မေလ ၂၂ ရက်နေ့က လျှပ်စစ်မီးရရှိရေးအတွက် ဆန္ဒဖော်ထုတ်သူများကို ရန်ကုန်မြို့တွင် တွေ့ရစဉ်
''တရားမျှတမှု ရှိသလား၊ နိုင်ငံအတွက် အကျိုးရှိသလား ကြည့်သင့်တယ်။ စီးပွားရေးပဲကြည့်မလား။ ရတဲ့ လျှပ်စစ်တွေကိုရောင်းပြီး နိုင်ငံအတွက် မစဉ်းစားတာမျိုးက မဖြစ်သင့်ဘူး။ အခုဆို ရန်ကုန်၊ မန္တလေးတောင် မီးမရတော့ဘူး။ နိုင်ငံအကျိုးကို မကြည့်ဘူး၊ ပိုက်ဆံအကျိုးကိုပဲ ကြည့်မလား။ စီးပွားရေးတော့ မလုပ်ရဘူးမဟုတ်ဘူး၊ လုပ်ရမယ်။ လူတွေတော့ ဒုက္ခမဖြစ်စေရဘူး''ဟု FREDA မှ ဒုတိယဥက္ကဋ္ဌ ဦးအုန်းက သုံးသပ်သည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေသော ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံ ၁၈ ရုံ၊ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ တစ်ရုံ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ၁၀ ရုံစုစုပေါင်း ၂၉ ရုံရှိပြီး ဒေသအသီးသီးသို့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း အမှတ် (၂)လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ရေအား၊ ကျောက်မီးသွေးနှင့် ဓာတ်ငွေ့စက်ရုံများပေါင်း၍ ဓာတ်အားထုတ်လုပ်နိုင်မှု ပမာဏမှာ မိုးရာသီတွင် အများဆုံး ၁၆၁၀ ခန့်၊ နွေရာသီတွင် ၁၃၄၀ခန့်ဖြစ်ကြောင်း၊ နိုင်ငံအတွင်း မိုးရာသီ၌ ၁၅၆၀ မဂ္ဂါဝပ်သာ အသုံးပြုသဖြင့် ထုတ်လုပ်မှုသည် သုံးစွဲမှုထက် ပိုနေကြောင်း သိရသည်။ နွေရာသီတွင်မူ အများဆုံးသုံးစွဲမှုမှာ ၁၈၅၀ မဂ္ဂါဝပ် အထိရှိပြီး နွေရာသီကာလ ထုတ်လုပ်မှုထက် ပိုနေသည့်အတွက် အများပြည်သူအား သုံးအုပ်စုခွဲကာ အုပ်စုလိုက် အလှည့်ကျ ဓာတ်အားပေးခြင်းကို ဆောင်ရွက်ခဲ့သည်ဟုလည်း ဆိုပါသည်။
လက်ရှိကာလသည် မိုးရာသီကာလသို့ ၀င်ရောက်ရန် နီးကပ်လာချိန်ဖြစ်နေပြီး ယခုရက်ပိုင်းအတွင်းတွင်ပင် လူနေထူထပ်သော၊ စီးပွားရေးလုပ်ငန်းများ အဓိက လုပ်ကိုင်ရာဖြစ်သော ရန်ကုန်မြို့တွင်သာမက မန္တလေးမြို့နှင့် နယ်ဒေသများ၌လည်း လျှပ်စစ်မီး မရရှိမှုများကို ပိုမိုကြုံတွေ့လာရကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မေလ ၂၂ ရက်နေ့ ညနေပိုင်း၌ ပြုလုပ်ခဲ့သော ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ် NLD ရုံးခန်းဖွင့်ပွဲတွင် ''ကျွန်မတို့နိုင်ငံမှာ လျှပ်စစ်မီးမှန်မှန် မရတာဟာ ဘာကြောင့်လဲဆိုတော့ စနစ်က မမှန်လို့ဘဲလို့ ပြောချင်တယ်။ လျှပ်စစ်မီးရရှိဖို့ပဲ ဖြစ်ဖြစ်၊ ရေရရှိဖို့ပဲဖြစ်ဖြစ်၊ အင်မတန် အရေးကြီးတဲ့ အလုပ်ရဖို့ပဲဖြစ်ဖြစ် ပြင်ဆင်ရမှာက စနစ်ဖြစ်တယ်ဆိုတာကိုတော့ ကျွန်မ ယုံကြည်ချက်ဖြစ်ပါတယ်''ဟု ပြည်သူလူထုသို့ မိန့်ခွန်း ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

