေါက်တာဦးမြင့်ကြူ က ပြောကြားခဲ့သည်။
”မန္တလေးမြို့ လျှပ်စစ်မီး ပိုမိုရရှိဖို့အတွက် ရုံးချုပ်ကို မီးစက်တွေ မှာထားပါတယ်။ ကျွန်မတို့အနေနဲ့ ပေးချင်ပါတယ်။ ပေးစရာမရှိလို့ကို မပေးတာပါ။ မီးရချင်ရင် မိုးနတ် မင်းကြီးကိုသာ ဆုတောင်းပါ” ဟု မန္တလေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဒေါ်အေးအေးမင်းက ပြောသည်။
ယင်းသို့ လျှပ်စစ်ဓာတ်အား နည်းပါးစွာရရှိမှုမှာ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားထုတ်လွှတ်နိုင်မှု လျော့ကျသွားခြင်းကြောင့်ဟု သက်ဆိုင်ရာဒေသ အသီးသီးက ပြောကြားကြသည်။ သို့သော် ရန်ကုန်မြို့၌ မေ ၁၉ ရက် နံနက် ပိုင်းကပြုလုပ်သော ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စက်မှုဇုန်များသို့ ဓာတ်အားဖြန့်ဖြူးမှုကို ခေတ္တလုံးဝရပ်နားထားမည်ဖြစ်ပြီး ထိုသို့ ဖြစ်ရခြင်းမှာ ရွှေလီ-မန်စံ ဓာတ်အားပေး တာဝါတိုင်ကို အကြမ်းဖက်သောင်းကျန်းသူတို့၏ ဖောက်ခွဲ ဖျက်ဆီးခြင်း ခံရ၍ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
”ခင်ဗျားတို့ စဉ်းစားကြည့်ပေါ့ဗျာ။ အသိသာကြီးပဲ။ ရွှေလီ-မန် စံ ဓာတ်အားလိုင်းက ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်အစပ်မှာ ရှိတာ။ သိသာပါတယ်” ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခိုင်က လျှပ်စစ်တာဝါတိုင်အား ဖောက်ခွဲသူ မည်သူဖြစ်ကြောင်း မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြား ခဲ့သည်။
”မြို့ပြင်နဲ့ ကျေးရွာတွေအတွက်  နေ့ခင်းပိုင်းကို လုံးဝဓာတ်အား မပေးတော့ပါဘူး။ ညနေ ၅ နာရီကနေ နောက်တစ်နေ့ နံနက် ၅ နာရီအထိ ကျေးရွာတွေနဲ့ မြို့ပြင်တွေကို မီး ပေးပါမယ်” ဟု ရန်ကုန်တိုင်း ဒေသကြီးအတွင်း လျှပ်စစ်မီးပေးဝေမှု အခြေအနေကို ပြောပြသည်။
ထိုသို့ ပြောကြားခဲ့သော်လည်း မေ ၂၁ ရက်နေ့က ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အားရရှိမှုမှာ ရန်ကုန်မြို့ တွင်း မြို့နယ်အချို့တွင် နေ့ပိုင်း တစ်နေကုန်လျှပ်စစ်မီးမရရှိဘဲ လျှပ်စစ်ဌာနမှ အလှည့်ကျဓာတ်အားပေး ချိန်များတွင် ရရှိမှုမရှိကြောင်း၊ ယင်းအပြင် ရရှိသောမြို့နယ်အချို့၏ လျှပ်စစ်ဓာတ်အားမှာ ဓာတ်အားလွန်စွာ နည်းပါး၍ အိမ်တွင်းမှု လုပ်ငန်းများပင် လုပ်ဆောင်မရကြောင်း ရန်ကုန်မြို့နေ ပြည်သူများက ပြောသည်။
”မိုးလင်းလို့ မိတ္တူဆိုင်ဖွင့်မယ် လုပ်တော့ မီးအားက ၈ဝ ပဲရှိတယ်။ မီးအားမြှင့်စက်နဲ့တောင် တင်လို့မရတော့ ဖောက်သည်တွေကို ပြန်ခိုင်းလိုက်ရတယ်။ မိတ္တူကူးဖို့တောင် အဆင်မပြေဘူး။ ရေစက်ဖွင့်ဖို့ဆို ဝေးပါရော”ဟု စမ်းချောင်း မြို့နယ် အတွင်းရှိ မိတ္တူဆိုင်ရှင်တစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ အများပြည်သူသို့ လျှပ်စစ်ဓာတ် အားပေးဝေမှုကို မေ ၂၁ ရက်မှ စတင်၍ အုပ်စု ၄ အုပ်စုခွဲကာ တစ်အုပ်စုလျှင် ၆ နာရီကြာ လျှပ်စစ် ဓာတ်အား ဖြတ်တောက်၍ ၁၈ နာရီကြာ ဓာတ်အားဖြန့်ဝေ ပေးသွားမည်ဟု တရားဝင်ထုတ်ပြန်ထားသည်။
ထို့အပြင် ဧပြီ ၂၉ ရက်နေ့က နေပြည်တော်စက်မှုဝန်ကြီးဌာန အဆောက်အအုံ၌ ပြုလုပ်သော မီဒီယာတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက လျှပ်စစ်မီး လုံလောက်မှုမရှိသော ရန်ကုန်မြို့အား အမေရိကန် GE ကုမ္ပဏီမှ အခမဲ့ကူညီနေကြောင်း၊ လျှပ်စစ်မီးကိစ္စမှာ နှစ်ပတ်အတွင်းခန့်တွင် ပြေလည်နိုင်ကြောင်း၊ သို့သော် ကတိတစ်ခုအဖြစ် မပေးနိုင်ကြောင်း အဆိုပါနေ့က ပြောကြားခဲ့သည်။
