၂၀၁၂ မတ်လ ၂၈ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၄ မှ



မြန်မာနိုင်ငံရဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း အစီအစဉ် ပြောင်းလဲမယ့်အကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်က ၂၀၁၂ မတ်လ ၂၈ ရက်နေ့တွင် တရားဝင် ကြေငြာလိုက်ပါတယ်။ ထို ကြေငြာချက်တွင် ၂၀၁၂ ဧပြီ ၁ ရက်နေ့မှစပြီး နိုင်ငံခြားငွေ လဲလှယ်နှုန်းစနစ်အား ဈေးကွက် အခြေခဲ့ပြီး ထိန်းကျောင်းမှုရှိတဲ့ နှုန်းရှင် ငွေလဲလှယ်နှုန်းစနစ် (Managed Floating Exchange Rate Regime) ကို စတင် ကျင့်သုံးမှာ ဖြစ်ကြောင်း ဖော်ပြထားပြီး ၂၀၁၂ မတ်လ ၂၈ ရက်နေ့ထုတ် သတင်းစာများတွင် ဖော်ပြထားပါတယ်။
ထိုသို့ ကျင့်သုံးပြီးနောက် မြန်မာကျပ်ငွေတန်ဖိုးကို နိုင်ငံခြားသုံးငွေနဲ့ တန်ဖိုး သတ်မှတ်ရာတွင် နိုင်ငံခြားငွေဈေးကွက်ရဲ့ ရောင်းလိုအား၊ ၀ယ်လိုအား အခြေအနေများအရ သတ်မှတ်မှာဖြစ်ကြောင်း၊ ငွေလဲနှုန်းစနစ်သစ်အရ ရည်ညွှန်း နိုင်ငံခြားငွေ လဲလှယ်နှုန်း (Reference Foreign Rate) ကို မြန်မာနိုင်ငံ ဗဟိုဘဏ်က နေ့စဉ် ထုတ်ပြန်မှာ ဖြစ်ကြောင်း၊ ငွေလဲနှုန်း ပြောင်းလဲခြင်းဟာ စီးပွားရေး ပြုပြင် ပြောင်းလဲရေး အစီအစဉ်ရဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး အမျိုးမျိုးသော ငွေလဲနှုန်းများကို ပေါင်းစည်းရန်နဲ့ အပြည်ပြည်ဆိုင်ရာ ပေးချေမှုများ၊ ပြည်ပ ငွေလွှဲပေးပို့မှုများအပေါ် တားမြစ်ချက်များကို တဖြည်းဖြည်းချင်း ဖယ်ရှားရန်တို့ ဖြစ်ကြောင်း၊ ယခင် သတ်မှတ်ထားတဲ့ တရားဝင် နိုင်ငံခြားငွေ လဲလှယ်နှုန်းအား ဈေးကွက် နိုင်ငံခြားငွေ လဲလှယ်နှုန်းနဲ့ အစားထိုးခြင်းဟာ ငွေလဲနှုန်းများ ပေါင်းစည်းရေး ပထမအဆင့် ဖြစ်ပြီး ဗဟိုဘဏ်အနေနဲ့ ဈေးကွက် နိုင်ငံခြားငွေ လဲလှယ်နှုန်းကို လိုအပ်သလို ထိမ်းကျောင်းမှာ ဖြစ်ကြောင်းလည်း ထို ကြေငြာချက်တွင် ဖော်ပြထားပါတယ်။ ဗဟိုဘဏ်ကြေငြာချက် နိဂုံးပိုင်းတွင် ဗဟိုဘဏ်အနေနဲ့ လုပ်ငန်းစဉ်များ အဆင်ပြေ ချောမွေ့စေရန် ပြည်တွင်းပြည်ပ တာဝန်ရှိသူများနဲ့ ပူးပေါင်း ဆောင်ရွက်နေကြောင်း၊ အစိုးရ စီးပွားရေး အဖွဲ့အစည်းများ၊ ၀န်ကြီးဌာနများရဲ့ နိုင်ငံခြားငွေ ရသုံး လျာထားမှုများကို ဈေးကွက် ငွေလဲနှုန်းနဲ့ လိုက်လျောညီထွေဖြစ်အောင် ခန့်မှန်းနှုန်းထားနဲ့ တွက်ချက် လျာထားကြောင်း၊ ငွေလဲနှုန်း ပြောင်းလဲမှုများကို ဆက်လက် သတင်းထုတ်ပြန်ပေးမှာဖြစ်ကြောင်း ရေးသားထားပါတယ်။ ငွေလဲနှုန်းနဲ့ ပတ်သက်ပြီး အစိုးရတာဝန်ရှိသူများက ကြေငြာခြင်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပိုမို ရရှိရေး၊ ငွေလဲနှုန်း တည်ငြိမ်ရေးနဲ့ နိုင်ငံခြားငွေ ကိုင်တွယ်သုံးစွဲမှုကို အစိုးရက ချုပ်ကိုင်ထားမှု လျော့ချရေးအတွက် မြန်မာနိုင်ငံဗဟိုဘဏ်ဟာ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများနဲ့ တိုက်ရိုက် ထိစပ် လုပ်ကိုင်လျက်ရှိရာ အခု ငွေလဲနှုန်း ပြောင်းလဲခြင်းဟာ ပထမအဆင့် ဖြစ်ပြီး စီးပွားရေးလုပ်ငန်းများ ပိုမို သွက်လက်စွာ လုပ်ကိုင်နိုင်ရန် ဆက်လက် ပြောင်းလဲမှုများ လုပ်နိုင်ခြေရှိကြောင်း အကဲခတ်များက ခန့်မှန်းပါတယ်။ ကနဦးသတင်းများအရ ငွေလဲနှုန်းကို နှုန်းရှင် စတင် သတ်မှတ်တဲ့အခါ အမေရိကန်တဒေါ်လာကို ကျပ် ရှစ်ရာ ဈေးနှုန်းနဲ့ စတင် သတ်မှတ်မှာ ဖြစ်ကြောင်း သိရပေမယ့် နောက်ပိုင်းသတင်းများက တဒေါ်လာကို ၈၂၀ ကျပ်နှုန်း ဖြစ်နိုင်ကြောင်း သုံးသပ် ပြောဆိုကြပါတယ်။ ထိုသို့ ငွေလဲနှုန်း ပြောင်းလဲမှုကနေပြီး မြန်မာကျပ်ငွေနဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်းများ ကွဲပြားနေမှုကို စံ ဈေးနှုန်းတခုထဲအဖြစ် သတ်မှတ်နိုင်မှုဆီ ဦးတည်နိုင်သလို ဈေးကွက်အတွင်းက နိုင်ငံခြားငွေလက်မှတ် (FEC) များကို ဘဏ်များက ပြန်လည် မထုတ်ဘဲ ထားတဲ့နည်းနဲ့ ဈေးကွက်အတွင်းရှိ နိုင်ငံခြားငွေလက်မှတ်များကို ပြန်လည် သိမ်းဆည်းထားနိုင်မှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားများအနေနဲ့ ဟွန်ဒီ ခေါ်တဲ့ ငွေလွှဲစနစ်အစား ဘဏ်များမှတဆင့် ငွေလွှဲခြင်း (သို့မဟုတ်) ပုဂ္ဂလိက ငွေလွှဲလုပ်ငန်းများကတဆင့် တရားဝင် ငွေလွှဲခြင်းများ လုပ်ကိုင်လာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ အခုအချိန်မှာ မြန်မာပြည်တွင်း၌ နိုင်ငံခြားသုံးငွေ ကိုင်ဆောင်ခွင့်ကို အတိုင်းအတာတခုအထိ ခွင့်ပြုထားကာ ဖွင့်လှစ်ထားတဲ့ ငွေလဲဌာနများမှာ နိုင်ငံခြားသုံးငွေများကို မြန်မာကျပ်ငွေအဖြစ် လဲလှယ်နိုင်ကြပါတယ်။

ယနေ့မြန်မာသတင်းဋ္ဌာနမှ ကူးယူသည်။

These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free