''ပြီးခဲ့တဲ့ ၂၀ ရက်နေ့ နေ့လယ်လောက်က တီဗွီမှာ ၂၁ ရက်နေ့မှာ သုံးပိုင်းခွဲပြီး အလှည့်ကျ မီးပေးမယ်လို့ ကြေညာခဲ့တယ်။ နောက် ၂၁ ရက်နေ့လည်းကျရော ညနေ ၅ နာရီကစပြီး ည ၁၁ နာရီအထိ ပျက်ခဲ့တယ်။ မီးပျက်ရင်အဓိက ခံစားကြုံတွေ့ရတာက ရေပြဿနာပါပဲ''ဟု တောင်ဥက္ကလာပမြို့နယ်နေသူတစ်ဦးက ပြောပါသည်။

လက်ရှိကာလ၌ မြန်မာနိုင်ငံသို့ အမေရိကန်အပါအ၀င် အီးယူနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရန်အတွက် လာရောက် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိနေပြီး မြန်မာနိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးမှု အခွင့်အလမ်းများ မြင်သာမှု ရှိလာချိန်၌ လျှပ်စစ်မီး မလုံ လောက်မှုကဲ့သို့သော အခြေခံအဆောက်အဦပိုင်း အားနည်းမှုက ယင်းအခွင့်အလမ်းများကို နှောင့်နှေးမှုများ ဖြစ်ပေါ်လာစေနိုင်ကြောင်းလည်း သုံးသပ်ကြပါသည်။
''မနှစ်ကတစ်နှစ်ပဲ နွေမှာ မီးလာပါတယ်။ စက်မှုဇုန်တွေမှာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ခြောက်သွေ့ရာသီရောက်ပြီဆိုရင် နှစ်နာရီကနေ လေးနာရီလောက်ပဲ မီးလာတယ်။ ဒီတော့ စက်မှုဇုန်က စက်ရုံတိုင်းမှာ မီးစက်တွေရှိတယ်။ ကိုယ်ဘာသာကိုယ် မီးစက်နဲ့ သုံးတဲ့အခါမှာ တစ်ယူနစ်ကျပ် ၅၀၀ လောက်ကျတယ်။ အဲဒီတော့ ကုန်ကျစရိတ် တက်တယ်။ အဲဒီတော့ ပြည်တွင်းထုတ်ကုန်တွေ ဈေးမြင့်တယ်။ ၀ယ်လိုအား ကျတယ်။  စက်မှုကဏ္ဍ တိုးတက်သင့်သလောက် မတိုးတက်ဘူးဖြစ်နေတဲ့ သဘောရှိတယ်။ အမှန်ကတော့ ကိုယ့်နိုင်ငံက ရေနံတို့၊ သဘာဝဓာတ်ငွေ့တို့ မထွက်တဲ့ နိုင်ငံမဟုတ်ဘဲနဲ့ အခုလိုဖြစ်နေတာ သဘာဝတော့ မကျဘူး''ဟု လှိုင်သာယာ စက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ထုတ်ပြန်သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပြ စာရင်းဇယားများအရ ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုပမာဏတွင် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၁၃၉၄၇ ဖြင့် နံပါတ် တစ်နေရာတွင် ရှိနေသည်။ ရင်းနှီးမြှုပ်နှံမှုအများဆုံး ၁၀ နိုင်ငံမှာ တရုတ်၊ ထိုင်း၊ ဟောင်ကောင်၊ ကိုရီးယားသမ္မတနိုင်ငံ၊ အင်္ဂလန်၊ စင်ကာပူ၊ မလေးရှား၊ ပြင်သစ်၊ အမေရိကန်နှင့် အင်ဒိုနီးရှားတို့ ဖြစ်သည်။
''စွမ်းအင်နဲ့ပတ်သက်တဲ့ မူဝါဒတွေကို ပြန်လည် သုံးသပ်သင့်ပါပြီ။ ဟိုတုန်းက အမေရိကန် စီးပွားရေး ပိတ်ဆို့မှုရှိတဲ့အတွက် ကုန်ကြမ်းကို ရောင်းစားခဲ့ရတယ်။ အခု စီးပွားရေး ပိတ်ဆို့မှုကိုလည်း ရုပ်သိမ်းလိုက်ပြီ။ ကုန်ကြမ်းရောင်းဖို့ထက် ပြည်တွင်းမှာ လိုအပ်နေတဲ့ လိုအပ်ချက်ကို ဖြည့် ဆည်းနိုင်ဖို့ လိုပါတယ်။ ပြည်ပကို ရောင်းစားတယ်ဆိုရင်လည်း ဘယ်လောက်ရာခိုင်နှုန်းပဲ ရောင်းတယ်ဆိုတာမျိုး ဖြစ်သင့်ပါတယ်''ဟု သင့်ဘ၀ မဂ္ဂဇင်းအယ်ဒီတာဟောင်းဖြစ်သူ ဦးတင်မောင်သန်းက ပြောပြခဲ့သည်။

