မနေ့က နံနက် ၈ နာရီခန့်က ထားဝယ်မြို့သို့ ရောက်ရှိလာသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၏ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ် ခရီးစဉ်အတွင်း ကြိုဆိုရေးဆိုင်းဘုတ်များ ဖြုတ်ခိုင်းခြင်း ခရီးစဉ်များအတွက် နေရာအခက်အခဲများကြုံရခြင်းတို့ကို ဆက်တိုက်ဆိုသလို ရင်ဆိုင်နေရကြောင်း ထားဝယ် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုကျော်ကျော်သက်က ပြောကြားသည်။

ထားဝယ်မြို့မှ တဆင့် လောင်းလုံမြို့နယ်သို့ ယနေ့ နံနက်တွင် ထွက်ခွာသွားသော ၈၈ မျိုးဆက်ကျောင်းသား များ၏ ယာဉ်တန်းကို ကြိုဆိုရန် ချိတ်ဆွဲထားသည့် “၈၈ မျိုးဆက်ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေးခရီးစဉ် “ ကို ကြိုဆိုကြောင်း ဆိုင်းဘုတ်များအား အာဏာပိုင်များမှ ဖြုတ်ခိုင်းခဲ့ခြင်းဖြစ်သည်ဟု ၄င်းကဆိုသည်။

“ သူတို့ပြောတာက တရားဝင်အဖွဲ့အစည်းလဲမဟုတ်ဘူး၊ ပါတီလည်းမဟုတ်ဘူး၊ NGO လဲမဟုတ်ဘူးဆိုတော့ ဆွေးနွေးပွဲလုပ်ရင် ပရ၀ုဏ်တစ်ခုထဲမှာပဲ လုပ်ဖို့ပြောတယ်။ ခယက ဥက္ကဌ ဆီကိုတော့ ပြန်တင်ပြထားတယ်၊ ခုထိတော့ အကြောင်း မပြန်သေးဘူး “ ဟု ၎င်းက ဆက်လက်ပြောကြားသည်။

၁၆ ရက်နေ့ ကံပေါက်ခရီးစဉ်တွင်လည်း လူထုနှင့် တွေ့ဆုံဆွေးနွေးမည့် ကျောက်ကညာကျေးရွာ မှ ဘုန်းကြီးကျောင်း အတွင်း ပြင်ဆင်ထားသည့် စင်ကိုလည်း ဖျက်ခိုင်းလိုက်ကြောင်း၊ ကံပေါက်ဘောလုံးကွင်းကို အသုံးပြုခွင့်မရသည့်အတွက် အခြားနေရာတစ်ခုသို့ ပြောင်းရွှေ့ထားပြီးဖြစ်ကြောင်း ထားဝယ် ၈၈ ကျောင်းသားများအဖွဲ့မှ သိရသည်။

“ ရေဖြူ မယက ကတော့ ကံပေါက်အုပ်ချုပ်ရေးမှုးကတဆင့် ကျနော်တို့ကို ဆိုင်ကယ်နဲ့ နှစ်ယောက်လောက်ပဲ သွားကြိုစေ ချင်တဲ့ သဘောပြောတယ်။ သိုက်သိုက်ဝန်းဝန်းမဖြစ်စေချင်တဲ့ သဘောပေါ့ဗျာ “ ဟု ၈၈ ကျောင်းသားများ၏ ကံပေါက်ခရီးစဉ်အား စီစဉ်ပေးနေသူ ဒေသခံတစ်ဦးက ပြောသည်။

ကံပေါက်ရှိ ဘောလုံးကွင်းနေရာအစား ပုဂ္ဂလိကပိုင် ခန်းမတစ်ခုကို စီစဉ်ထားပြီးဖြစ်ကာ ကံပေါက်ဒေသရှိ လူထု၏ လက်ရှိအခြေအနေ နှင့် အခက်အခဲများအား စာတမ်းတစ်ခုအနေဖြင့် ဖတ်ကြားဆွေးနွေးရန် စီစဉ်ထားသည်ဟု ၎င်းကဆိုသည်။

“ အောက်ခြေမှာ အပြောင်းအလဲမရှိသေးဘူး ဆိုတာ ဒါတွေက သက်သေပြနေတယ် “ ဟု ထားဝယ်ဒေသခံ လူငယ်တစ်ဦး က ဝေဖန်ပြောဆိုသည်။

၈၈ မျိုးဆက်ကျောင်းသားများ၏ ထားဝယ်ခရီးစဉ်အတွင်း ပထမနေ့ခရီးစဉ်အဖြစ်လောင်းလုံမြို့နယ်၊ ဒုတိယနေ့တွင် ကံပေါက်ဒေသ၊ တတိယနေ့တွင် နဘုလယ်ဒေသနှင့် မောင်းမကန်တို့သို့ သွားရောက်မည်ဖြစ်ကာ ထားဝယ်ဒေသရှိ လူမှုရေး အသင်းအဖွဲ့များနှင့်လည်း တွေ့ဆုံဆွေးနွေးမည်ဟု ထားဝယ် မျိုးဆက် ကျောင်းသားများအဖွဲ့မှ ထုတ်ပြန်သည့် လက်ကမ်းစာစောင်များတွင်  ဖော်ပြထားသည်။

ယခင်သီတင်းပတ်က ၈၈ မျိုးဆက်ကျောင်းသားများ၏ ဧရာဝတီတိုင်း ပုသိမ်ခရီးစဉ်တွင်လည်း အလားတူဖြစ်ရပ်မျိုးကြုံတွေ့ခဲ့ရသည်။

 

YPI မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free