အကောင်းဆုံး အချိန်

ဖွံ့ဖြိုးရန် အသင့်ဆုံး နိုင်ငံတွေ ထဲတွင် ပါဝင်သည်မှာ ကြာမြင့် လှပြီး ယခုချိန်ထိ မဖွံ့ဖြိုးသေးသော နိုင်ငံမှာ မြန်မာနိုင်ငံ ဖြစ်သည်။ မည်သည့်အခါတွင် မြန်မာနိုင်ငံ ဖွံ့ဖြိုးမည်လဲ။

အောင်မြင်ရန် အလားအလာ အင်မတန်ကောင်းသော နိုင်ငံ အဖြစ် လွန်ခဲ့သော နှစ်ခြောက်ဆယ်ကျော် ကတည်းက မြန်မာနိုင်ငံ သည် စာရင်းပေါက် အင်းပေါက် ဖြစ်ခဲ့သည်။ လွတ်လပ်ရေး မရမီ၊ ရပြီးစက ရေးသား ထုတ်ဝေခဲ့သော ဖွံ့ဖြိုးရေး၊ နိုင်ငံရေး စာအုပ်များကို ကြည့်လိုက်လျှင် အာရှဒေသမှ အလားအလာ အင်မတန် ကောင်းသော နိုင်ငံဟု မြန်မာနိုင်ငံကို ဟောကိန်း ထုတ်ကြသည်ကို မြင်တွေ့ရမည်။မြန်မာနိုင်ငံသည် မကြာမီ ရှေ့ရောက်လာမည့် နိုင်ငံ၊ ထွန်းပေါက်မည့် နိုင်ငံ။

သို့သော် လွတ်လပ်ရေးပင် ရမည် မကြံသေး။ မမျှော်လင့်ဘဲ ဗိုလ်ချုပ်တို့ လုပ်ကြံခံခဲ့ရသည်။ အားလုံး ကြိမ်မီး အုံးသလို ပူဆွေး သောကရောက်ကြ၊ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကုန်ကြသလို၊ တောက်တခေါက်ခေါက် သေနတ်တပြင်ပြင်နှင့် လက်တုံ့ပြန်မည် ဆိုသူ ကလည်း တကဲကဲ။ ပျော်မည်မှ မကြံသေး ရင်ဝ ဆို့စရာ ကြုံရသည် ကိုး။ သို့နှင့် တထိတ်ထိတ် တလန့်လန့်နှင့်ပင် လွတ်လပ်ရေး ရခဲ့သည်။
လွတ်လပ်ရေး ရသည်နှင့် အိမ်ကြက် အချင်းချင်း သဲကြီးမဲကြီး ခွပ်ပွဲကြီး စခဲ့သည်။ အင်္ဂလိပ်နှင့် ဂျပန်ကို တိုက်ရာတွင် ကျောချင်းကပ် ခဲ့သော ရဲဘော်ရဲဘက်တို့၏ သေနတ်ပြောင်းဝများ အချင်းချင်းဘက် သို့ လှည့်ကြပြီ။ အမှန်တွင် လွတ်လပ်ရေး မရခင်ကတည်းက တောခို သည့် အဖွဲ့က တောခိုခဲ့ပြီ။ လွတ်လပ်ရေးလည်း ရရော ခက်ဖွယ်ရယ်ကြုံ လက်နက်ကယ် စုံအညီနှင့်။ ဝါဒ အခြေခံသော အလံဖြူ၊ အလံနီ ကွန်မြူ နစ်များ၊ တောခိုရဲဘော်များ၊ လူမျိုးရေး အခြေခံသော KNDO ကဲ့သို့ အဖွဲ့များနှင့် သိုက်သိုက်မြိုက်မြိုက်။ အလံစုံ၊ အရောင်စုံ လွန်းသော ကြောင့် ရောင်စုံ သူပုန်ဟု ကင်ပွန်းတပ် ရသည်အထိ။

သောင်းကျန်းသူ တပ်များ ရန်ကုန် အနီးတစ်ဝိုက်ကို ထိုးစစ်ဆင်နေပြီး တစ်နိုင်ငံလုံး တွင် အခရာ ကျသောမြို့ကြီးများ ကျကုန် သောကြောင့် ရန်ကုန်မြို့ကို သာ အစိုးရသည့် ရန်ကုန်အစိုးရ (Yangon Government) ဟု နိုင်ငံခြား သတင်းစာများက ထေ့ငေါ့ ခံရသည့် အခြေဆိုက်သည်။နောက်ပိုင်း လက်နက်ကိုင် ဆန့်ကျင်မှုများ တဖြည်းဖြည်း အရှိန်ကျ သွားပြီး တည်ဆောက်ရေးဘက် ဦးလှည့် လာနိုင်လာတော့ နာမည်ကြီး တည်ဆောက်ရေး အကြံ ပြည်တော်သာ စီမံကိန်းနှင့် တိုးပြန်သည်။လူတစ်ကိုယ် တိုက်တစ်လုံး၊ ကားတစ်စီး၊ လခရှစ်ရာ (ထိုစဉ်က လခရှစ်ရာ) ရစေမည် ဆိုသော ဧရာမ ရည်မှန်းချက်နှင့်။ အကြောင်း ကြောင်းကြောင့် ထိုစီမံကိန်းလည်း အကြီးအကျယ် ကျရှုံးကာ ပြည်တော် မသာနိုင်ဘဲ အောင်ဖျာ လိပ်ရသည်။