စီမံကိန်းတွေမလုပ်ခင်မှာ ကိုယ့်တိုင်းပြည်၊ ကိုယ့်ပြည်သူတွေအတွက် အမှန်တကယ် လုံလောက်မှု ရှိ၊ မရှိ၊ ရရှိသုံးစွဲနိုင်မှု ရှိ၊ မရှိ အရင်စဉ်းစား ပြီးတော့မှ ပြည်ပပို့တာကို စဉ်းစားသင့်တာပါ။ မြန်မာနိုင်ငံမှာက Public Policy အားနည်းတဲ့အတွက် ပြည်သူတွေကို စနစ်တကျ မကာကွယ်နိုင်ဘူး ဖြစ်နေတယ် . . .

မြန်မာနိုင်ငံမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအားလုံး၏ ၆၅ ရာခိုင်နှုန်းသည် သဘာဝသယံဇာတနှင့် ရေအားလျှပ်စစ် စီမံကိန်းများတွင် ဖြစ်သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ရေအားလျှပ်စစ်စီမံကိန်းများ၌ ထမံသီ စီမံကိန်း၊ ဟတ်ကြီး ရေအားလျှပ်စစ်စီမံကိန်း၊ ရွှေလီ ရေအားလျှပ်စစ်စီမံကိန်း၊ တာပိန် ရေအားလျှပ်စစ်စီမံကိန်း၊ မေခ-မလိခမြစ်ဝှမ်း စီမံကိန်းများ ပါဝင်နေသည်။
ကရင်ပြည်နယ်ရှိ ဟတ်ကြီး ရေအားလျှပ်စစ်စီမံကိန်းသည် ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်မည်ဖြစ်ပြီး ထွက်ရှိမည့် လျှပ်စစ်များ၏ ၉၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံသို့ ရောင်းချမည်ဖြစ်သည်။ ချင်းတွင်းမြစ်ပေါ်၌ တည်ဆောက်မည့် ထမံသီရေအားလျှပ်စစ်စီမံကိန်းသည် အိန္ဒိယနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုဖြစ်ကာ လျှပ်စစ်များ၏ ၈၀ ရာခိုင်နှုန်းကို အိန္ဒိယနိုင်ငံသို့ ပို့လွှတ်ရောင်းချမည် ဖြစ်သည်။

ရွှေလီ ဓာတ်အားပေးစက်ရုံတွင် မဂ္ဂါဝပ် ၂၀၀ ထုတ်လုပ်နိုင်သော တာဝါတိုင် ခြောက်လုံးရှိပြီး မြန်မာနိုင်ငံအတွက် မဂ္ဂါဝပ် ၂၀၀ ပို့လွှတ်နေကာ ကျန်သည့်ပမာဏကို တရုတ်နိုင်ငံသို့ ရောင်းချထားကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၌ ဓာတ်အားလိုအပ်ချက်မှာ ၁၈၅၀ မဂ္ဂါဝပ်ရှိမည်ဖြစ်ကာ ထောက်ပံ့ပေးနိုင်သည့် ပမာဏမှာ ၁၄၅၀  မှ ၁၅၀၀ မဂ္ဂါဝပ်ခန့်သာ ရှိကြောင်းလည်း သိရှိရသည်။

