ဗိုလ်ကြီး Jeremiah Ellis ဟာ အာဖဂန်နစ်စတန် တောင်ပိုင်း တာလီဘန်ထိန်းချုပ်နယ်မြေ Senjaray မြို့မှာ စခန်းချတဲ့ အမှတ်(၄) ခြေလျင်တပ်မမှ တပ်ခွဲမှူးတဦးပါ။ သူ Senkaray မြို့တော်ဝန်ဖြစ်လာချိန်မှာ ဒေသဆိုင်ရာအကြီးအကဲများနဲ့ ဆက်သွယ်ဆောင်ရွက်ပြီး မြို့လုံခြုံရေးကို ထောက်ပံ့ကူညီပေးတယ်၊ မြို့ခံလူထုဖြစ်စေချင်တဲ့ ဖွံ့ဖြိုးမှုကိစ္စတွေကို မေး မြန်းပြီး Commander’s Emergency Response Program (CERP) ထဲကနေ ရန်ပုံငွေ ထောက်ပံ့ပေးတယ်။ အဲဒီ အတွေ့အကြုံကနေ Ellis အတွက် နိုင်ငံရေးစွမ်းရည်တွေ တိုးတက်စေခဲ့တယ်။
ဘဝပြန်လည်ထူထောင်ရေး
သူနေထိုင်တဲ့မြို့မှာ မြို့တော်ဝန်ပြန်ဖြစ်တဲ့အခါ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်တဲ့အခါ အဲဒီအတွေ့အကြုံတွေက တန်ဖိုးရှိ လာတယ်။ သူနဲ့ သူ့ရဲ့လက်တွဲဖော်တပ်ကြပ်ကြီး Jack Robison တို့ဟာ အခြားလုပ်ငန်းတွေမှာလည်း သူတို့ရဲ့ စွန့်ဦးတီ ထွင်ဖန်တီးမှု စွမ်းအားကို ပြသခဲ့ကြတယ်။ အကြမ်းပတမ်းတိုက်ပွဲတွေကြားမှာ မလွှဲမရှောင်သာရှိနေခဲ့တဲ့ တပ်ဖွဲ့ဝင်တွေ ဟာ တပ်ချထားရာကနေ အိမ်ပြန်ရောက်ချိန်မှာ စိတ်ဖိစီးမှုတွေရှိနေတယ်။ ခက်ခဲတဲ့ကာလတွေမှာ သူတို့ကြုံခဲ့ရတဲ့ စိတ် ဒဏ်ရာဒဏ်ချက်တွေ အာရုံပြောင်းစေဖို့  Colorado ရှိ Fort Carson မှာ ကျောက်ကမ်းပါးယံတက်ခြင်း၊ ရေမော်စီးခြင်း၊ သဲထိတ်ရင်ဖိုစွန့်စားရသောပြိုင်ပွဲလေးများ ကျင်းပပေးခြင်းဖြင့် သုံးရက်တာလေ့ကျင့်ခန်း အစီအစဉ်လေး လုပ်ပေးတယ်။ New Hamphire တက္ကသိုလ်မှ ရောဂါကုထုံး သမားတော်တွေ ဖိတ်ခေါ်ပြီး စစ်မှုထမ်းတွေရဲ့ ရင်ထဲကခံစားချက်တွေကို အမှန်အတိုင်း ရင်ဖွင့်ပြောပြစေပါတယ်။
ပင်တဂွန်စစ်ဌာနချုပ်ကတော့ Ellis လို အတွေ့အကြုံကြွယ်ဝပြီး အားကိုးအားထားရတဲ့ လူငယ်ခေါင်းဆောင်တွေ တပ်က အနားယူသွားမှာကို စိုးရိမ်ကြောင့်ကြ ဖြစ်တာအမှန်ပါပဲ။ ဒါပေမဲ့ စစ်တပ်က လွင့်စင်လာတဲ့ ဦးနှောက်ယို စီးမှုဟာ အမေ ရိကန် အရပ်ဖက်အတွက် အကျိုးများပါတယ်။ “သူတို့ (စစ်ပြန်စစ်မှုထမ်း) တွေဟာ စိတ်သောကဖိစီးမှုတွေ ရှိနေတဲ့ကြား ကပဲ ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်လုပ်ဆောင်ကြ၊ လူ့အသိုင်းအဝိုင်းကို ပြန်လည် ထူထောင်ကြတယ်။ တနေ့တနေ့ ကိုယ့်ကိုလက်ကမ်းကြိုဆိုသူနဲ့ ကြုံရမလား၊ လက်ပစ်ဗုံးက စောင့်ကြိုနှုတ်ဆက်လေမလား မသေချာတဲ့ စစ်မြေပြင်ကျင် လည်ခဲ့ရသူတွေဟာ မယုံကြည်နိုင်လောက်အောင် နူးညံ့သိမ်မွေ့မှုကို ပြသခဲ့ကြတယ်။ သူတို့ဖြတ်သန်းခဲ့ရတဲ့ ဝန်းကျင်အ ခြေအနေက အမေရိကန်အများစုရဲ့ နေ့စဉ်ဘဝနဲ့ လုံးဝကို ခြားနားလှတာပါ။ Joplin မှာ တိုနာဒိုလေဆင်နှာမောင်းတိုက် တာကို သူတို့ကိုယ်တွေ့ကြုံခဲ့ရတာ။ ဒါကြောင့် Joplin ဒေသပြန်လည်ထူထောင်ရေးမှာ သူတို့ဝိုင်းဝန်းကူညီကြမှာ အသေ အချာပါပဲ။ သူတို့ဟာ အမေရိကရဲ့ အားထားရမယ့် နောက်ဆက်အဖြစ် ကျနော်ယုံကြည်ပါတယ်..” လို့ စစ်ပြန်များ ဖေးမ ကူညီလေ့ကျင့်ပေးရေး အစီအစဉ်အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း David Petraeus က ဆိုပါတယ်။
Petraeus ဟာ စစ်ပြန်များအတွက် စိတ်ဓတ်ရေးရာအရ စံပြပုဂ္ဂိုလ်တဦးဖြစ်ပါတယ်။ သူ့ဘေးမှာ West Point စစ်တက္က သိုလ်ဆင်း McNally၊ အီရတ်နိုင်ငံ Baghdad မှာတာဝန်ထမ်းဆောင်ဖူးသူ စစ်ရဲအရာရှိဟောင်း Rhodes ၊ မရိန်းတပ်ဖွဲ့ ဗိုလ်ကြီးဟောင်း Or Seth Moulton တို့ ဝန်းရံထားပါတယ်။ Moulton ဟာ အီရတ်နိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အီရတ်လူမျိုး အင်ဂျင်နီယာတွေနဲ့ အတူလက်တွဲ လုပ်ဆောင်ရသူလည်း ဖြစ်ပါတယ်။ သူက “Petraeus ဟာ အံ့သြဖွယ် ရာကောင်းတဲ့ ခေါင်းဆောင်တဦးပါပဲ။ ကျနော်တို့ရဲ့ အလုပ်က စစ်ဗျူရိုကရေစီယန္တရားကို ကျော်လွန်လုပ်ဆောင်ရတာ ဖြစ်တယ်။ အီရတ် အင်ဂျင်နီယာတွေ၊ အလုပ်သမားတွေသုံးပြီး နယ်ခြားခံတပ်တွေတည်ဆောက်ရာမှာ အမေရိကန် ကန် ထရိုက်တာတွေ သုံးစွဲတဲ့ ကုန်ကျငွေရဲ့ ငါးပုံတပုံသက်သာပြီး၊ သူတို့ ကြာမြင့်တဲ့အချိန်ရဲ့ သုံးပုံတပုံနဲ့ အပြီးဆောက်လုပ် နိုင်ခဲ့တယ်။ ကျနော်တို့ရဲ့ ငွေစာရင်းတောင်းခံလွှာတွေ Petraeus ရဲ့ စားပွဲပေါ်ကို တိုက်ရိုက်ရောက်တယ်။ သူကလည်း လုပ်ငန်းအောင်မြင်ရေး တခုကိုပဲ တောင်းဆိုပါတယ်..” လို့ ပြောပါတယ်။