၁၉၄၈ နှင့် ၁၉၆၂ ကြားကာလကို ရုတ်တရက်ကြည့်လျှင် ရွှေခေတ်ဟု ထင်ရသည်။ ဒီမိုကရေစီရှိ၊ သတင်းစာ လွတ်လပ်ခွင့်လည်း ရှိသည်။ သို့သော် ခေတ်က ပေးလာသော အခွင့်အရေးကို ရအောင်ယူ၊ တိုးတက်အောင် မလုပ်ဆောင် နိုင်ခဲ့ကြ။ ပြည်တွင်း လက်နက်ကိုင် ဆန့်ကျင်မှုများ၊ အာဏာရ ပါတီတွင်း အကွဲအပြဲများကြောင့် နိုင်ငံ တည်ဆောက်ရေးတွင် ချို့ယွင်း ခဲ့သလို နိုင်ငံတွင်း လူသား အရင်းအမြစ် အားနည်းခြင်းကို မကုစား နိုင်ခဲ့သောကြောင့်လည်း ပါသည်။

၁၉၆၀၊ ၇၀၊ ၈၀တို့တွင်လည်း မြန်မာနိုင်ငံသည် အာရှမှ အလားအလာ အကောင်းဆုံး နိုင်ငံများ စာရင်းတွင် ပန်းပန်လျက်။ တော်လှန်ရေး ကောင်စီနှင့် ဆိုရှယ်လစ် လမ်းစဉ် ပါတီ နှစ်ခု ပေါင်းထား သော ထိုကာလ ၁၉၆၂-၁၉၈၈ သည် ဖွံ့ဖြိုးရေး အရ တည်တည် ငြိမ်ငြိမ်နှင့် ထိုးဆင်းနေသောကာလဟု သတ်မှတ်ရမည်။ နိုင်ငံကို တံခါးပိတ် လိုက်ခြင်းကြောင့် အကောင်းရော အဆိုးပါ ဝင်မလာတော့။ အကောင်းဝင်မလာခြင်းကများပြီး ပြည်တွင်းတွင်လည်း တော်သူ အပြတ် ရှင်းဝါဒကြောင့် ကြိုးစားလိုစိတ် ပျောက်ကွယ်ကာ ဘက်ပေါင်းစုံတွင် ချွတ်ခြုံ ကျခဲ့သည်။ ဆိုရှယ်လစ် နိုင်ငံ တည်ထောင်ရေး ဆိုပြီး ဟစ်ကြွေး ခဲ့သော်လည်း ထိုစနစ်မျိုးကိုသာ ဆိုရှယ်လစ် စနစ်ဟု ခေါ်ရလျှင် ဆိုရှယ်လစ် စနစ် နာမည်ပျက် ရရုံသာ ရှိကြောင်း လာရောက် လေ့လာ သွားသော ဆိုရှယ်လစ်နိုင်ငံ ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့က မှတ်ချက် ပြုသွားကြောင်း ကြားခဲ့ရသည်။ အားလုံး သာတူညီမျှ တိုးတက်ရ မည်ဆိုသော ဆိုရှယ်လစ်စနစ်၏ ရည်မှန်းချက်နှင့် တစ်စိတ်တစ်ပိုင်း ကိုက်ညီပြီး လူတန်းစား မညီမျှမှု နည်းသော်လည်း အားလုံး တိုးတက် ခြင်းမဟုတ်၊ အားလုံးမွဲကြရသော ညီမျှမှုမျိုး ဖြစ်နေသည်။ ဖွံ့ဖြိုးမှု အနိမ့်ဆုံး နိုင်ငံများ စာရင်းသို့ ထိုခေတ်တွင်ပင် မြန်မာနိုင်ငံ တရားဝင် ရောက်ရှိခဲ့သည်။