''အရင်က ကိုယ်ကြိုက်တာ ကိုယ်လုပ်ခဲ့တယ်။ အခု ဒီမိုကရေစီအစိုးရ ဖြစ်နေပြီ။ မလုပ်နိုင်ရင်ထွက်၊ လုပ်နိုင်သူတက်တာ ပြည်သူ့အစိုးရပဲ။ အရင်က ဘာတွေလုပ်တယ်ဆိုတာ ထင်သာမြင်သာ မရှိဘူး။ အခုက အဖြေမှန်တွေ ပေါ်လာပြီ။ ၀န်ကြီးဌာနတွေရဲ့ ခြစားမှုလိုမျိုးတောင် ပေါ်လာပြီ။ အခုနိုင်ငံက ရှေ့ဆက်ရမှာ။ အခု နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လာတော့မယ်။ ဖယောင်းတိုင်မီးနဲ့ နေရတဲ့တိုင်းပြည်ကို ဘယ်သူလာမှာလဲ။ စီမံကိန်းတွေက ကိုယ့်ပြည်သူကို တကယ်အကျိုးရှိသလား၊ မရှိဘူးလား စဉ်းစားစေချင်တယ်''ဟု မြန်မာငှက်နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း ဥက္ကဋ္ဌ ဦးစိုးညွန့်က ပြောကြားသည်။
၂၀၁၀ ပြည့်နှစ်အတွင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်ကဏ္ဍတွင် သဘာဝဓာတ်ငွေ့ကို အများဆုံး တင်ပို့ထားပြီး ပြည်ပပို့ကုန်၏ ၄၀ ရာခိုင်နှုန်းအထိကို တင်ပို့နေခြင်းဖြစ်ကြောင်း၊ ၁၉၉၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း သဘာဝဓာတ်ငွေ့ တင်ပို့မှု ပမာဏမှာ ၂၈ ရာခိုင်နှုန်းအထိ တိုးလာခြင်းဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ၏ ရေမြေအနေအထားနှင့် အိမ်နီးချင်းနိုင်ငံအချို့၏ စွမ်းအင်လိုအပ်ချက်များ ဖြစ်ပေါ်လာမှုကြောင့် မြန်မာနိုင်ငံသည် သဘာဝဓာတ်ငွေ့တင်ပို့မှုတွင် ထိပ်တန်းနိုင်ငံတစ်ခု ဖြစ်လာခြင်းဖြစ်သည်။ သဘာဝဓာတ်ငွေ့ကို ထိုင်းနိုင်ငံသို့ အဓိက တင်ပို့လျက်ရှိပြီး ထိုင်းနိုင်ငံ စွမ်းအင်သုံးစွဲမှု ပမာဏ၏ ၃၀ ရာခိုင်နှုန်းကျော်ကို မြန်မာနိုင်ငံမှ ရရှိခြင်းဖြစ်သည်။

ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းမှထွက်ရှိသည့် ဓာတ်ငွေ့များကို ပိုက်လိုင်းဖြင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ်မှ ထိုင်းနိုင်ငံ ကချနဘူရီခရိုင်အထိ သွယ်တန်းသွားမည်ဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံသို့ ကနဦး တစ်နေ့လျှင် ကုဗပေသန်းပေါင်း ၂၄၅ သန်းခန့် တင်ပို့ ရောင်းချသွားမည်ဖြစ်ကြောင်း၊ ဓာတ်ငွေ့ကုဗပေ သန်း ၆၀ ခန့်ကို ပြည်တွင်းသုံးအတွက် ပို့လွှတ်မည်ဖြစ်ကြောင်း PTTEPI ရေနံကုမ္ပဏီမှ ရရှိသော သတင်းများ အရ သိရှိရသည်။ ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းသည် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် PTTEPI တို့ ဖက်စပ်ဆောင်ရွက်သော လုပ်ငန်းဖြစ်ပြီး ထပ်မံရှာဖွေတွေ့ရှိမှုအပေါ် မူတည်၍ အဆင့်သုံးဆင့်ကို အဆင့်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍမှ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်အတွင်း ရေနံစိမ်းစည်သန်း ၆ ဒသမ ၉၆ သန်းနှင့် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၄၃၉၆၁၄ ဒသမ ၈၅ သန်း ထုတ်လုပ်ခဲ့ပြီး ဇောတိက၊ ရွှေ၊ ရွှေဖြူ၊ မြ သဘာဝဓာတ်ငွေ့မြေများမှ ဓာတ်ငွေ့များကို တရုတ်နှင့် ထိုင်းနိုင်ငံသို့ ၂၀၁၃ ခုနှစ်တွင် စတင် တင်ပို့ ရောင်းချရန် ပြင်ဆင်နေကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ ရတနာသဘာဝဓာတ်ငွေ့မြေနှင့် ရဲတံခွန်သဘာဝဓာတ်ငွေ့မြေများမှ ဓာတ်ငွေ့များကို ၁၉၉၈ ခုနှစ်နှင့် ၂၀၀၀ ပြည့်နှစ်များတွင် စတင်တင်ပို့ ရောင်းချခဲ့ပါသည်။ ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းမှ ထိုင်းနိုင်ငံသို့ ၃၆ လက်မ ပိုက်လိုင်းဖြင့် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၇၀၀ ခန့် နေ့စဉ် ပေးပို့ရောင်းချနေပြီး ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းမှ ၂၄ လက်မ ပိုက်လိုင်းဖြင့် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၄၆၀ ခန့် နေ့စဉ် ပေးပို့ ရောင်းချလျက်ရှိသည်။ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချမည့် ရွှေ၊ ရွှေဖြူ၊ မြ စသည့်သဘာဝ ဓာတ်ငွေ့မြေ အသီးသီးတို့တွင် သဘာဝဓာတ်ငွေ့ ပမာဏ ၄ ဒသမ ၅၃၂ တီစီ အက်ဖ်ခန့် ရှိသည်ဟု ခန့်မှန်းထားသည်။

