ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ကို ထောင်ဒဏ် တသက်တကျွန်းဖြင့် ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးက အင်းစိန်ထောင်တွင်းတွင် အင်္ဂါနေ့က စီရင်ချက် ချမှတ် လိုက်သည်။

အင်းစိန် မြောက်ပိုင်းခရိုင် ဒုတိယခရိုင်တရားသူကြီး ဦးလှဝင်းက အင်းစိန်ထောင်တွင်း အထူးတရားရုံး ဖွဲ့၍ မတရားသင်း ဥပဒေ ပုဒ်မ ၁၇ (၁) အရ ထောင်ဒဏ် ၃ နှစ်၊ နိုင်ငံတော်အစိုးရအား လက်နက်စွဲကိုင် ပုန်ကန်မှု
ပုဒ်မ ၁၂၂ (၁) အရ တသက်တကျွန်း ချမှတ်ပြီး စီရင်ချက် နှစ်ခုကို တပေါင်းတည်း ကျခံရမည်ဟု ဆုံးဖြတ်ခဲ့ကြောင်း မန်းငြိမ်းမောင်၏ ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

ပုဒ်မ ၁၂၂ (၁) အရ သေဒဏ်အထိ ချမှတ်နိုင်သော်လည်း တသက်တကျွန်းသို့ လျှော့ပေါ့ပေးလိုက်သည်ဟုလည်း စီရင်ချက်က ဆိုကြောင်း သိရသည်။
Mayyanant25
ကရင်အမျိုးသား အစည်းအရုံး ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ကို ထောင်ဒဏ် တသက်တကျွန်းဖြင့် ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးက အင်းစိန်ထောင်တွင်းတွင် စီရင်ချက် ချမှတ် (ဓါတ်ပုံ မဇ္ဈိမ)

“အသက်ကြီးတာရယ်၊ ငြိမ်းချမ်းရေးလိုလားတဲ့ အထောက်အထားတွေ ရှိတဲ့အတွက်ကြောင့်မို့လို့ လျှော့ပေါ့တယ်
ပေါ့ဗျာ။ သေဒဏ်အစား တသက်တကျွန်း ချတယ်ပေါ့ဗျာ။ အဲဒီလို ပါတယ်” ဟု ဦးကြီးမြင့်က မဇ္ဈိမကို ပြောသည်။

တရားလို အစိုးရဘက်မှ ဒုတိယခရိုင် ဥပဒေအရာရှိ ရှေ့နေ ဦးလှမြင့် က ဆောင်ရွက်သည်။

စီရင်မှုကို နှစ်ဘက် ရှေ့နေများသာ နားထောင်ခွင့်ရပြီး မန်းငြိမ်းမောင်၏ ဆွေမျိုးတော်စပ်သူများ နားထောင်ခွင့် မရဘဲ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ဆက်ပြောသည်။

စီရင်ချက် ချမှတ်စဉ် ပဒိုမန်းငြိမ်းမောင်၏ အနေအထားကို “သူကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။ သူ့ကို တရားမစွဲဘူး လို့ ကတိပေးပြီးမှ ဒီလိုစွဲတော့ စိတ်တော့မကောင်းဘူးပေါ့ဗျာ” ဟု ပြန်ပြောပြသည်။

အင်းစိန်ထောင်တွင်း၌ စစ်ကြောရေးဝင်နေစဉ် သမ္မတ ငြိမ်းချမ်းရေးအထူး ကိုယ်စားလှယ် ရထား ဝန်ကြီး ဦးအောင်မင်း စေလွှတ်လိုက်သည့် နေပြည်တော်မှ အရာရှိများ လာရောက်တွေ့ဆုံ၍ KNU နှင့် အစိုးရတို့ကြား ငြိမ်းချမ်းရေးအတွက် အကြံဉာဏ်များ တောင်းခံခဲ့ပြီး ဖမ်းဆီးထားရာမှ လွှတ်ပေးမည်ဟု ပြောဆိုသွားကြောင်း ပဒိုမန်းငြိမ်းမောင်က ထွက်ဆိုထားသည်။

မီးရထားဝန်ကြီး ဦးအောင်မင်း အပါအဝင် သက်သေ ရှစ်ဦးကို ဖေဖော်ဝါရီလအတွင်းက တောင်းဆိုခဲ့ဖူးသော်လည်း အင်းစိန်ထောင်ပိုင် နှစ်ဦးသာ သက်သေအဖြစ် ရရှိခဲ့သည်။

