thn-14-11-12-11နိုဝင်ဘာလ၁၁ရက်နေ့က လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့်  မင်းကွန်းခေါင်းလောင်းကြီး အနည်းငယ်ရွေ့လျားသွားခဲ့ပြီး ကြံ့ ခိုင်မှုအခြေအနေအရ မင်းကွန်းပုထိုးတော်ကြီးပေါ်သို့လည်း တက်ရောက်လေ့လာကြည့်ရှုခွင့် ပိတ်ပင်လိုက်ကြောင်း သိရသည်။
''ငလျင်မလှုပ်ခင်က ခေါင်းလောင်းကြီးရဲ့ တောင်ဘက်ထောက်တိုင်နဲ့ ခေါင်းလောင်းကြားက ကလေးတစ်ယောက် တိုးဝင်လို့ရသလောက်ပဲဟတာ။ အခုလူကြီးတစ်ယောက်တောင် အလွယ်တစ်ကူသွားလို့ ရသွားတယ်။ တောင်ဘက်ခြမ်းကနေ မြောက်ဘက်ခြမ်းကို ရွေ့သွားတော့ မြောက်ဘက်ခြမ်းထောက်တိုင်နဲ့ ခေါင်းလောင်းနှုတ်ခမ်းသားက အရင်ကထက် ပိုကပ်သွားတယ်။ ငလျင်လှုပ်နေတဲ့အချိန် ဟိုဘက်ဒီဘက်ယိုင်းနေတဲ့အတွက် တောင်နဲ့မြောက်ထောက် တိုင်တွေ ခေါင်းလောင်းနှုတ်ခမ်းသားနဲ့ ပွတ်တိုက်မိပြီး အနည်းငယ်ခွက်သွားတယ်။ ခေါင်းလောင်းကြီးရဲ့အရှေ့ဘက်ကနည်းနည်းမြင့်သွားပြီး အနောက်ဘက်က နည်းနည်းနိမ့်သွားတယ်''ဟု မင်းကွန်းခေါင်းလောင်းကြီးရှိ ဓာတ်ပုံရိုက်ကူးရေးအဖွဲ့က ပြောကြားပါသည်။
အဆိုပါငလျင်ဒဏ်ကြောင့် မင်းကွန်းဒေသရှိ ကမ္ဘာကျော် မင်းကွန်းခေါင်းလောင်းတော်ကြီး အပါအ၀င် သမိုင်းဝင်အထင်ကရ စေတီပုထိုးများဖြစ်ကြသည့် မြသိန်းတန်စေတီတော်ကြီး၊ မင်းကွန်းပုထိုးတော်(အုတ်ပန္န)ကြီး၊  မင်းကွန်းဆရာတော်ဘုရားကြီး၏ ဓမ္မနဒ္ဒရာပြည့်ကျောင်းဆောင်ကြီးနှင့် အခြားစေတီပုထိုးများ အက်ကွဲပြိုကျမှုများဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
''ငလျင်လှုပ်ပြီး နောက်ရက်မှာ သက်ဆိုင်ရာလူကြီးတွေ မင်းကွန်းဒေသကို လာရောက်ကြည့်ကြပြီး ပုထိုးတော်ကြီးပေါ်ကို တက်ရောက်ခွင့် ပိတ်ထားလိုက်တယ်။ ငလျင်လှုပ်တဲ့နေ့ မနက်ပိုင်းမှာကို ပုထိုးတော်ကြီးပေါ်မှာ ပြည်တွင်း ဘုရားဖူးသုံးဦးရှိနေတယ်။ ဒေသခံတွေက အောက်ကိုဆင်းခဲ့ဖို့ဝိုင်း ပြောကြတယ်။သူတို့လည်း မဆင်းကြတော့ အပေါ်မှာပဲပေနေခဲ့ပြီး ငလျင်လူပ်ပြီးမှ ပြန်ဆင်းလာကြတာ။ ထိခိုက်ဒဏ်ရာတော့မရကြဘူး''ဟု ပုထိုးတော်ကြီးအနီးရှိ ပန်းချီပြခန်းမှ ပန်းချီဆရာတစ်ဦးက ပြောကြားပါသည်။
''မြသိန်းတန်စေတီ ကြီးရဲ့ ထီးတော်အောက်ပိုင်း ငှက်ပျောဖူးနေရာရှိ အင်္ဂတေရွဲလုံးတွေ၊ ထီးတော်မှာချိတ်ဆွဲထားတဲ့ ညောင်ရွက်တွေ အက်ကွဲပြီးပြုတ်ကျကုန်တယ်။ မင်းကွန်း ဆရာတော်ဘုရားကြီး အထိမ်းအမှတ် ရာပြည့်ကျောင်းဆောင်ကွန်ကရစ်တိုင်တွေ အက်ကွဲပြီး ကွာကျသွားတယ်။ ပုထိုးတော်ကြီးအရှေ့ တောင်ဘက်ထိပ်ပိုင်းမှာရှိတဲ့ ပြိုလဲနေတဲ့အုတ်ရိုးတွေက ငလျင်လှုပ်တော့အရင်အက်ကြောင်းတွေထဲ ပြိုကျကုန်တယ်'' ဟု မင်းကွန်းတောင်ရွာမှ ဒေသခံတစ်ဦးက ပြောကြားပါသည်။
မင်းကွန်းပုထိုးတော် ကြီးကို ၁၁၅၂ခုနှစ်၊တပို့တွဲလဆန်း(၅) ရက် ကြသပတေးနေ့တွင် စတင်အုပ်မြစ်ချဆောက်လုပ်ခဲ့ပြီး သက္ကရာဇ် ၁၂၀၀ပြည့်နှစ်(ခရစ်နှစ် ၁၈၃၈)ခုနှစ်၌ လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ပုထိုးတော်ကြီး၏ လေးဘက်လေးတန် အက်ကွဲ ပြိုကျခဲ့ပြီး မင်းကွန်းဒေသ ကြီးလေးကြီးတွင် တစ်ခုအပါအ၀င်ဖြစ်သည့် ခြင်္သေ့ကြီးနှစ်ကောင်၏ ဦးခေါင်းပိုင်းများပြိုကျခဲ့ကြောင်း၊ မင်းကွန်းခေါင်းလောင်းတော်ကြီးအား ၁၁၇၀ပြည့်နှစ်၊ ကဆုန်လဆန်း(၅) ရက်နေ့တွင် ဘိုးတော်ဘုရားမှ ပုထိုးတော်ကြီး၏ အဆင်တန်ဆာအင်္ဂါအဖြစ် သွန်းလောင်းထားရှိစေခဲ့ပြီး ၁၈၃၈ခုနှစ်တွင် မြေငလျင်ဒဏ်ကြောင့် ခေါင်းလောင်းတော်ကြီး ပြုတ်ကျမြေခခဲ့ဖူးကြောင်း သိရသည်။

Copy From Eleven Media
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free