ယင်းသို့ ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့ စသည့် စွမ်းအင်ရင်းမြစ်များကို အိမ်နီးချင်း နိုင်ငံများသို့ ရောင်းချမှုများ၊ ထပ်မံရောင်းချမည့် အစီအစဉ်များ ရှိနေချိန်တွင် နိုင်ငံတွင်း၌ လျှပ်စစ်မီး ပြတ်တောက်မှုများ များပြားလာကာ ရန်ကုန်၊မန္တလေး၊ မုံရွာစသည့် မြို့ကြီးများတွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများ စတင်ခဲ့သည်။
မန္တလေးမြို့တွင် လျှပ်စစ်မီး ရရှိရေးအတွက် ဆန္ဒပြ ထုတ်ဖော်မှုများကို မေလ ၂၀ ရက်နေ့မှ စတင်လုပ်ဆောင်ခဲ့ပြီး မေလ ၂၁ ရက်နေ့ ဒုတိယ ဆန္ဒထုတ်ဖော်မှုတွင် လူအမြောက်အမြား ပါဝင်လာခဲ့သည်။ အဆိုပါ ဆန္ဒပြ ထုတ်ဖော်မှုများနှင့် ပတ်သက်၍ မေလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် စာရေးဆရာ ညီပုလေး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်ခင်သန်းမြင့်နှင့်အဖွဲ့၊ ကဗျာဆရာ ဥက္ကာကျော် အစရှိသူတို့ အပါအ၀င် ဆန္ဒထုတ်ဖော်သူများ အား အထူးသတင်းတပ်ဖွဲ့က ခေါ်ယူစစ်ဆေးမေးမြန်းမှုကို ပြုလုပ်ခဲ့ကာ ယင်းနေ့ မွန်းလွဲပိုင်းတွင် ခေါ်ယူမေး မြန်းခံရသူ အားလုံးနီးပါး နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့သည်ဟု သိရသည်။

စာရေးဆရာ ညီပုလေးက ''အရင် ဖြတ်သန်းခဲ့တဲ့ စစ်ကြောရေး ပုံစံမျိုး မဟုတ်ပါဘူး။ ကောင်းကောင်းမွန်မွန် မေးမြန်းပြောဆိုပြီး လူကြီးလူကောင်းလို ဆက်ဆံပါတယ်။ အခုလို ဆန္ဒဖော်ထုတ်တဲ့သူတွေကို ပြည်ထောင်စုဝန်ကြီးတို့၊ လျှပ်စစ်ဝန်ကြီးတို့နဲ့ တွေ့ပေးချင်လို့ပါလို့ ပြောပါတယ်။ အရေးယူဖို့ မဟုတ်ပါဘူးတဲ့။ စီတန်းလှည့်လည်တဲ့ ဥပဒေ မပြဋ္ဌာန်းရသေးဘူးလို့လည်း ပြောပါတယ်။ အေးအေးချမ်းချမ်း ဆန္ဒဖော်ထုတ်ခွင့် ရတယ်ဆိုတာ လူတွေ သိသွားစေချင်တာ။ ကျွန်တော့် သဘောက ဆူမယ်။ ပူမယ် အကြမ်းဖက်မယ်။ ခဲနဲ့ပေါက်တာတွေ မီးနဲ့ရှို့တာတွေမလုပ် စေချင်ပါဘူး''ဟု ပြောပြခဲ့သည်။
''ကျွန်တော်တို့ ရပ်ကွက်ဆို မနက် ၁၁ နာရီကနေ ညနေ ၅ နာရီအထိမီး ပေးတယ်။ တခြားရပ်ကွက်က ည ၁၁ ကနေ မနက် ၆ ရတာရှိတယ်။ မနက် ၆ ကနေ နေ့လယ် ၁၁ နာရီပေးတာ ရှိတယ်။ မီးကလာချိန်သာ မမှန်တာ။ ပျက်ချိန်တော့ မှန်တယ်။ လာချိန်မှာ လည်း ပျက်ချင်ရင် ပျက်တယ်။ မီးအား မကောင်းဘူး။ ရေတင်လို့လည်း အဆင်မပြေဘူး။ ကျွန်တော်တို့ဆီမှာ မနေ့ညကတော့ ၇ နာရီလောက် ဆန္ဒဖော်ထုတ်တာ စလုပ်တယ်''ဟု မုံရွာမြို့မှ လူငယ်တစ်ဦးက မေလ ၂၂ ရက် နေ့ ညနေပိုင်းတွင် ပြောပြသည်။
ထို့အတူ ရန်ကုန်မြို့တွင်လည်း လျှပ်စစ်မီး ရရှိရေးအတွက် ဖယောင်းတိုင်မီးဖြင့် ဆန္ဒဖော်ထုတ်မှုများကို မေလ ၂၂ ရက်နေ့ ၇နာရီ ၀န်းကျင်တွင် မြို့တော်ခန်းမဘေး၌ စတင်ပြုလုပ်ခဲ့သည်။ မဟာဗန္ဓုလလမ်းနှင့် ၃၁ လမ်းအနီးတွင် လုံခြုံရေးတာဝန်ရှိ သူများက ဆက်လက် မသွားရောက်ရန်နှင့် ဖယောင်းတိုင် မီးငြှိမ်းသတ်ရန် ပြောကြားခဲ့ပြီး ညှိနှိုင်းမှုအပြီးတွင် ဆန္ဒဖော်ထုတ်သူများက ဆက်လက်မသွားတော့ဘဲ ထွန်းညှိထားသော ဖယောင်းတိုင်မီးများကို ဆူးလေဘုရားတွင် ထွန်းညှိ ပူဇော်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဆန္ဒဖော်ထုတ်သူများသည် ဆူးလေဘုရားတွင် ထွန်းညှိထားသော ဖယောင်းတိုင်မီးများဖြင့် ည ၇နာရီခွဲခန့်တွင် လျှပ်စစ်မီးရရှိရေးအတွက် ၀တ်ပြုဆုတောင်းခဲ့ကြောင်း သိရပါသည်။