“ထောင်မှူး နှစ်ယောက်ကတော့ လာတယ်။ သူတို့မှတ်တမ်းအရ လက်ရှိ ထောင်မှူးကတော့ သူမသိဘူးလို့ ပြော တယ်။ ထောင်မှူးအဟောင်းကတော့ စရဖ ထောက်လှမ်းရေးက လာထုတ်သွားတာ မှန်တယ်ဆိုတာတော့ အဲဒါတော့ သက်ခံထွက်တယ်” ဟု ဦးကြီးမြင့် က ပြောသည်။

ဥပဒေကြောင်းအရ တရားစွဲဆိုခွင့်အမိန့်မပြည့်စုံခြင်း၊ ပြုလုပ်မှုတခုကို အမှုနှစ်မှု စွဲ၍မရခြင်း၊ စွဲလျှင်လည်း နောက်အမှု တခုကို အပြစ်ပေး၍ မရကြောင်းတို့ကို လျှောက်လဲထားခဲ့ပြီး အကြောင်းချင်းရာ အဖြစ် ငြိမ်းချမ်းရေးဆွေးနေသည့် ကာလတွင် ယင်းသို့ စီရင် ချက်ချမှတ်ခြင်းသည် မသင့်လျော်ကြောင်း ရှေ့နေက မှတ်ချက်ပြုသည်။

KNU ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့ အတွင်းရေးမှူး ပဒိုဒေးဗစ်ထောက ယခုစီရင်ချက်သည် ဥပဒေအရ
ဆောင်ရွက်သည်ဟု ယူဆပြီး မန်းငြိမ်းမောင် လွတ်မြောက်ရေးအတွက် အစဉ်တစိုက် ဆက်လက် တောင်းဆိုသွား မည်ဟု ပြောသည်။

“ဒါဟာ ဥပဒေအရ ချမှတ်လိုက်တာဖြစ်တဲ့အတွက်ကြောင့် သူ့ကို ဘယ်လိုပြန်ပြီးတော့ ဒီဥပဒေဘောင်အတွင်းက ရင်ဆိုင်နိုင်မယ် ဆိုတာကိုတော့ ကျနော်တို့ နည်းလမ်းရှာရပါလိမ့်မယ်” ဟု မဇ္ဈိမကို ပြောသည်။

အသက် ၇ဝ ရှိပြီဖြစ်သည့် မန်းငြိမ်းမောင်၏ ဇနီးဖြစ်သူ နော်ဝါး ကမူ အမှုစီရင်ချက်ချသည်ကို သွားရောက် ကြားနာခွင့်မရသဖြင့် စိတ်မကောင်းဖြစ်ရကြောင်း ပြောသည်။

“သူက အသက်လည်းကြီး ပြီလေ။ တော်လှန်ရေးလုပ်လာတဲ့ နှစ်ပေါင်းလည်း များစွာကြာပြီ။ အန်တီကတော့ သူလွတ်ပြီးတော့ ပြန်လာစေ့ချင်တယ်” ဟု မဇ္ဈိမကို ပြောသည်။

မန်းငြိမ်းမောင်က အယူခံဝင်မည်ဟု ဆုံးဖြတ်လျှင် ရက်ပေါင်း ၆ဝ အတွင်း ရန်ကုန်တိုင်း တရားလွှတ်တော်သို့
လျှောက်ထားရမည်ဟု သိရသည်။

မန်းငြိမ်းမောင်သည် ၁၉၆၇ ခုတွင် ကရင် လူငယ်ခေါင်းဆောင်တဦးအဖြစ် စစ်အစိုးရ၏ ဖမ်းဆီးမှုကို ခံရပြီး ကိုကိုးကျွန်း အကျဉ်းစခန်းသို့ အပို့ခံခဲ့ရဖူးသည်။ အခြားရဲဘော် နှစ်ဦးနှင့်အတူ လှေဖြင့် ထွက်ပြေးကာ မြန်မာပြည် ကမ်းခြေတခုတွင် အောင်မြင့်စွာ ဆိုက်ကပ်နိုင်ပြီး ဒေသ အာဏာပိုင်များက ပြန်လည် ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ထိုကဲ့သို့ ကျွန်းမှ စွန့်စား ထွက်ပြေးမှု အတွေ့အကြုံများကို ‘ရဲဘော်ရှောင်း’ ကလောင်အမည်ဖြင့် ‘မုန်တိုင်းကို ဆန်၍ ပင်လယ်ကို ဖြတ်သောအခါ’ စာအုပ် ရေးသား ထုတ်ဝေခဲ့ဖူးသည်။

Mazzima သတင်းမှ ကူးယူသည်။

These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free