နှစ်ပေါင်း ၆၀ ကျော်ကြာ လက်နက်ကိုင် အဖွဲ့အစည်း အဖြစ် ရပ်တည်လာခဲ့သည့်
ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး
ဖော်ဆောင်မှု အဖွဲ့တို့ အပစ်အခတ် ရပ်စဲရေး သဘောတူ ပြီးနောက် KNU တပ်မဟာ ၃
အခြေစိုက်ရာ ပဲခူးတိုင်း ဒေသကြီး ကျောက်ကြီးမြို့တွင် မေလ ၂၈ ရက်နေ့က
ပထမဆုံးအကြိမ် နိုင်ငံသား မှတ်ပုံတင် ထုတ်ပေးခဲ...့သည်။
လက်ရှိတွင် နေရပ်ဒေသသို့ ပြန်လည်ဝင်ရောက် နေထိုင်ကြမည့် အမျိုးသား ၃၃ ဦးနှင့် အမျိုးသမီး ၃ ဦး တို့ကို မှတ်ပုံတင် ထုတ်ပေးခဲ့ပြီး နောက်ထပ်လည်း ဆက်လက် ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။
နေရပ် ပြန်လည် အခြေချ နေထိုင်မည့် သူများအတွက် တရားဝင် နေထိုင်ခွင့်နှင့် နိုင်ငံအနှံ့ ခရီးသွားလာခွင့်တို့ အတွက် မှတ်ပုံတင် ရရှိရေးမှာ အရေးကြီးသည့် အတွက် ဦးစားပေး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံသား စိစစ်ရေးကတ် ထုတ်ပေးရန် အတွက်မူ မျိုးရိုးစဉ်ဆက် ဇယားများ ဖြည့်စွက်ရမည် ဖြစ်ပြီး ကြာမြင့်မည် ဖြစ်သည့်အတွက် ပထမအဆင့် အနေဖြင့် မှတ်ပုံတင်ကတ်ကိုသာ ထုတ်ပေးရခြင်း ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ကျောက်ကြီးမြို့တွင် ပြုလုပ်သော မှတ်ပုံတင် ထုတ်ပေးသည့် အခမ်းအနားတွင် ရှင်းလင်း ပြောဆိုသည်။
ကရင် အမျိုးသား အစည်းအရုံးမှ ဗိုလ်မှူးကြီး စောထူးထူးလေး ကလည်း နေရပ် ပြန်လည်အခြေချ နေထိုင်သူများ အတွက် မှတ်ပုံတင် ထုတ်ပေးမှုကို ကြိုဆိုကြောင်း ပြောဆိုသည်။
အဆိုပါ အခမ်းအနားသို့ တက်ရောက် လေ့လာခဲ့သော နော်ဝေ နိုင်ငံခြားရေး ဝန်ကြီး Mr.Jonas Gahr Store က မြန်မာ အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များ အတွက် အမေရိကန် ဒေါ်လာငါးသန်း ကူညီမည် ဖြစ်ပြီး နောက်ပိုင်းတွင်လည်း အကူအညီများ ဆက်လက် ပေးအပ်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
Copy From The Voice

Leave a comment