ရန်ကုန်တိုင်းသည် မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားသုံးစွဲမှု၏ တစ်ဝက်နီးပါးဖြစ်သည့် မဂ္ဂါဝပ် ၈၀၀ ကျော် သုံးစွဲလျက်ရှိပြီး လက်ရှိအချိန်တွင် ရွှေလီ ဓာတ်အားပေးစက်ရုံမှ ဓာတ်အားပို့လွှတ်လျက်ရှိသော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းကြားရှိ ၂၃၀ ကေဗွီ ရွှေလီ-မန်စံ ဓာတ်အားလိုင်းသည် မေလ ၁၉ ရက်နေ့ နံနက် ၂ နာရီ ၄၇ မိနစ်တွင် ဖောက်ခွဲဖျက်ဆီးခံခဲ့ရသဖြင့် ရန်ကုန်အတွက် လျှပ်စစ်ဓာတ်အားကို မဂ္ဂါဝပ် ၄၅၀ သာ ပေးနိုင်တော့ကြောင်း သိရှိရသည်။

ရန်ကုန်မြို့တွင် မတ်လအတွင်း လျှပ်စစ်မီးပြတ်တောက်မှု ဖြစ်ပေါ်ခဲ့သော်လည်း ယင်းနောက်ပိုင်း ပုံမှန်ရရှိခဲ့ပြီး ယခုအခါ ပြန်လည်ပြတ်တောက်ခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်မြို့ လျှပ်စစ်မီးပေးရေးအတွက် ၂၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် ရွှေ့ပြောင်း မီးစက်ကြီး လေးလုံးကို အမေရိကန်အခြေစိုက် General Electric ( GE) ကုမ္ပဏီထံမှ ငှားရမ်းထားကြောင်း မကြာသေးမီက မီဒီယာများနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြား ခဲ့သည်။
''မီးမမှန်တဲ့အခါ အဓိက အခက်အခဲကြုံရတာတော့ ရေပြဿနာပါပဲ။ ကျွန်မအိမ်မှာ အဆောင်သူချည်း ဆယ်ယောက်ကျော် ရှိတယ်။ ရာသီဥတုက ပူ၊ မီးက ပျက်၊ ပန်ကာက သုံးမရနဲ့။ မီးလာတဲ့အချိန်မှာလည်း အိမ်တွေ အားလုံးက ရေတွေ ၀ိုင်းတင်ကြတော့ ရေက တင်မရဘူး။  ဘယ်စီမံကိန်းက လျှပ်စစ်ဘယ်လောက်နဲ့ မစားရ ၀ခမန်း ကြားနေရတယ်။ ပြီးရင် ပြည်သူတွေဆီကို ကျမလာဘူး''ဟု တာမွေမြို့နယ်နေ ဒေါ်ခင်သန်းက ပြောပါသည်။

