မတ်ခ်ျလ ၁၄ရက်နေ့ကနေ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ရောင်းချနေသော ကျပ်ငွေ ၂သိန်းတန် GSM ဆိမ်းကဒ်(SIM) များမှာ ဆက်သွယ်မှု Network ပြတ်တောက်မူများ ရှိနေသော်လည်း ၀ယ်လိုအား ကောင်းနေကြောင်း စစ်တွေဒေသခံများက ပြောသည်။


" ဒီလထဲမှာ ချပေးထားတဲ့ GSM ဆိမ်းကဒ်က အယင်ထက် ဈေးနှုန်းသက်သာတဲ့ အတွက် တော်တော် အရောင်း ကောင်းပါတယ်။ တရက်ကို အလုံးအရေ ရာချီပြီး ရောင်းရတယ်။ ၀ယ်ယူသူတွေ အနေနဲ့လဲ ဘာလျှောက်လွှာကိုမှ လျှောက် နေစရာမလိုဘူး။ ပိုက်ဆံရှိရင် လွတ်လွတ် လပ်လပ်ဝယ်လို့ ရနေတဲ့ အတွက် ၀ယ်လိုအား ကောင်းနေတာကို တွေ့ရပါတယ်" ဟု အရောင်းစာရေးမ တစ်ဦးက ပြောသည်။

၎င်း ၂သိန်းတန် GSM ဆိမ်းဒ်များကို စစ်တွေမြို့တွင် စာတိုက်ကြီးနှင့် ဆက်သွယ်ရေးစခန်း(၂) တို့တွင် ရောင်းချ ပေးနေ နေရာ အရောင်း စာရေးမ တစ်ဦးက ရောင်းအား ၀ယ်အားကောင်းနေကြောင်းကို နိရဉ္စရာသို့ ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် စစ်တွေနှင့် ကျောက်ဖြူ နှစ်မြို့တည်းတွင်သာ GSM များတွင်သာ အသုံးပြုနိုင်သေးသော်လည်း ယခင်က ကျပ်ငွေ ၅သိန်းဖြင့် ရောင်းချခဲ့သော GSM ဆိမ်းကဒ်များ ဖြစ်သဖြင့် ဈေးလျော့ပြီး ရောင်းချပေးရာမှ ၀ယ်လိုအား များနေခြင်း ဖြစ်ကြောင်း သိရသည်။

ဝယ်လိုကောင်းနေသော်လည်း GSM ဖုံးများမှာ ဖုံးခေါ်ရာတွင် လောလောဆယ် အ၀င်အထွက် ပြတ်တောက်မူများ ရှိနေကြောင်းကို စစ်တွေ ဒေသခံများက ပြောသည်။

" ခုရက်ပိုင်းအတွင်း မက်ဆိတ်ခ်ျ (SMS)ပို့လို့မရဘူး။ Server Error အမှားဘဲပြတယ်။ နက်တဝါး (Network) မကြာခဏ ပြတ်တယ်။ ဖုန်းခေါ်ရတာ ခက်ခဲတယ်" ဟု မောလိပ်ရက်ကွက်မှ အမျိုးသမီး တစ်ဦးက ပြောသည်။

စစ်တွေမှ တခြားအမျိုးသမီးတဦးကလည်း“ဆက်သွယ်ရေးလိုင်းတွေက မကောင်းဘူးရှင့်။ ပြတ်တောက် ပြတ်တောက် ဖြစ်တယ်။ နိုင်ငံခြားအဝင်/ အထွက် တွေဆိုရင် ပိုဆိုးပါတယ်။” ဟုပြောသည်။

အလားတူ ရခိုင်ပြည်နယ်ရှိ GSM ဖုံးသစ်များသာမက ယခင်က အသုံးပြုနေသော CDMA ဖုန်းများလည်း မကြာမခဏ ဆက်သွယ်ရေး ပြတ်တောက်မူများ ရှိနေကြောင်း သိရသည်။ CDMA သုံးစွဲနေသူ ကျောက်ဖြူ ဒေသခံ တစ်ဦးက ဆက်သွယ်မှုလိုင်း ပြတ်တောက်မှုများကို ကြုံတွေ့နေရကြောင်း ယခုလို ပြောသည်။

"CDMA ဖုန်းတွေလည်း နက်တဝါး ပြတ်တယ်။ စကားပြောနေရင်း ဖုန်းလိုင်းပြတ်တာတွေ ခဏ ခဏကြုံရပါတယ်။ ခုနောက်ပိုင်း။ နိုင်ငံခြားက ဖုန်းခေါ်တဲ့သူတွေပြောတာကလည်း လူကြီးမင်းနဲ့ပဲ တိုးနေတယ်လို့ပြောပါတယ်" ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်း GSM မိုဘိုင်းတိုးချဲ့ တပ်ဆင်ရေး စီမံကိန်း ပထမနှစ်တွင် ပြည်နယ်အတွင်းရှိ မြို့ပေါင်း ၁၆ မြို့တို့တွင် GSM စခန်းသစ် ၄၉ ခုတည်ဆောက်ပြီး GSM လိုင်း ၁၅၇ဝဝဝ တပ်ဆင်ပေးမည်ဖြစ်ကြောင်း သိရသည်။

ပထမအဆင့်တွင် ပြည်နယ်တွင်း မြို့ရှစ်မြို့၌ GSM စခန်းသစ် ၁၈ ခုတည်ဆောက် ပေးသွားမည်ဖြစ်ပြီး GSM လိုင်း ၆ဝဝဝဝ (၆သောင်း) တပ်ဆင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်း၏ ပထမနှစ်အတွင်း စစ်တွေ၊ မြောက်ဦး၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ အမ်း၊ သံတွဲ၊ တောင်ကုတ်၊ နှင့် ဂွ တို့တွင် GSM စခန်းသစ် တပ်ဆင်ပေးသွားမည် ဖြစ်သည်။

GSM ငွေသွင်းကဒ်များမှာ ကျပ် ၃သောင်းတန်နှင့် ၁ သောင်းတန်အဖြစ် ဈေးကွက်တွင် ရောင်းချနေကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ယခင်က CDMA ဆိမ်းကတ် ဖုန်းအမျိုးအစားသာ အသုံးပြုနိုင်ပြီး ယခုအခါမှ GSM ဆိမ်းကတ် ဖုန်းများကို စတင်အသုံးပြုနိုင်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ တနိုင်ငံလုံးရှိ ပြည်နယ်များတွင် ယခုလ ၁၄ ရက်နေ့က GSM ဖုန်းများကို စတင်ချထားနေပြီး လာမည့် မမတ်လ ၂၈ ရက်နေ့ တွင် တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီးများတို့တွင် အသုံးပြုနိုင်ရန် စတင်ချထား ပေးမည်ဖြစ်သည် ဟုပြည်တွင်း ဂျာနယ်များ အဆိုအရ သိရသည်။

Narinjar မြန်မာသတင်းဋ္ဌာနမှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free