ထိုသို့ဖြင့် ၁၉၈၈ တွင် ဆိုရှယ်လစ် အစိုးရ ဝုန်းခနဲ ဒိုင်းခနဲ ပြုတ်ကျသွားကာ တပ်မတော် အစိုးရ တက်လာသည်။ တံခါးတစ်ဝက် တစ်ပျက် လှစ်ဟလိုက်ရာ စီးပွားရေး နှစ်အနည်းငယ် တက်ခဲ့သော် လည်း နောက်ပိုင်းတန့်ကာ ပြန်လည် ကျဆင်းသွားခဲ့သည်။ စီမံခန့်ခွဲမှု အားနည်းရသည့် အထဲ ပြည်ပမှ အရေးယူ ပိတ်ဆို့မှုများက ဘူးလေးရာ ဖရုံဆင့်၊ နူရာဝဲစွဲ လဲရာသူခိုးထောင်း။ ပညာရေးပိုင်းတွင် လူများများ ပညာသင်နိုင်အောင် (Mass Education) ကြိုးစားမှု မြင်တွေ့ရသော် လည်း အရည်အသွေး ထိုးကျသွားသည်။ ကျန်းမာရေးတွင်လည်း ထိုနည်းလည်းကောင်း။ စီးပွားရေး အခွင့်အလမ်း အချို့ တက်လာသော် လည်း စီးပွားရေး လည်ပတ်ပုံမှာ မူမမှန် ပုံပျက်ပန်းပျက်။ ငွေကြေး ဖောင်းပွမှုမြင့်မား၊ ဈေးနှုန်းများ ကပြောင်းကပြန်၊ စီးပွားရေး ရေခံ မြေခံ ညံ့ဖျင်းသည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံမှာမူ အလားအလာ အကောင်းဆုံး နိုင်ငံများထဲတွင် ပါနေဆဲ။

မြန်မာနိုင်ငံ မမောနိုင် မပန်းနိုင် အလားအလာကောင်းများ ဆက်လက် ပိုင်ဆိုင် နေဆဲတွင် မြန်မာလောက် အလားအလာ မကောင်း ဟု အထင်ခံရသော နိုင်ငံများ၊ တန်းတူ အလားအလာကောင်း နိုင်ငံများ သည် ဖြတ်တက်သွားခဲ့ပြီ။ ပြိုင်တူလောက် လွတ်လပ်ရေး ရခဲ့သောတောင်ကိုရီးယားနှင့် ၁၉၆၀ လောက်အထိ မတိမ်းမယိမ်းသာ။ ယခုမူ တောင်ကိုရီးယားကို ယှဉ်တွေးရန် ဝေးစွ၊ ခေါင်းထဲတွင် ထည့်စရာ မလို တော့လောက်အောင် ဟိုးအဝေးကြီးတွင် ရောက်နေခဲ့ပြီ။

၁၉၉၀ ခန့်က ပြိုင်တူနီးနီး တံခါး ဖွင့်ခဲ့သော ဗီယက်နမ် အာရှ၏ ပဉ္စမကျားဟုပင် တင်စားခံနေရပြီ။ ဗီယက်နမ် ဆိုသည်မှာ အမေရိကန်နှင့်ဖြစ်သော စစ်ကြောင့် ကြေမွခဲ့ပြီး သန်းချီသေခဲ့သည်။ ရဲရဲတောက် တပ်နီများနှင့် ကမ္ဘာ့ လူဦးရေ အများဆုံး ကွန်မြူနစ် နိုင်ငံဖြစ်ခဲ့သော တရုတ်နိုင်ငံ ၁၉၈၀ လောက်တွင် စပြောင်းလိုက်သည်မှာ နှစ် ၃၀ လောက်နှင့် နိုင်ငံသား သန်းရာချီပြီး ဆင်းရဲတွင်းထဲမှ ဆွဲထုတ် လိုက်နိုင်သည်။ ခမာနီ မတရား ညှဉ်းပန်း သတ်ဖြတ်သောကြောင့် အပြစ်မဲ့ပြည်သူ တစ်သန်းလောက် သေကျေကာ ပညာတတ် မျိုးဆက် တစ်ဆက် ပျောက်ခဲ့သလို နိုင်ငံ ကြေမွခဲ့သည့် ကမ္ဘောဒီးယား ကဲ့သို့ နိုင်ငံပင် ကျွန်တော်တို့၏ ရှေ့တွင်ရောက်နေပြီ။ လာအိုကဲ့သို့ ကုန်းတွင်းပိတ် နိုင်ငံ ပိစိကွေးပင် ကျွန်တော်တို့ထက် သာသည်။ အဝေးပြေး လမ်းမကြီးများ ဖြောင့်လှဖြူးလှသလို လက်ကိုင်ဖုန်းများကို မြန်မာငွေ သုံးလေးထောင်လောက်နှင့် ကျွန်တော် မှတ်မိသလောက် လွန်ခဲ့သော ခြောက်နှစ် ခုနစ်နှစ်လောက် ကတည်းက ကိုင်နေခဲ့ကြသည်။