Moulton ၊ McNally နဲ့ အခြား စစ်ပြန်တပ်ဖွဲ့ဝင်တွေဟာ တပ်ကအနားယူချိန်ကစပြီး အချင်းချင်း ဆက်သွယ်မှု မပြတ်ရှိ နေကြတာပါ။ သူတို့ဟာ ကျန်းမာကြံ့ခိုင်မှုရှိတယ်၊ စမတ်ကျတယ်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်၊ ခွန်အားတောင့် တင်းတယ်။ စကားပြောတဲ့အခါ မျက်နှာကိုတည့်တည့်ကြည့်ပြီး ပြောတယ်။ အရူးအမူး ဟာသလုပ်တတ်ပေမဲ့ လက်တွေ့ ကျတဲ့ စကားလုံးကိုပဲပြောတတ်တယ်။ “ပညာရေးနောက်ခံအားကောင်းတဲ့ စစ်ပြန်တွေကြားမှာ ခိုင်မာတဲ့ကတိတခု ရှိ တယ်.. ကျနော်တို့ရဲ့ပညာနဲ့ ဒီအဖွဲ့မှာအလုပ်အကျွေးပြုဖို့ပါပဲ။ ကျနော်တို့က ပိုမိုကောင်းမွန်တဲ့ အမေရိကန်လူနေမှုဘဝ ကိုပဲ မြင်ချင်ပါတယ်။ သူတလူငါတမင်း သဘောထားကွဲပြားတဲ့ ခေတ်ကာလနိုင်ငံရေးကို အလိုမရှိဘူး။ သူတို့ခေတ်မှာ တိုင်းပြည်ကို ဆွဲနှစ်ပစ်ချတတ်တယ်” တဲ့.. Moulton က ပြောတာပါ။ ဒါဟာလည်း စစ်ပြန်ရဲဘော်တွေရဲ့ ချစ်စရာကောင်း တဲ့ အချက်ပါပဲ၊ သူတို့ဟာ စကားကို တည်တည်ခန့်ခန့် ပြောကြတယ်။
တဦးနဲ့တဦး ရိုင်းပင်းကူညီရေး
Paul Rieckhoff ဟာ ၂၀၀၄ ဇန်နဝါရီလမှာ အီရတ်ကနေ အစောဆုံးအိမ်ပြန်လာသူ စစ်ပြန်တဦးပါ။ သူဟာ ကြည်းတပ် အရာရှိတဦးဖြစ်ပြီး Amherst College ကနေဘွဲ့ရထားပါတယ်။ အီရတ်စစ်မြေပြင်မှာ သူ့တပ်ဖွဲ့ဟာ ကျည်ကာဝတ်စုံ ကောင်းကောင်းမရှိဘဲ အမိုးဖွင့် humvee စစ်ယာဉ်ပေါ်မှာ အန္တရာယ်တွေကြားထဲ လှုပ်ရှားသွားလာနေရတာဆိုတော့ တပ်ဖွဲ့ဝင်တွေ ဘယ်တော့သေကြေမလဲ၊ ဒဏ်ရာရကြမလဲ အမြဲတွေးပူနေရတယ်။ သူတို့ တပ်ဖွဲ့ခက်ခက်ခဲခဲ ရုန်းကန်လှုပ် ရှားနေရချိန်မှာ သူတို့ကို အရေးတယူလုပ်မယ့်သူမရှိဘူး၊ သူတို့အပေါ် စာနာစိတ်ထားပေးဖို့ ဆွယ်တရားဟောသူမရှိဘူး လို့ ခံစားရချိန်မှာ သူ့စိတ်ထဲ အော်ဂလီဆန်လာတယ်။ ဒေါသတွေနဲ့ သူ အိမ်ကိုပြန်လာတယ်။ အိမ်ပြန်ရောက်ပြီး မကြာမီ မှာပဲ သူ့တပ်ဖွဲ့ဝင်တဦး ကိုယ့်ကိုယ်ကိုသတ်သေတဲ့အဖြစ်ကို ကြုံတွေ့လိုက်ရတယ်။
မကြာမီ  သူနဲ့ သူ့လိုစစ်ပြန်တွေ စုဖွဲ့ပြီး Operation Truth ဆိုတဲ့ ဝက်ဆိုက်လေး တခုထောင်တယ်။ အဲဒီ ဆိုက်ဟာ စစ် ပြန်ရဲဘော်တွေရဲ့ သတင်းစုစည်းရာဖြစ်လာပြီး Iraq and Afghannistan Veterans of America (IAVA) အဖွဲ့ကို ထူ ထောင်လိုက်ကြတယ်။ အစပိုင်းမှာ သူတို့အဖွဲ့ဟာ စစ်ဆန့်ကျင်ရေး နိုင်ငံရေးဆန်ဆန်။ “ကျနော်တို့က စစ်ပွဲဆန့်ကျင် တယ်၊ တပ်မတော်ကိုတော့ ချစ်တယ်” လို့ Rieckhoff က ဆိုပါတယ်။ ကွန်ဂရက် မှာ ဝင်ရောက်အရွေးခံတဲ့ ဒီမိုကရက် တစ် စစ်ပြန်ကိုယ်စားလှယ်လောင်းတွေကို ထောက်ပံ့ကူညီဖို့ VoteVets အဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့တယ်။ အဲဒီအခါ စစ်ပွဲကို ထောက်ခံပြီး ရွေးကောက်ပွဲဝင်တဲ့ စစ်ပြန်တွေကိုလည်း တွေ့ခဲ့ ရတာမို့ VoteVets အဖွဲ့ကို IAVA ကနေ ခွဲထုတ်လိုက် တယ်။ သူတို့ရည်ရွယ်ချက်က ရွေးကောက်ပွဲဝင်တဲ့ စစ်ပြန်ကိုယ်စားလှယ်တိုင်းကို ကူညီပေးဖို့ပါ။ ပါတီအနေနဲ့ ဒီမိုကရက် ပါတီ၊ ရီပတ်ဘလစ်ကန်ပါတီ ကိုယ်ကြိုက်ရာဝင်ကြပေမဲ့ သူတို့အချင်းချင်း အပြန်အလှန် ယိုင်းပင်းကူညီကြတယ်။ သူတို့ ဟာ ရွေးကောက်ပွဲမဲဆွယ်ကာလမှာ အပြန်လှန် ငြင်းခုံဝေဖန်မှုရှိပေမဲ့ သူတို့ရဲ့တွေးခေါ်မှုဆိုင်ရာ ကွဲပြားမှုဟာ ရဲဘော် စိတ်ဓာတ်ကို မလွှမ်းမိုးနိုင်ဘူးလို့ ဆိုပါတယ်။ ကိုယ်စားပြုပါတီချင်း မတူလင့်ကစား တဦးရဲ့လိုအပ်ချက်ကို နောက်တဦး က ဖြည့်ဆည်းကူညီဖို့ အဆင်သင့်ရှိနေတာပါ။
“တပ်ထဲမှာက တပ်မတော်သားတွေကို ဖိအားပေးပြီး လေ့လာစေတာ။ ခင်ဗျားမှာ လေ့လာချင်စိတ်ရှိတယ်ဆိုရင် ခင်ဗျား မြန်မြန်တိုးတက်တာပဲ။ ဒီလိုနဲ့ကျနော်တို့ဟာ စာဖတ်အားကောင်းသူတွေဖြစ်လာတယ်။ ကျနော်တို့လေ့ လာသင်ယူထား တဲ့ ဗဟုသုတတွေဟာ ကျနော်တို့ အိမ်ပြန်တဲ့အခါ ပါလာတယ်။” Gallina က ပြောပါတယ်။ သူတို့ဟာ စိတ်ကူးယဉ်တာ ကို မလုပ်ဘူး။ စစ်ဘက်ဆိုင်ရာ တန်ဖိုးနဲ့ လူ့လောကကို ရှုမြင်လေ့ရှိတယ်။ တခါတရံမှာ အဲဒီအမြင်ဟာ ဝိရောဓိသဘော ဆောင်နေတတ်တယ်။ ကိုယ်ကျိုးမငဲ့ခြင်းဆိုတဲ့ တန်ဖိုးစံကို Gallina က ချဲ့တွေး ကြည့်တယ်။ စစ်မြေပြင်မှာ ကျဆုံးသွား တဲ့ မိမိရဲဘော်ကို ထားမပစ်ခဲ့ရဘူးဆိုတဲ့အခြေခံမူကို အခြားစစ်ပွဲတွေကပြန်လာတဲ့ စစ်ပြန်တွေအခြေအနေနဲ့ ဆက်စပ် တွေးတယ်။ ပြီးတော့ အရပ်ဘက်အသိုင်းအဝိုင်းအထိ ချဲ့ကြည့်တယ်။ “ကျနော်တို့ကို လေ့ကျင့်ပေးထားတာက တပ်ဖွဲ့ဝင် အချင်းချင်း သေအတူ ရှင်မကွာ အမြဲအတူ ရှိရမယ်။ ကိုယ်ရေးကိုယ်တာထက် အစုအဖွဲ့အရေးကို ဦးစားပေးရတယ်” လို့ Lewis က ဆိုပါတယ်။
အခြားတဖက်မှာ စစ်ပြန်ရဲဘော်တွေရင်ထဲစွဲမြဲနေတဲ့ အမြင်တခု ရှိနေပါသေးတယ်။ သူတို့က အမေရိကန်လူ့အဖွဲ့အစည်း မှာ အောင်နိုင်သူတွေလွှမ်းမိုးထားပြီး တဦးချင်းတာဝန်ခံမှုတွေ လစ်ဟာနေတယ်လို့ မြင်ကြပါတယ်။ အသက်လုတိုက် ပွဲတွေကြားမှာ ရှင်သန်နိုင်အောင်လေ့ကျင့်ပေးထားတဲ့ စစ်သားလူထွက် နိုင်ငံရေးသမားနဲ့ မြို့ပြဝန်းကျင်မှာကြီးပြင်းလာ တဲ့ ပညာတတ်နိုင်ငံရေးသမားတို့အကြား လူ့အဖွဲ့အစည်းရဲ့ တန်ဖိုးဆိုတာနဲ့ပတ်သက်ပြီး စဉ်းစားတွေးခေါ်ပုံ ကွာခြားတာ တွေရှိပါတယ်။ စစ်ပြန်တွေဟာ ဦးဆောင်မှုသဘောနဲ့ ပတ်သက်ပြီး “အကျဉ်းအကျပ်ကြားထဲမှာ ဦးဆောင်မှုပေးရတဲ့အခါ အပွန်းအပဲ့အထိအခိုက်ရှိတဲ့ လုပ်ရပ်တွေကိုလည်း လုပ်ဆောင်ကြရတယ်” လို့ သူတို့ကိုသင်ကြားပေးတဲ့ သင်ခန်းစာတွေ အရ နားလည်ထားကြပါတယ်။ Navy Seal တပ်ဖွဲ့ဝင်ဟောင်း Eric Greitens က “ကျနော်တို့တပ်ဖွဲ့အနေနဲ့ စီးနင်းသိမ်း ပိုက်ရေး လေ့ကျင့်ခန်း လုပ်ရာမှာ ညဉ့်နက်သန်းခေါင် ၀၁:၀၀ အချိန်မှာ လေ့ကျင့်ရတယ်၊ ရန်သူက လက်နက်အပြည့် အစုံနဲ့ စောင့်ကြိုနေတယ်။ ကိုယ့်ဘက်က ထိခိုက်ကျဆုံးမှုမရှိဘဲ လုပ်ငန်းပြီးမြောက်မယ်လို့ အာမ မခံနိုင်ဘူး။ ဒါပေမဲ့ တာ ဝန်နဲ့ ဝတ္တရားအရ ကျနော်တို့  မဖြစ်မနေလုပ်ရတယ်။ စွန့်စားမှုတွေကြားကပဲ ရန်သူကိုအမိအရ ကြိုးစားချေမှုန်းရတယ်”
လွှတ်တော်ရွေးကောက်ပွဲဝင်ဖို့ စိုင်းပြင်းနေတဲ့ စစ်ပြန်ရဲဘော်တွေကို ချီးမွမ်းထောပနာပြုမှုတွေ ရှိနေတဲ့တချိန်တည်းမှာ လူထုနိုင်ငံရေးလှုပ်ရှားမှုကို အထင်မကြီးတဲ့ စစ်ပြန်တချို့လည်း ရှိနေပါတယ်။ လက်ရှိ CNAS ဥက္ကဋ္ဌ၊ မရိန်းတပ်ဖွဲ့ အရာရှိ ဟောင်း Nathaniel Fick က “ကျုပ်က စစ်မြေပြင်မှာ အသေအကြေတိုက်ပွဲဝင်ခဲ့ပြီးပြီ။ နိုင်ငံရေးဆိုတာ စစ်မြေပြင် တိုက် ပွဲဝင်တာလောက် စွန့်စရာမလိုဘူးလို့ ကျုပ်ယူဆတယ်။ ခုချိန်မှာ ကျုပ်ချစ်မြတ်နိုးတဲ့ မိသားစုဘဝလေးထဲမှာ အေးဆေး နေချင်ပြီ။ နိုင်ငံရေးလောကထဲရောက်သွားတဲ့ ကျုပ်မိတ်ဆွေတချို့ ဘုံပျောက်မလို ဖြစ်နေတယ်” တဲ့။ မိတ်ဆွေများက သူ့ကို နိုင်ငံရေးလောကထဲဝင်ရောက်ဖို့ တိုက်တွန်းပေမဲ့ သူကလက်မခံဘူး။ သူကပဲဆက်ပြီးတော့ “ဘယ်ပါတီမှ အစွဲမ ထားပဲ အကောင်းမြင်စိတ်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့စွမ်းရည် စစ်ပြန်တွေမှာရှိတယ်။ တိုင်းပြည်အတွက် အရေးတကြီး ဖြည့်ဆည်း ပေးရမယ့်ကိစ္စတွေရှိတယ်။ ဘာလုပ်ရမယ်ဆိုတာ ကျုပ်တို့နားလည်ပါတယ်”။
(August 29, 2011 ထုတ် Time magazine ပါ The New gratest Generation by Joe Klein ကို ဉာဏ်မီသလောက် ထုတ်နှုတ်ဘာသာပြန် တင်ပြခြင်းမျှသာ)

နေ့သစ်ဆိုဒ်မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free