''၂၁ ရက်နေ့ကစပြီး တစ်ရက်ကို ခြောက်နာရီနှုန်းနဲ့ မီးပျက်မယ်လို့ ပြောတယ်။ အဲဒီရက်မတိုင်မီ အရင်ရက်တွေကလည်း မီးမမှန်ပါဘူး။ ၂၁ ရက်နေ့မှာတော့ ပိုဆိုးလာတယ်''ဟု တောင်ဒဂုံမြို့နယ် ၅၆ ရပ်ကွက်တွင် နေထိုင်သူ မခင်ဝင်းက ပြောပြသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာ ပျမ်းမျှအားဖြင့် နေ့အချိန်တွင် ၁၆၀၀ မဂ္ဂါဝပ်၊ ညအချိန်တွင် ၁၈၀၀ မဂ္ဂါဝပ်ဖြစ်ပြီး လက်ရှိ လျှပ်စစ်ဓာတ်အား ပေးနိုင်မှုမှာ နေ့အချိန်တွင် ၉၀၀ မဂ္ဂါဝပ်နှင့် ညဘက်တွင် ၁၁၀၀ မဂ္ဂါဝပ်သာရှိကြောင်း သိရှိရသည်။
''လျှပ်စစ်ဝန်ကြီးဌာနအနေနဲ့ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ လူထုကို အသိပေးသင့်တယ်။ ဘယ်ရေအားလျှပ်စစ် စီမံကိန်းက ဘယ်လောက် ထွက်တယ်။ ဘယ်လောက်ကိုတော့ တင်ပို့ပြီးတော့ ဘယ်လောက်ကို ပြည်တွင်းမှာ သုံးစွဲခွင့် ပေးမယ်ဆိုတာမျိုး ဖြစ်သင့်တယ်။ လက်ရှိတင်ပို့ ရောင်းချနေတဲ့ အနေအထားကို ပြန်လည် သုံးသပ်ဖို့ လိုတယ်။ မကြာခင်မှာ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာမယ်။ မီးမလာရင် ရင်းနှီးမြှုပ်နှံသူတွေ လန်သွားလိမ့်မယ်။ ဒါကြောင့် အစိုးရအနေနဲ့ စွမ်းအင်နဲ့ပတ်သက်တဲ့ မူဝါဒတွေကို ပြန်လည်သုံးသပ်သင့်တယ်လို့ မြင်ပါတယ်''ဟု စာရေးဆရာ ဒေါက်တာခင်မောင်ညိုက ပြောပြခဲ့သည်။

''အဓိကကတော့ အများပြည်သူနဲ့ဆိုင်ရာ မူဝါဒ အားနည်းတာကြောင့်ပါ။ စီမံကိန်းတွေ မလုပ်ခင်မှာ ကိုယ့်တိုင်းပြည်၊ ကိုယ့်ပြည်သူတွေအတွက် အမှန်တကယ် လုံလောက်မှု ရှိ၊ မရှိ၊ ရရှိသုံးစွဲနိုင်မှု ရှိ၊ မရှိ အရင် စဉ်းစားပြီးတော့မှ ပြည်ပပို့တာကို စဉ်းစားသင့်တာပါ။ မြန်မာနိုင်ငံမှာက Public Policy အားနည်းတဲ့အတွက် ပြည်သူတွေကို စနစ်တကျ မကာကွယ်နိုင်ဘူး ဖြစ်နေတယ်''ဟု Gender and Deve-lopment Initiative မှ ဦးဆလိုင်း အိုက်ဇက်ခင်က ပြောကြားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ''အခုလုပ်နေတဲ့ လုပ်ထုံးလုပ်နည်းက အမှတ် (၁) လျှပ်စစ်ကနေ အမှတ် (၂)လျှပ်စစ်က ၀ယ်ပြီး လျှပ်စစ်ပေးရတယ်လို့ ပြောတယ်။ ဒီလို အမှတ် (၁)၊ (၂) ခွဲပြီး ဆောင်ရွက်နေတာကိုက သဘာဝမကျဘူး။ ပြည်တွင်း ဖြန့်ဖြူးဖို့ လျှပ်စစ်ဓာတ်အား မလုံလောက်ဘူးလို့ အမှတ် (၂) လျှပ်စစ်က အကြိမ်ကြိမ် ပြောလာတယ်။ ၀န်ကြီးဌာနတွေအနေနဲ့ ပြည်ပရောင်းဖို့ အဓိကကျသလား။ ပြည်တွင်းအတွက် အရေးကြီးသလား စဉ်းစားဖို့ လိုပါတယ်။ နောက်ထွက်လာမယ့် သဘာဝဓာတ်ငွေ့တွေ၊ လျှပ်စစ်တွေကို ရောင်းစားပြီး ပြည်သူတွ အမှောင်ထဲမှာ နေရမယ်ဆိုရင် သဘာဝမကျပါဘူး''ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံမှ စွမ်းအင်များ ရောင်းချခြင်းဖြင့် နိုင်ငံခြားဝင်ငွေများစွာ ရရှိနေသော်လည်း ကုန်ခမ်းနိုင်သည့် စွမ်းအင်မျိုးဖြစ်နေသည့်အတွက် စွမ်းအင်နှင့်ပတ်သက်သည့် မူဝါဒများ ရေရှည်အတွက် အလေးထား ချမှတ်ဆောင် ရွက်သင့်ကြောင်းလည်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။

