အတည်ပြုပြဌာန်းပြီးဖြစ်သော ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး ဥပဒေတွင် အဓမ္မလုပ်အားပေးစေခိုင်းသူအား အရေးယူမည့် ဥပဒေပုဒ်မကို ဖြည့်စွက်ရန်အတွက် ယနေ့ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

ယင်းဥပဒေအား  ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးဥပဒေကို ပြင်ဆင်သည့် ဥပဒေဟုခေါ်ကြောင်း၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးဥပဒေ၏ ပုဒ်မ (၂၇) ပုဒ်မခွဲ (က) ၏ နောက်ဆက်တွဲ ပုဒ်မခွဲ (ခ) အဖြစ် ဖြည့်စွက်မည်ဖြစ်သည်။

ယင်းဥပဒေပုဒ်မတွင်  မည်သူမဆို ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ထံမှ ၎င်း၏ဆန္ဒအလျောက် ကမ်းလှမ်းခြင်း မဟုတ်ဘဲ အကျိုးစီးပွားကို ထိခိုက်စေနိုင်သည်ဟု ခြိမ်းခြောက်ခြင်း သို့မဟုတ် အပြစ်ပေးမည်ဟု ခြိမ်းခြောက်ခြင်း ဖြင့် ထိုသူ၏ လုပ်အားသို့မဟုတ် ၀န်ဆောင်မှု အားအဓမ္မရယူခိုင်းစေမှုပြုလျှင် ပြုသူအား ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဟုပါရှိကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းကပြောသည်။

ယင်းဥပဒေ ပုဒ်မနှင့်ပတ်သတ်ပြီး ဆွေးနွေးလိုသော ကိုယ်စားလှယ်များအား မနက်ဖြန် နေ့လည် ၁၂ နာရီ နောက်ဆုံးထား၍ စာရင်းပေးရန်လွှတ်တော်မှ ကြေငြာထားကြောင်း ဦးဖေသန်းက ပြောသည်။

၎င်းက “ဒါက လုပ်ငန်းသဘောအရ ဆွေးနွေးနိုင်တယ်ပြောတာပါ။ တကယ်က ဒီပုဒ်မကို ကိုယ်စားလှယ် အများစုက သဘောတူပါတယ်” ဟုပြောသည်။

ယခုဥပဒေပုဒ်မမှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း၏ တိုက်တွန်းချက်အရ ဖြည့်စွက်ခြင်းဖြစ်ကြောင်း၊ အဓမ္မလုပ်အားပေး စေခိုင်းမှုများမှာ ကျေးရွာများတွင် အဖြစ်များကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကြည်မြင့်က  ပြောသည်။့

၎င်းက “ အခု ဥပဒေပုဒ်မဖြည့်စွက်တာကို ကြည့်ခြင်းအားဖြင့် ILO ရဲ့အကြံပြုချက်ကို အစိုးရက လက်ခံလာတဲ့အခြေအနေကို ပြတာပဲ” ဟုပြောသည်။

ယခုကိစ္စနှင့်ပတ်သတ်ပြီး အလုပ်သမား၊ လယ်သမားအရေးဆောင်ရွက်သူတစ်ဦီးဖြစ်သည့် မစုစုနွေးကမူ ယခုလက်ရှိတွင်လည်း အဓမ္မလုပ်အားပေးစေခိုင်းသူအား တိုင်ကြားနိုင်သည့် ဥပဒေတစ်ရပ်ရှိကြောင်း၊ သို့သော် အဓမ္မလုပ်အားပေးစေခိုင်းမှုများမှာ ကျေးလက်ဒေသများတွင် ယခုအချိန်အထိ ဖြစ်ပွားနေဆဲ ဖြစ်ကြောင်းပြောသည်။

၎င်းက “ ထုတ်ပြန်ထားတဲ့ဥပဒေအတိုင်းအရေးယူမယ်ဆိုရင် ထိထိရောက်ရောက်ဆောင်ရွက်မှရမယ်။ အပေါ်ပိုင်းက ဥပဒေတွေ ပြဌာန်းချက်တွေ ဘယ်လောက်ပဲ ထုတ်ထုတ် အောက်ခြေကမကျင့်သုံးရင် အဓမ္မလုပ်အားပေးစေခိုင်းမှုတွေ ဆက်ဖြစ်နေအုံးမှာပဲ” ဟုပြောသည်။      ။


YPI မှ ကူးသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free