အားကြီးစိတ်ညစ်ပါတယ်ဗျာ


၂၉-၁၁-၂၀၁၂ ရက်နေ့ အချိန်က နေ့လယ် ၂ နာရီ လောက်ရှိပါပြီ။ ဆောင်းပါးတစ်ပုဒ် ရေးရတာ တကယ်တော့ အချိန်ဘာမှ မကြာပါဘူး။ အလွန်ဆုံး တစ်နာရီကျော်ကျော်ပေါ့ ခင်ဗျား။

အဲ ... ဒါပေမဲ့ အချက်အလက် ရှာဖွေရတာပါပဲ။ စာရေးတဲ့ဆီ မှာ အချက်အလက် ရှာရတာ သိပ်ခက်ပါတယ်။ အချိန်ယူရပါတယ်။

ဒီအပတ်တော့ အမေရိကန်ပြည်ထောင်စုရဲ့ Foreign Policy

မဂ္ဂဇင်းကြီးက ရွေးချယ်တဲ့ ကမ္ဘာ့အမြင့်ဆုံး တွေးခေါ်ပညာရှင်ကြီး များ စာရင်း (the list of 100 global thinkers for 2012
) မှာ မြန်မာ နိုင်ငံက သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ကို အဆင့် (၁) ပုဂ္ဂိုလ်နှစ်ဦး အဖြစ် ရွေးချယ် သတ်မှတ်လိုက်တဲ့ အကြောင်းကို ဆောင်းပါး ရေးမလို့ပါပဲ။

ဒီဆောင်းပါးကို ရေးဖို့အတွက် Foreign Policy မဂ္ဂဇင်း အကြောင်းကို (အင်တာနက်) ထဲမှာ အသေးစိတ် ရှာဖတ်ရတယ်။

ဒီဆုရဖူးတဲ့ နာမည်ကြီး ပုဂ္ဂိုလ်တွေ အကြောင်းကို လေ့လာရ တယ်။

နောက် ... ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဆုရ တဲ့အပေါ်မှာ ကမ္ဘာ့ စာနယ်ဇင်းကြီးတွေက ဘယ်လိုမြင်ကြတယ်ဆိုတာ တွေကို အချိန်ယူ ရှာဖွေ လေ့လာ ရပါတယ်။

အချက်အလက်တွေ စုပြီးပြီ။

စာရေးစားပွဲပေါ်မှာ ထိုင်ပြီး ၁၀ မိနစ်လောက်ပဲကြာပါလိမ့်ဦး မယ်။

မုံရွာကြေးနီတောင် စီမံကိန်းမှာ ဆန္ဒပြနေတဲ့ ရဟန်းတွေ နှင့် လူပုဂ္ဂိုလ်တွေကို ဘယ်လို နှိမ်နင်းလိုက်တယ် ဆိုတဲ့ သတင်းကြီး ထွက်ပေါ် လာပါတယ်။

ကျွန်တော်အလွန် စိတ်ညစ် သွားပါတယ်။

အဓိက စိတ်ညစ်သွားရတာကတော့ ဆန္ဒပြကြတဲ့ ရဟန်းတွေ၊ လူတွေအထဲက မီးလောင် ဒဏ်ခံရတဲ့ လူနာတွေ ပြဿနာပါပဲ။

အစိုးရအဖွဲ့ရဲ့ တရားဝင် သတင်းထုတ်ပြန်ရေး အဖွဲ့ရဲ့ အဆို အရ မီးလောင်စေတဲ့ ဖြိုခွင်း ပစ္စည်းတွေကို လုံးဝ မသုံးခဲ့ပါဘူးလို့ ကြေညာ ပါတယ်။

ခက်တာက အင်တာနက်ပေါ်မှာနှင့် ဒီဗီဒီ ရုပ်မြင်သံကြား သတင်းတွေမှာ မီးလောင် ခံထားရတဲ့ လူနာတွေကို ကိုယ့်မျက်စိနှင့် အတိအကျကြီး မြင်နေရတာပါပဲ။

