7306
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပစဉ်က စစ်ကိုင်းမြို့ပ်ါရှိ မဲရုံတစ်ရုံတွင် Sky Net ရုပ်သံမှ သတင်းရယူနေစဉ်
၂၀၀၅ ခုနှစ် နောက်ပိုင်းမှ စတင်ပြီး ပြည်တွင်း၌ ပုဂ္ဂလိက ရုပ်သံလိုင်းသစ်အချို့ ပေါ်လာခဲ့ ပြီးနောက် လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝန်းလုံး ကြည့်ရှုခွင့်ရရှိထားသည့် ရုပ်သံလိုင်းကြီးများက အခြားသော ဖျော်ဖြေရေး နှင့် မီဒီယာကဏ္ဍ အသီးသီးကို လွှမ်းမိုး ခြယ်လှယ်နိုင်တော့မည်လော ဆိုသည့် ဝေဖန်သုံးသပ်မှုများ ထွက်ပေါ်လျက် ရှိသည်။
Sky Net ရုပ်သံလိုင်းသည် ၂၀၁၀ ပြည့်နှစ်တွင် စတင်၍ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး တစ်နှစ်ခွဲ ၀န်းကျင်ခန့် ကာလအတွင်းမှာပင် လုပ်ပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များစွာ ရရှိထားသောကြောင့် ပုံနှိပ်မီဒီယာ၊ ရုပ်ရှင်နှင့် ဗီဒီယိုဈေးကွက်၊ ဂီတဖျော်ဖြေ ရေးဈေးကွက်၊ ဖက်ရှင်ရှိုး အပါအ၀င် အခြားသော ဖျော်ဖြေရေးများ၏ အခန်းကဏ္ဍ၊ မီဒီယာအသီးသီးတို့ ၏ ရပ်တည်မှုကို လွှမ်းမိုးနိုင်မည့် အသွင်ဆောင်လာခဲ့သည်ဟု သုံးသပ်သူများက ပြောဆိုကြပါသည်။
Sky Net ရုပ်သံလိုင်းကို အဓိက တာဝန်ယူ ထုတ်လွှင့်နေသည်မှာ ရွှေသံလွင်မီဒီယာမှ ဖြစ်ပြီး မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ ရတနာပုံ တယ်လီပို့တို့ နှင့် ပူးပေါင်းကာ DTH (Direct to Home) စနစ်ဖြင့် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအထိ ထုတ်လွှင့်နေခြင်း ဖြစ်သည်။
ရုပ်ရှင်နှင့် ဗီဒီယိုလောကအတွက် ကြီးမားတဲ့ ထိုးနှက်ချက်
“ရုပ်သံလိုင်းတွေမှာ ပြနေတဲ့ ရုပ်ရှင်နဲ့ဗီဒီယိုဟာ ကြောက်ခမန်းလိလိ ဖြစ်နေပြီ။ ရုပ်သံလိုင်းကိုကြည့်တဲ့ ပရိသတ်က ဒီမင်းသားဒီမင်းသမီးကို နောက်ထပ် မကြည့်ချင်လောက်အောင်၊ ၀သွားအီသွားအောင် တစ်ထိုင်တည်း ကြည့်ကြရတယ်။ ပြေတီဦးဆိုရင်တစ်နေ့တည်း ငါးကားလောက်၊ မင်းမော်ကွန်းဆိုရင် တစ်နေ့တည်းငါးကားလောက် ပြတဲ့အခါမျိုးမှာ အဲဒီလိုနေ့မှာ ပြေတီဦးဇာတ်ကား၊ မင်းမော်ကွန်း ဇာတ်ကားဖြန့်ခဲ့တယ်ဆိုရင် ဘယ်သူ က ၀ယ်မလဲ၊ ဘယ်သူကငှားကြည့် တော့မလဲ”ဟု မြန်မာနိုင်ငံရုပ်ရှင် အစည်းရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောပါသည်။