ရေအားလျှပ်စစ်စီမံကိန်းအချို့၏ အချက်အလက်များ


ရွှေလီ ရေအားလျှပ်စစ်စီမံကိန်း(ရှမ်းပြည်နယ်မြောက်ပိုင်း)
  • ရွှေလီမြစ်ပေါ်ရှိ ရွှေလီ(၁)ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ရန်အတွက် အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ Yunnan United Power Development Co., Ltd (YUPD) တို့ ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် သဘောတူ လက်မှတ်ရေးထိုး။
  • ရွှေလီ(၂) ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ရန်အတွက် အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ Huaneng Lancang River Hydropower Co.,Ltd တို့ ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် သဘောတူ လက်မှတ်ရေးထိုး။
ဟတ်ကြီး ရေအားလျှပ်စစ်စီမံကိန်း(ကရင်ပြည်နယ်)
  • သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် အဆိုပါ စီမံကိန်း အကောင်အထည်ဖော်ရန်အတွက် အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ တရုတ်နိုင်ငံ SinoHydro Corporation Limited ၊ ထိုင်းနိုင်ငံ EGAT International Co.,Ltd နှင့် International Group of Entrepreneur Company Limited တို့ ၂၀၁၀ ပြည့်နှစ် ဧပြီလ ၂၄ ရက်နေ့တွင် သဘောတူ လက်မှတ်ရေးထိုး။

ထမံသီ ရေအားလျှပ်စစ်စီမံကိန်း(စစ်ကိုင်းတိုင်းဒေသကြီး)
  • ချင်းတွင်းမြစ်ပေါ်တွင် တည်ဆောက်မည့် ထမံသီ ရေအားလျှပ်စစ် စီမံကိန်း အကောင်အထည်ဖော်ရန်အတွက် အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် အိန္ဒိယနိုင်ငံ National Hydroelectric Power Corporation Limited(NHPC)တို့ ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က သဘောတူ လက်မှတ်ရေးထိုး။

တာပိန် ရေအားလျှပ်စစ်စီမံကိန်း(ကချင်ပြည်နယ်)
  • ဧရာဝတီမြစ်၏ မြစ်လက်တက်ဖြစ်သော တာပိန်မြစ်ပေါ်တွင် တည်ဆောက်မည့် တာပိန်(၁) ရေအားလျှပ်စစ် စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီးအား တရုတ်နိုင်ငံ Datang(Yunan) United Hydropower Developing Co.,Ltd မှ ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က လာရောက်ဆွေးနွေး။
  • တာပိန်(၂) ရေအားလျှပ်စစ် စီမံကိန်းအတွက် အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် Datang(Yunan) United Hydropower Developing Co.,Ltd တို့ ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့က သဘောတူ လက်မှတ်ရေးထိုး။

ဧရာဝတီ၊ မေခ-မလိခမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ(ကချင်ပြည်နယ်)
  • ချီဖွေငယ် ရေအားလျှပ်စစ် စီမံကိန်းအတွက် အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ China Power Investment Corporation (CPI) တို့ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ကန်ထရိုက်စာချုပ် လက်မှတ်ရေးထိုး။
  • ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် အမှတ်(၁)လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၀န်ကြီးနှင့် CPI မှ Vice President နှင့်အဖွဲ့တို့ တွေ့ဆုံပြီး ပူးပေါင်း အကောင်အထည်ဖော်မည့် ဧရာဝတီ၊ မေခ-မလိခမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများနှင့် ပတ်သက်၍ ဆွေးနွေး။
  • ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းလုပ်ငန်း စတင်ခြင်း အခမ်းအနားပြုလုပ်။


အထက်သံလွင် ရေအားလျှပ်စစ်စီမံကိန်း(ရှမ်းပြည်နယ်)
  • စီမံကိန်းအတွက် အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ Hanergy Holding Group Limited(Hanergy) နှင့် Goldwater Resources Limited(GRL) တို့ ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က သဘောတူ လက်မှတ်ရေးထိုး။
(မှတ်ချက်- အဆိုပါ စီမံကိန်းများမှ ရာခိုင်နှုန်းမည်မျှ ရောင်းချမည်ကို တရားဝင် ထုတ်ပြန်မှုမရှိပါ။ အဖွဲ့အစည်းအချို့နှင့် လေ့လာသူများ၏ အဆိုအရ ယင်းစီမံကိန်းများသည် သက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံသည့် နိုင်ငံများသို့ ထွက်ရှိသော လျှပ်စစ်များ၏ ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းကို ရောင်းချမည်ဖြစ်သည်ဟု သိရသည်။)

eleven media
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free