တစ်ခုခုတော့ လွဲချော်နေပါပြီ။

ကျွန်တော်ကလည်း သမ္မတ ဦးသိန်းစိန်ကို အလွန် အောင်မြင် စေချင်ပါတယ်။ လွန်ခဲ့တဲ့နှစ် ဧရာဝတီမြစ်ဆုံမှာ တည်ဆောက်မယ့် ရေကာတာ ကိစ္စကို သူရပ်ဆိုင်းလိုက်တဲ့ အမိန့်ထုတ်ပြန် လိုက်တဲ့နေ့ ကစပြီး သူ့ကို အလွန် သဘောကျ ခဲ့ပါတယ်။ သူ့ကို ထောက်ခံတဲ့ ဆောင်းပါးတွေ အခွင့်အခါ သင့်တိုင်း ကျွန်တော် သစ္စာ ဂျာနယ်နှင့် Voice ဂျာနယ်တွေမှာ ရေးပေးခဲ့ပါတယ်။ အနည်းဆုံး ကျွန်တော်ရေး ပေးခဲ့တဲ့ ဆောင်းပါးတွေ ဆယ်ပုဒ်ကျော် ရှိနေပါပြီ။

ဒီနေ့လည်း တွေးခေါ်ပညာရှင် ၁၀၀ စာရင်းထဲမှာက နံပါတ် ၁ မှာ သူ့အမည် ပါခဲ့တာမို့ ကျွန်တော် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရတယ် ဆိုတဲ့အကြောင်း ဆောင်းပါး ရေးတော့မလို့။

စိတ်ညစ်လိုက်တာ ခင်ဗျား။

ဘာတွေဖြစ်ကုန် ပြီလဲ။

ဒီကြေးနီတွင်း ပြဿနာကို ကျွန်တော် ဆောင်းပါးတစ်ပုဒ် ရေး ပြီးပါပြီ။ ၃၀.၁၀.၂၀၁၂ ရက်နေ့ထုတ် သစ္စာ ဂျာနယ်မှာပါ။ ခေါင်းစဉ်က "ကြေးနီတွင်း ပြဿနာနှင့် အဖြေ" ...။ အာဏာပိုင် တွေကလည်း ဘယ်သူမှ ဂရုစိုက်ပြီး ဖတ်ခဲ့ကြပုံ မရပါဘူး။

သမ္မတကြီး ဦးသိန်းစိန်ဟာ ဒီနှစ်အတွက် နိုဘယ်လ်ငြိမ်းချမ်း ရေးဆုကြီး ကိုတောင် ရတော့မလို့။ ကပ်ပြီး လွဲသွားခဲ့တာပါ။ နောက် ဆုံးအဆင့် ရွေးချယ် ခံထားရတဲ့ ပုဂ္ဂိုလ် (၅) စာရင်းမှာ အထိ သူ့ အမည် ပါဝင်ခဲ့ပါတယ်။

ယခု Foreign Policy မဂ္ဂဇင်းက (the list of 100 global thinkers for 2012
) မှာ နံပါတ် (၁) ဖြစ်ရတာ ဟာလည်း ငြိမ်းချမ်း ရေးနှင့် ပတ်သက်ပြီး သူ့ရဲ့အောင်မြင်စွာ မြန်မာနိုင်ငံ အတွက် ဆောင်ရွက် နိုင်ခဲ့တာတွေကို ဂုဏ်ပြုပြီး ရွေးချယ် ခဲ့တာပါ။

ဒီမဂ္ဂဇင်းရဲ့ တာဝန် ရှိသူတွေက ပြောပါတယ်။ လွန်ခဲ့တဲ့ (၁) နှစ် အချိန်အတွင်းမှာ ဒီနေ့ကမ္ဘာကြီးမှာ စိတ်မချမ်းသာစရာ ဖြစ်ရပ် အမျိုးမျိုးနှင့် တွေ့ခဲ့ရတယ်။