ဘယ်ဒီမိုကရေစီ နိုင်ငံမှာမှ အစိုးရ၀န်ကြီး ဌာနတစ်ခုတည်းက မီဒီယာအားလုံးကို ချုပ်ကိုင်ပြီး ကိုယ်ကိုယ်တိုင် စီးပွားရေးဝင်လုပ်တာ မရှိဘူး။ အစိုးရအနေနဲ့ ဒါကိုပြုပြင်စေချင်တယ်။ နိုင်ငံတော်သမ္မတကြီး အနေနဲ့လည်း ဒီလို ကမောက်ကမ ဖြစ်နေတာမျိုးကို သတိပြုမိစေချင်တယ်။ လွှတ်တော် အနေနဲ့လည်း ကိုယ်လုပ်ကိုင်ရမယ့် အလုပ်ကို ၀န်ကြီးဌာနတစ်ခုက ၀င်လုပ်နေတာမျိုး လုံးဝမဖြစ်သင့်ဘူး။ လွှတ်တော်ထဲမှာရှိတဲ့ ကိုယ်စားလှယ် တွေရော၊ သွားဖို့ တာဆူနေတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ NLD အနေနဲ့ရော၊ အာဏာသုံးရပ်ကို ခွဲခြားသုံးစွဲခြင်း မပြုတာကို ထောက်ပြစေချင်တယ်။ ဒီမီဒီယာ ဥပဒေတွေဆိုတာ တိုင်းပြည်ရဲ့ အနာဂတ်၊ ဒီမိုကရေစီ ရဲ့ အနာဂတ်အတွက် အရေးကြီးတဲ့အတွက်  လွှတ်တော်ကပဲ ဦးဆောင်ရေးဆွဲရမှာ ဖြစ်တယ်  . . .

ရုပ်သံလိုင်းများတွင် ပြသခြင်းကြောင့် ရုပ်ရှင်နှင့် ဗီဒီယိုဈေးကွက် ကျဆင်းမည်ကို သိသော်လည်း မလွှဲသာသော အခြေအနေများကြောင့် ပြသခွင့်ပြုခဲ့ရသည်များလည်း ရှိခဲ့ကြောင်း သိရပါသည်။
“တကယ်တမ်းတော့ ရုပ်သံလိုင်းမှာ ပြသရင် ဈေးကွက်ကျမယ် ဆိုတာမသိလို့ မဟုတ်ဘူး။ သိကြပါတယ်။ ဒါကြောင့်လည်း အများစုက မရောင်းလို ကြပါဘူး။ ဒါပေမယ့် တချို့သော ဌာနဆိုင်ရာ ပုဂ္ဂိုလ်များက ထုတ်လုပ်သူတွေကို ဖိအားပေးတာမျိုးတွေ ရှိပါတယ်။ ဘယ်သူ့ဆန္ဒအရ လမ်းညွှန်ချက်အရ ရောင်းလိုက်ပါ ဆိုတာတွေ ရှိခဲ့ပါတယ်။ မရောင်းရင်တော့ ဘာဖြစ်မယ် ဆိုတာတွေကြောင့် ရောင်းခဲ့ရတာပါ။ အခုချိန်မှာတော့ ရုပ်သံလိုင်းတွေမှာ ဇာတ်ကားတွေ အများကြီး ပြသခြင်းအားဖြင့် ရုပ်ရှင် နဲ့ ဗီဒီယိုလောကအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်လာတယ်ဆိုတာ အသေအချာပါပဲ”ဟု ဦးဇင်ဝိုင်း က ဆက်လက် ပြောကြားခဲ့ပါသည်။