”သိကြားမင်းအစိုးရလိုတော့ ရာနှုန်းပြည့် ပြည်သူကို မလုပ်ပေး နိုင်သေးဘူး။ ဒါပေမဲ့ အတိုင်းအတာ တစ်ခုအထိတော့ ပြည့်မီအောင်လုပ်ပါမယ်” ဟု ထိုစဉ်က လျှပ်စစ် မီးနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားခဲ့သည်။
ထိုသို့ ပြောကြားပြီး နှစ်ပတ်ကျော်အကြာ မေ ၁၇ ရက်တွင် သုံးခွမြို့၌ ရပ်ကွက် ၁၂ ခုမှ လူ ၃ဝဝ ခန့်က မြို့နယ် EPC ရုံးရှေ့ တွင် ဖယောင်းတိုင်များကိုင်ကာ လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် မေလ ၂ဝရက်နှင့် ၂၁ ရက်နေ့ ညပိုင်းတို့တွင် မန္တလေးမြို့ ကျုံးနံဘေး၌ လျှပ်စစ်မီး ရရှိရေးဆန္ဒထုတ်ဖော် မှုတွင် လူတစ်သောင်းခန့် ဖယောင်းတိုင်မီးများ ကိုင်ဆောင်ပြုလုပ်ခဲ့ကြကြောင်း မန္တလေးမြို့ခံတို့က ပြောသည်။ ယင်းနောက် မေလ ၂၁ ရက်နေ့ ည ၇ နာရီခွဲ အချိန်ခန့် တွင် မုံရွာမြို့၌ ထောင်ဂဏန်း ရှိသော လူထုက ဖယောင်းတိုင် မီးများထွန်း၍ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ကြောင်း သိရသည်။
ထိုသို့  လျှပ်စစ်မီးအချိန်ပြည့် ပြန်လည်ရရှိရေး ဆင့်ကဲဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ပြီးနောက် မေ ၂၂ ရက်ထုတ် နိုင်ငံပိုင်သတင်းစာမှ နိုင်ငံအတွင်း လျှပ်စစ်ဓာတ် အား ပေးဝေမှုနှင့်ပတ်သက်၍ အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပြည်သူလူထုသို့ မေတ္တာရပ်ခံပန်ကြားလွှာ ထုတ်ပြန်ခဲ့သည်။ အဆိုပါ ပန်ကြားချက်တွင် ယခုနှစ် နွေရာသီတွင် ဓာတ်အားထုတ်လွှတ်နိုင်မှု လျော့နည်းနေခြင်းကြောင့် ပြည်သူလူထုအား အုပ်စုသုံးစုခွဲ၍ ဓာတ်အားမျှဝေပေး နေရသောအခြေအနေကို နားလည်ပေးပါရန်နှင့် ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အား ချွေတာစွာ သုံးစွဲခြင်းဖြင့် ပူးပေါင်းပါဝင်ရန် မေတ္တာရပ်ခံထားသလို မဂ္ဂါဝပ် ၂ဝဝ ထုတ်လုပ်ပေးနေ သည့် ရွှေလီဓာတ်အားပေးစက်ရုံမှ သွယ်တန်းထားသော ရွှေလီ – မန်စံ ၂၃ဝ ကေဗီဓာတ်အားတိုင် လေးတိုင်အား မြန်မာ့လျှပ်စစ်ဓာတ်အား လုပ်ငန်းမှ ပြန် လည်ပြင်ဆင် နေပြီဖြစ်ကြောင်း ဆက်လက်ဖော်ပြ ထားသည်။ ရွှေလီ-မန်စံ မဟာဓာတ် အားလိုင်းရှိ တာဝါတိုင်အမှတ် ၇၃၊ ၂ဝ၆၊ ၂ဝ၇ နှင့် ၂ဝ၈ တို့အား မေ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့က မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။
ထိုသို့ သတင်းစာတွင် ဖော်ပြပါရှိသည့် မေ ၂၂ ရက်ည ၇ နာရီက ရန်ကုန်မြို့တော်ခန်းမအနီး ဆူးလေ ဘုရားတွင် လူ ၆ဝ ခန့်က လျှပ်စစ်မီး ၂၄ နာရီရရှိရေး ဆန္ဒ ထုတ်ဖော်ပွဲတစ်ခု ပြုလုပ်ခဲ့ကြသည်။
”ရေဘူးပေါက်တာ မလိုချင်ပါဘူး။ ရေပါတာပဲ လိုချင်တယ်”ဟု ဆန္ဒထုတ်ဖော်သူတစ်ဦးက ပြောသည်။ ရန်ကုန်မြို့တော်ခန်းမဘေးမှ ဖယောင်းတိုင်မီးထွန်း ဆန္ဒထုတ်ဖော် မှုကို စတင်ပြီး ဆူးလေဘုရား တောင်ဘက်မုခ်မှတက်၍ စေတီတော်အား လက်ယာရစ်ပတ်၍ ဗုဒ္ဓဟူးဂြိုဟ်တိုင်တွင် မီးများထွန်းညှိပူဇော်ပြီး နာရီဝက်ကြာ ဆန္ဒ ထုတ်ဖော်မှုကို အဆုံးသတ်ခဲ့သည်။
ပေါ်ပြူလာနယူးစ်သတင်းအဖွဲ့  ၏ သတင်းကို ကူးယူသည်။

These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free