အရှေ့အလယ်ပိုင်း ပြဿနာ။

အာရပ် ဒီမိုကရေစီ တော်လှန်ရေး ပြဿနာနှင့် ဒီတော်လှန်ရေးက ပေါ်ထွက်လာတဲ့ ဆိုးကျိုး ပြဿနာတွေ ...။

နောက် ... အီရန်နိုင်ငံရဲ့ အဏုမြူ စွမ်းအား ထုတ်လုပ်မှုနှင့် ပတ်သက်ပြီး တင်းမာမှုပြဿနာ ...။

နောက် ... မြောက်ကိုရီးယား ပြဿနာ ပေါ့ခင်ဗျား။

ဒီပြဿနာ ... ဒီစိန်ခေါ်မှုတွေကြောင့် ကမ္ဘာတစ်ခုလုံးကို လှမ်းကြည့်လိုက်ရင် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး စိတ်ချမ်းသာစရာ နေရာ တစ်ခုမှ ပြစရာ မရှိတော့ သလို ဖြစ်ခဲ့ပါသည်။

အဲ ... ဒါပေမဲ့ ... မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်း မှုကတော့ အလွန်ညင်ညင်သာသာ ရှိပြီး ပြောင်းလဲသွားခဲ့ပုံ အဆင့်ဆင့် ကလည်း အလွန် လှပနေတဲ့ အတွက် ဒီအသွင် ကူးပြောင်းမှုကို ဦးဆောင်ခဲ့တဲ့ မြန်မာ ခေါင်းဆောင်တွေကို သူတို့ အလွန် ဂုဏ်ယူကြ တယ်။ အထူးသဖြင့် သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် ပေါ့ခင်ဗျား။

ဆိုလိုတာတော့ သူတို့ အတွက် လွန်ခဲ့တဲ့ တစ်နှစ် ဆိုတဲ့ အချိန် အတွင်းမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနှင့် စံပြုစရာ နိုင်ငံ ဆိုလို့ မြန်မာနိုင်ငံပဲ ရှိပါတယ်တဲ့။

ဘယ်လောက် ဝမ်းသာစရာ ကောင်းပါသလဲ ခင်ဗျား။

နောက်ကျန်ပါသေးတယ်။
ICG လို့ အတိုကောက် ခေါ်တဲ့ (The International Crisis Group
) ဆိုတာ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ကမ္ဘာမှာ အလွန် နာမည်ကြီးလှတဲ့ အဖွဲ့အစည်း ခင်ဗျား။

အစိုးရနှင့် ကင်းလွတ်တဲ့ အဖွဲ့အစည်း၊ အမြတ်အစွန်းမဲ့ (Non-Profit)
အဖွဲ့အစည်း၊ ၁၉၉၅ ခုနှစ်မှာ ကမ္ဘာ့ဘဏ် ဒုတိယ ဥက္ကဋ္ဌ Mark Malloch Brown
ဦးဆောင်ပြီး စတင် ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်း ပါ။

ဒီအဖွဲ့အစည်းက အငြင်းအခုံ ဖြစ်နိုင်တဲ့ ကမ္ဘာ့ ပြဿနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်း နိုင်ဖို့အတွက် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ ကမ္ဘာ့ ဘဏ်စတဲ့ ကမ္ဘာ့ဦးဆောင်အဖွဲ့တွေနဲ့ နိုင်ငံကြီးတွေကို အကြံဉာဏ် ပေးနေရတဲ့ အဖွဲ့ခင်ဗျား။

ဒီအဖွဲ့ကြီးက သမ္မတဦးသိန်းစိန်ကို ငြိမ်းချမ်းရေး ဗိသုကာကြီး အဖြစ် ဂုဏ်ပြုညစာစားပွဲ (Persuit of Peace Award Dinner
) ကို နယူးယောက်မြို့တော်ကြီးမှာ ၂၀၁၃ ခုနှစ် ဧပြီလ ၂၂ ရက်နေ့မှာ ကျင်းပပေးကြဖို့ အကုန် စီစဉ် ထားပြီးပါပြီ။