ထို့အပြင် သရုပ်ဆောင် နေတိုး ကလည်း “ကျွန်တော်တို့ ဇာတ်ကားတွေကို ရုပ်သံလိုင်းတွေမှာ များပြားစွာ ပြသနေခြင်းဟာ ဈေးကွက် ကျဆင်းရခြင်းရဲ့ အဓိကအကြောင်းရင်း တစ်ခုလို့ ဆိုရပါမယ်။ ကိုယ့်အိမ်မှာ ထိုင်နေရင်း မင်းသားသုံးလေးယောက် ရဲ့ဇာတ်ကားတွေကို တစ်နေကုန်ထိုင် ကြည့်နေလို့ရတဲ့အခါ ဘယ်သူကမှ ပိုက်ဆံကုန်ခံပြီး ရုပ်ရှင်ရုံသွားကြည့်ချင်မှာ မဟုတ်သလို အခွေဆိုင်သွားပြီး ငှားကြည့်နေမှာလည်း မဟုတ်ပါဘူး။ ဒီလိုသာ ရှေ့ဆက်သွားမယ် ဆိုရင်တော့ မကြာခင် အချိန်အတွင်းမှာ ရုပ်ရှင်နဲ့ ဗီဒီယိုဈေးကွက်ဟာ လုံးဝ ပျောက်ကွယ် သွားနိုင်ပါတယ်။ ကျွန်တော်တို့အားလုံးလည်း ဒီလိုအခြေအနေမျိုး မဖြစ်အောင် ၀ိုင်းဝန်းစဉ်းစားကြဖို့လိုသလို သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း ဖြေရှင်းဖို့လိုပါတယ်။ ဒါက အရေးတကြီး ဖြေရှင်းရမယ့်ကိစ္စရပ်တွေထဲက တစ်ခုလို့ဆိုရမှာပါ” ဟု သူ၏ အမြင်အား ရှင်းပြခဲ့သည်။
Sky Net ရုပ်သံလိုင်းသည် မြန်မာနိုင်ငံတစ်ဝန်းရှိ နယ်မြို့အသီးသီးတွင် ရောင်းချထားပြီးဖြစ်သောကြောင့် နယ်မြို့များတွင် ဖွင့်လှစ်ထားသည့် လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များတွင် ရုပ်သံလိုင်းမှ ပြသသည့်ဇာတ်ကားများကို အချိန်ပြည့်ပြသထားကြ၍ နယ်ဗီဒီယို ဈေးကွက်မှာလည်း သိသာစွာ ကျဆင်းသွားခဲ့သည်ဟု သိရှိရသည်။
“ကျွန်တော်တို့ နယ်မှာတော့ လက်ဖက်ရည်ဆိုင်တိုင်းမှာ တစ်နေ့လုံး Sky Net က လွှင့်တဲ့ မြန်မာကားတွေ ပြထားကြတယ်။ ညဘက်ရောက်လို့ ဘောလုံးပွဲတွေရှိရင် ဘောလုံးပွဲတွေ ဆက်ပြတယ်။ ဒီအတွက် မြန်မာ ဗီဒီယိုဇာတ်ကား ၀ယ်ယူငှားရမ်းမှု ဈေးကွက်ဟာ ကျဆင်းသွားခဲ့ပါတယ်။ တချို့နယ်တွေဆို လုံးဝကို အ၀ယ်မရှိတော့တဲ့အထိ ဖြစ်သွားပါတယ်။ ဒီအခြေအနေအတိုင်း ဆက်သွားရင်တော့ နယ်ဈေးကွက် လုံးဝပျက်သွားမှာပါ” ဟု နယ်ဗီဒီယို ကိုယ်စားလှယ် ဦးမြင့်ခိုင်က လက်ရှိ ရင်ဆိုင်နေရသည့် အခက်အခဲကို ရှင်းပြပါသည်။