၂၀၁၁ တွင် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး စတင်ခဲ့သည်။ တဖြည်းဖြည်းနှင့် အရှိန်ရလာပြီး တကယ်ပြောင်းပြီဟု ပြည်တွင်း ပြည်ပ အသိအမှတ် ပြုလာခဲ့သည်။ အလားအလာ အကောင်းဆုံး နိုင်ငံအဖြစ် တစ်ကမ္ဘာလုံးက တစ်ခဲနက် ဟစ်ကြွေး လာကြသလို အူလှိုက်သည်းလှိုက် စိတ်ဝင်တစား ပူးပေါင်း ဆောင်ရွက် ချင်လာ ကြသည်။ စိတ်ပျက် အားလျော့ရသော ဘဝမှ မြန်မာတို့ စိတ်အားတက် ရသည်၊ မျက်နှာပွင့် ဝင့်ကြွား လာနိုင်သည်။ သို့သော် ယခင်ကာလများကဲ့သို့ ”အလားအလာ ကောင်းသည်” နှင့်ပင် ရပ်သွား ဦးမည်လား။ အခွင့်ကောင်းတွေကို ယခင်ကလိုပင် လက်လွှတ် ကြရဦးမည်လား။ ထူးမခြားနား ဇာတ်ခင်းကြဦးမည်လား။

မြန်မာနိုင်ငံတွင် လုပ်ဆောင်စရာများက များပြားလှသည်။ အနှစ်နှစ် အလလက မရှင်းခဲ့သည့် ပြဿနာများ၊ အသစ်မွှေးခဲ့သည့် မီးများ၊ နိုင်ငံတကာတွင် ပြောင်းလဲသွားသော အခြေအနေများကြောင့် ပြဿနာသစ်များ၊ ရည်မှန်းချက် ကြီးကြီးများနှင့် ချက်ချင်းလက်ငင်း နေ့မဆိုင်း ညမဆိုင်း လုပ်ရမည့် အလုပ်များက တောင်လိုပုံ။ လုပ်စရာ တွေက များလှသည့် အထဲ လုပ်မည့်သူ၊ လုပ်နိုင်သူမှာလည်း ပညာရေး ယိုယွင်း ခဲ့သောကြောင့်ရော၊ လူတော် အများအပြား အပြင်ထွက်သွား သောကြောင့်ရော နည်းလွန်း လှသည်။ လူသားရင်းမြစ် မဟုတ်သော ငွေကြေးကဲ့သို့ အရင်းအမြစ်မှာလည်း ပြတ်လပ် နေသည်။

အရင်းအမြစ် ပြဿနာကြောင့် လုပ်ဆောင်စရာ အားလုံးကို တစ်ပြိုင်တည်း မလုပ်နိုင်သည့်အတွက် ဦးစားပေး လုပ်ရမည့်အရာများ ရွေးရဦးမည်။ တစ်ခါ ဦးစားပေးစရာ ရွေးလိုက်လျှင်ပင် ဦးစားပေးများ ကိုယ်တိုင်က အင်မတန်မှ များနေသေးသည်။ ထို့ကြောင့် ဦးစားပေး များ အနက်တွင်မှ အလွန့်အလွန် အရေးကြီးသော ဦးစားပေး အရာများ ကို သေသေချာချာရွေးပြီး အရင်ဆုံး ဆောင်ရွက်ရမည်။ “သစ်တစ်ပင်စိုက်ရန် အကောင်းဆုံး အချိန်မှာ လွန်ခဲ့သော နှစ်နှစ်ဆယ်။ ဒုတိယ အကောင်းဆုံး အချိန်မှာ ယခု” “The best time to plant a tree is twenty years ago. The second best time is now”ဟူသောစကားပုံသည် မြန်မာ့ အခြေအနေနှင့် ကိုက်ညီလှသည်။

မြန်မာနိုင်ငံကို တည်ထောင်ရန် အကောင်းဆုံး အချိန်မှာ လွတ်လပ်ရေးရပြီး စလွန်ခဲ့သော နှစ်ခြောက်ဆယ်ကျော်က။ ဒုတိယ အကောင်းဆုံး အချိန်မှာ ယခုဖြစ်သည်။ မြန်မာနိုင်ငံသားတို့ စောင့်ဆိုင်း ခဲ့ရသည်မှာ ကြာမြင့်လှပြီ။မြန်မာနိုင်ငံ တည်ထောင်ရန် တတိယ အကောင်းဆုံး အချိန်သို့ မရောက် စေလိုတော့။


Copy From The Voice Weekly Web Page
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free