ဒီဂုဏ်ပြုညစာ စားပွဲကြီးက မြန်မာ့ ခေါင်းဆောင်ကြီး တစ်ယောက်ကို အမြင့်ဆုံး ဂုဏ်ပြုတဲ့ ကမ္ဘာ့ဧည့်ခံပွဲလို့ သတ်မှတ်လို့ ရနိုင်ပါတယ်။

မြန်မာနိုင်ငံ သမိုင်းမှာ ဘယ်ခေါင်းဆောင်မှ ဒီလောက်ကြီးမား တဲ့ အောင်မြင်မှုမျိုးကို မရခဲ့ဖူး ပါဘူး။

ဒုက္ခပါပဲ။

ဒီနေ့ ထွက်ပေါ်လာတဲ့ မုံရွာ ကြေးနီတောင်ရဲ့ ဆန္ဒပြ သမား တွေကို ဘယ်လိုနှိမ်နင်း ဖြိုခွဲ လိုက်တယ် ဆိုတဲ့ သတင်းကိုသာ ကြားကြရရင် ဒီအဖွဲ့ကြီးကို ဦးဆောင် နေတဲ့ ပုဂ္ဂိုလ်တွေ ဘယ်လို ခံစားကြရမှာလဲ။

ကျွန်တော့်လိုပဲ ဘယ်လိုပြောရမှန်း ... ဘယ်လို ဆက်လုပ်ရမှန်း မသိအောင်ကို စိတ်ညစ် ကြမှာပေါ့ခင်ဗျား။

စာရေးဆရာ တစ်ယောက်သာ ဖြစ်တဲ့ ကျွန်တော့် အတွက်က တော့ မိမိဆောင်းပါးကို တင်စား ပြောတဲ့ အသုံးအနှုန်းတွေကို လျှော့ချလိုက်ရုံဖြင့် ဖြေရှင်းလို့ ရပါတယ်။ အဲဒီပုဂ္ဂိုလ်ကြီးတွေ အတွက်ကျတော့ အလွန်ကြီးလှတဲ့ ဒုက္ခကြီးပါပဲ ခင်ဗျား။

နောက် ... သမ္မတအိုဘားမား။ နောက် ... နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်။

ဒီပုဂ္ဂိုလ်ကြီးတွေကလည်း သမ္မတဦးသိန်းစိန်ကို အလွန် လေးစားကြပါတယ်။ အလွန် အထင်ကြီး ကြပါတယ်။ အမျိုးမျိုး ချီးကျူး ခဲ့ပါတယ်။

မြန်မာပြည်ကို သူတို့ လာလည်ပြီး ပြန်သွားခဲ့ကြသေးတာမှ ရက်ပိုင်းပဲ ရှိပါသေးတယ်ခင်ဗျား။

သူတို့လည်း ဒီနေ့ပေါ်လာတဲ့ အရုပ်ဆိုးလှတဲ့ သတင်းကြီးကြောင့် ဘယ်လို ခံစားကြရမှာလဲ။

စိတ်ညစ် နေကြမှာတော့ သေချာတာပေါ့ ခင်ဗျား။

အဓိကရုဏ်းတွေကို နှိမ်နင်းတဲ့အခါ ရေအားနှင့် ရှင်းပစ်တာတို့၊ မျက်ရည်ယိုဗုံး သုံးတာတို့ (ရော်ဘာ) ကျည်ဆန်နှင့် ပစ်ခတ်တာတို့၊ နံပါတ်တုတ်နှင့် ရိုက်တာ တို့က ဘာမှ မဆန်းပါဘူး။