ရုပ်သံလိုင်းများတွင် ပြသရန်အတွက် ဇာတ်ကားရောင်းချမှု ပြုလုပ်ခဲ့ရာမှ ရရှိသောငွေကို ထုတ်လုပ်သူကသာ ရရှိပြီး ပါဝင်ဖန်တီးခဲ့သည့် အနုပညာရှင်များအနေဖြင့် အနုပညာ ကြေးခံစားခွင့် မရရှိကြောင်း သိရပါသည်။ ရုပ်သံလိုင်းတစ်လိုင်းသို့ ဇာတ်ကားရောင်းချမှုမှာ ဇာတ်ကား တစ်ကားလျှင် ငွေကျပ် ၁၀၀၀၀၀ ၀န်းကျင်မှ ငွေကျပ် ၃၀၀၀၀၀ အထိ ရရှိကြောင်း သိရပါသည်။
ဂီတဖျော်ဖြေပွဲများ၊ ဖက်ရှင်ရှိုးနှင့် ဖျော်ဖြေရေး ကဏ္ဍများအတွက် လွှမ်းမိုးမှုတစ်ခုဖြစ်လာ
ရန်ကုန်၊ မန္တလေးနှင့် မြို့ကြီး အချို့၌ ပြုလုပ်သော ဂီတဖျော်ဖြေပွဲ များ၊ ဖက်ရှင်ရှိုးနှင့်အခြားသော ဖျော်ဖြေမှုများတွင် အချိန်နှင့်တစ်ပြေးညီ ရိုက်ကူးထုတ်လွှင့်ခွင့် ရရှိထားသည့် အပြင် ဆင်ဆာတင်းကျပ်မှု မရှိဘဲ လွတ်လပ်စွာ ထုတ်လွှင့်ခွင့် ရရှိခဲ့ခြင်းကြောင့် Sky Net ရုပ်သံလိုင်းက အဆိုပါ ဖျော်ဖြေရေးကဏ္ဍများ အပေါ် လွှမ်းမိုးမှုတစ်ခု ဖြစ်လာခဲ့ကြောင်း သိရပါသည်။
“ရန်ကုန်၊ မန္တလေးမှာ လုပ်တဲ့ ရှိုးပွဲတွေကို ငွေကြေးအင်အားသုံးပြီး တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့ပါတယ်။ ဒီအခါကျွန်တော်တို့ ရှိုးပွဲစီစဉ်သူတွေ အနေနဲ့ရေရှည်ဖြစ်လာနိုင်စရာရှိတာ ကို တွက်ဆရပါတယ်။ အချိန်တိုမှာ မသိသာပေမယ့် ရေရှည်မှာတော့  သိသာလာမှာပါ။ ရှိုးပွဲကို အိမ်မှာ အလွယ်တကူကြည့်လို့ရတဲ့ အနေအထားတစ်ခု ဖြစ်လာပြီဆိုရင် ပိုက်ဆံပိုကုန်ခံပြီး လာကြည့်ဖို့ဆိုတာ ဘယ်သူက စဉ်းစားတော့မှာလဲ။ ရုပ်သံမှာ လွှင့်ပြီးသွားပြီဆိုတာနဲ့ နာရီပိုင်း အတွင်းခိုးကူး ထွက်လာနိုင်တာကြောင့် အခွေပြန်ဖြန့်ဖို့လည်း ဘယ်လိုမှ အဆင်မပြေနိုင်တော့ဘူး။ ဒီတော့ ရုပ်သံထုတ်လွှင့်ခွင့်ကို ပွဲတိုင်းပေးမယ်ဆိုရင်တော့ ရေရှည်မှာ အခက်အခဲရှိနိုင်ပါတယ်”ဟု ၀ါရင့်ပွဲစီစဉ်သူတစ်ဦးက ရှင်းပြခဲ့သည်။
“ရုပ်သံထုတ်လွှင့်ခွင့်ဆိုတာကို ကျွန်တော်တို့ သေချာစဉ်းစားဖို့ လိုမယ် ထင်ပါတယ်။ ရုပ်သံအစီအစဉ် တစ်ခုကနေ ဒီအနုပညာရှင်တစ်ယောက်ရဲ့ အစီအစဉ်ကို မကြာခဏ ထုတ်လွှင့်ပြသနေမယ်ဆိုရင် သူ့အပေါ်ထားတဲ့ ပရိသတ်စိတ်ဝင်စားမှုက ရေရှည်မှာ လျော့ကျသွားနိုင်ပါတယ်။ ဒီတော့ ကျွန်တော်တို့ အကန့်အသတ် တစ်ခုအနေနဲ့ ထုတ်လွှင့်ဖို့ကို စဉ်းစားဖို့လိုတယ်။ ကျွန်တော့်အနေနဲ့ ဆိုရင်တော့ ကျွန်တော့် ရဲ့ ဖျော်ဖြေပွဲတွေထဲကမှ တစ်နှစ်လုံးကို တစ်ပွဲနှစ်ပွဲလောက်ပဲ ထုတ်လွှင့်ခွင့်ပေးဖို့ စီစဉ်ထားတယ်။ ဇာတ်ကား တွေကိုလည်း ဒီလိုပဲထိန်းချုပ်ထား ပါတယ်။ အဲဒီလိုမှကိုယ့်အနုပညာ တန်ဖိုးကို ကိုယ်မထိန်းသိမ်းကြရင် ရေရှည်မှာ အခက်အခဲ ရှိလာနိုင်ပါတယ်”ဟု သရုပ်ဆောင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ရှင်းပြခဲ့သည်။
ပုံနှိပ်မီဒီယာထက် ပိုရထားသော အခွင့်အရေးနှင့် မျှတသော ယှဉ်ပြိုင်မှုအတွက် မေးခွန်းထုတ်စရာ
ဖျော်ဖြေရေးကဏ္ဍများ၌ ရုပ်သံလိုင်းက လွှမ်းမိုးမှု ရှိလာခဲ့ပြီးနောက်တွင် သတင်းမီဒီယာလောက ပုံနှိပ်မီဒီယာများအပေါ်၌ပါ ရုပ်သံလိုင်းက လွှမ်းမိုးမှုရှိလာနိုင်သည့် အနေအထားတွင် ရှိနေခဲ့ပါသည်။
အထူးသဖြင့် Sky Net ရုပ်သံလိုင်းမှ ထုတ်လွှင့်လျက်ရှိသော Sky Net Up to Date Channel ၏ အချိန် နှင့်တစ်ပြေးညီ တိုက်ရိုက်တင်ဆက်မှုများမှာ အပတ်စဉ်ထုတ် သတင်းဂျာနယ်များအတွက် လွှမ်းမိုးမှုတစ်ခု ဖြစ်လာခဲ့ပါသည်။
လက်ရှိအချိန်တွင် ပြည်တွင်း၌ ထုတ်ဝေလျက်ရှိနေသည့် ဂျာနယ်အရေအတွက် ၁၉၁ စောင်အနက် ၇၉ စောင်မှာ သတင်းဂျာနယ်များ ဖြစ်ကြပါသည်။ စာပေစိစစ်ရေးမှ မူဝါဒအချို့ကို လျော့ချပေးခဲ့သော်လည်း အဆိုပါ သတင်းဂျာနယ်များ မှာ ယခင်ပုံစံအတိုင်း တင်/ထုတ် စနစ်ဖြင့်သာ ထုတ်ဝေနေရသည့် အခြေအနေဖြစ်ပါသည်။ ထို့အပြင် သတင်းသမားများ မျှော်လင့်နေသည့် သတင်းစာ ထုတ်ဝေခွင့်မှာလည်း အလှမ်းကွာနေဆဲ ဖြစ်ပါသည်။
ထိုအခြေအနေတွင် ရုပ်သံလိုင်း အနေဖြင့် ပုံနှိပ်မီဒီယာများ ရရှိထားသော အခွင့်အရေးထက် ပိုမိုရရှိခဲ့ခြင်းကြောင့် မျှတသောယှဉ်ပြိုင်မှုအတွက် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ကြောင်း သိရသည်။