ဒီနေ့ ဆန်းကြယ်နေတာက ဆန္ဒပြတဲ့ သူတွေကို မီးလောင်တဲ့ ဝေဒနာ ရစေခဲ့တဲ့ ပြဿနာ။

ကျွန်တော် ထင်ပါတယ်။

မျှော်လင့်ပါတယ်။

တစ်ခုခု အမှား ရှိနေပါလိမ့်မယ်။

စောစောက တင်ပြခဲ့သလို သမ္မတ ဦးသိန်းစိန်အတွက် အလွန် အခြေအနေကောင်းတွေ ပေါ်နေ၊ ရနေတဲ့အချိန်မှာ ဒီအကျည်းတန်တဲ့ ဖြစ်ရပ် ဘာကြောင့် ပေါ်လာရသလဲ။

သမ္မတဦးသိန်းစိန် အမိန့် မရဘဲ၊ ခွင့်ပြုချက်မရဘဲ ဒီပြဿနာ ကြီး ပေါ်ပေါက်လာဖို့ဆိုတာလည်း အလွန်ခဲယဉ်းပါတယ်။

ကျွန်တော့်မှာတော့ အဖြေမရှိဘူးခင်ဗျား။

အုပ်ချုပ်မှု အာဏာပိုင်တွေမှာပဲ အဖြေရှိပါလိမ့်မယ်။

ဒီနေ့ကလည်း Information
Age (သတင်းခေတ်သစ်ကြီး) ဖြစ်နေတော့ ဘာမှလဲ ဖုံးကွယ်လို့ မရနိုင်ပါဘူး။

ဆေးရုံပေါ်က မီးလောင်တဲ့ ဝေဒနာ ခံစားနေရတဲ့ ပုဂ္ဂိုလ်တွေကို အင်တာနက်နှင့် တီဗီ (TV) တွေအပေါ်မှာ လူတိုင်းမြင်နေရပါတယ်။

ကျွန်တော် သမ္မတ ဦးသိန်းစိန်ကို အလွန် အားကိုးပါတယ်။ အလွန် အထင်ကြီးပါတယ်။ မြန်မာနိုင်ငံကို ကယ်တင်နိုင်မယ့် ပုဂ္ဂိုလ် အဖြစ် ဒီနေ့အချိန်အထိလည်း ရင်ထဲမှာ မှတ်ယူ ထားပါတယ်။

ကျွန်တော်ဟာ လေသူရဲ စစ်ဗိုလ် ဘဝက စာရေးဆရာ၊ သတင်းစာဆရာ ဖြစ်ခဲ့သူပါ။ စစ်တပ်နှင့် နီးစပ်မှု ရှိခဲ့သူပါ။ ဒီနေ့ မြန်မာ့တပ်မတော်နှင့် တပ်မတော်မှ ထွက်လာပြီးဖြစ်တဲ့ ခေါင်းဆောင် တွေ အထဲမှာ သမ္မတ ဦးသိန်းစိန် နေရာကို အစားထိုး နိုင်မည့်သူမှာ အလွန်ရှားလှပါတယ်။ မရှိတာတော့ မဟုတ်ပါဘူး။

အပြင်လောကမှာရော၊ တကယ် လက်တွေ့ နိုင်ငံကို ဦးဆောင် နိုင်တဲ့လူရှိပါသလား။

ကျွန်တော့် အထင်၊ အမြင်တွေကို ဘာမှ မပြောချင်တော့ပါ။

ဘုရားသခင် ...။

ဒီနေ့ မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းပေါ်ကို တွန်းပို့ခဲ့တဲ့ စစ်ခေါင်းဆောင်၊ အရပ်ခေါင်းဆောင် အားလုံးကို စောင့်ရှောက်ပါ။

မြန်မာပြည်သူလူထု ကြီးကိုလည်း စောင့်ရှောက်ပါ။

ကျွန်တော့်ကိုလည်း စောင့်ရှောက်ပေးပါ။

ကျွန်တော်အားကြီး စိတ်ညစ် နေပါတယ်။



ဦးလှဝင်း (လေသူရဲတစ်ဦး)


Copy From The Voice Weekly Facebook Page
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free