“အခု အနေအထားမှာတော့ နေ့စဉ် လွတ်လပ်စွာ ထုတ်ဝေခွင့်ရနေတာမျိုး ဖြစ်တဲ့အတွက် ပုံနှိပ်မီဒီယာတွေထက်စာရင် အခွင့်အရေး ပိုရနေတယ်လို့ ပြောနိုင်ပါတယ်။ ညီမျှတဲ့ အနေအထား မရှိဘူးလို့ အဲလိုပဲ ခံစားရပါတယ်။ မဖြစ်သင့်ပါဘူး။ အခုက ရုပ်သံတွေအတွက် အခွင့်အရေး ပိုပေးထားသလို ဖြစ်နေတာတော့ အမှန်ပါပဲ။ အခုချိန်မှာ ပုံနှိပ်မီဒီယာ သမားတွေကို သတင်းစာထုတ်ဝေခွင့် ပေးလို့ရတဲ့ အခြေအနေမှာ သတင်းစာထုတ်ဝေခွင့်ကို ပြန်ကြားရေး ၀န်ကြီးဌာနအနေနဲ့လည်း ဒါကိုပြန်လည် သုံးသပ်ဖို့ လိုအပ်ပါတယ်။”ဟု ဦးကိုကိုကြီး(ကြေးမုံ)က သုံးသပ်ပါသည်။
Sky Net  ရုပ်သံလိုင်းမှ တင်ဆက်မှုများအနက် ပုံနှိပ်မီဒီယာများထက် အားသာမှုရှိခဲ့သော အချက်များမှာ အစိုးရအဖွဲ့မှထုတ်ပြန်သည့် သတင်းများကို အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ခွင့်ရရှိခြင်း၊ ကြားဖြတ် ရွေးကောက်ပွဲကာလအတွင်း ရွေးကောက်ပွဲနှင့် ပတ်သက်သော အခြေအနေများကို  မဲစာရင်းရေတွက်ချိန် အထိ ရိုက်ကူးခွင့်ရှိပြီး တိုက်ရိုက် ထုတ်လွှင့်ပြသနိုင်ခဲ့ခြင်း၊  သင်္ကြန် မတိုင်မီက သံချပ်ဖျော်ဖြေပွဲပြုလုပ် ခွင့်ပါမစ်အား တားမြစ်ကာခွင့်ပြုခဲ့ခြင်း မရှိသော်လည်း သင်္ကြန်ကာလ အတွင်းတွင်မူ ရန်ကုန်မြို့၊ တရုတ် တန်း၊ ၁၉ လမ်းရှိ Sky Net  ဖျော်ဖြေရေး မဏ္ဍပ်တွင် တင်ဆက်ခဲ့သော သာဓုပါဗျာ သံချပ်အဖွဲ့၏ ဖျော်ဖြေမှု များကို Sky Net  ရုပ်သံလိုင်းမှ လွတ်လပ်စွာ ရိုက်ကူးပြီး တိုက်ရိုက် ထုတ်လွှင့်ခွင့်ရရှိခြင်း၊ ရန်ကုန်မြို့၌ ပြု လုပ်ခဲ့သော ဖက်ရှင်ရှိုးအချို့နှင့် မော်ဒယ်လ်ပြိုင်ပွဲတချို့၌ လွန်ကဲစွာ ၀တ်စားဆင်ယင်ခဲ့မှု အချို့ကိုလည်း လွတ်လပ်စွာ ရိုက်ကူးထုတ်လွှင့်ခွင့် ရရှိခြင်း၊ ပုံနှိပ် သတင်းမီဒီယာ သမားများ သတင်းရယူရန် တားမြစ်ခံရသည့် ဖြစ်စဉ်၊ ဖြစ်ရပ်များတွင် သတင်းရယူခွင့်ရရှိခဲ့ပြီး လွတ်လပ်စွာ ထုတ်လွှင့်နိုင်ခဲ့ခြင်း အစရှိသဖြင့် အားသာချက်များ ရရှိခဲ့ခြင်းဖြစ်သည်။
“သတင်းမီဒီယာလုပ်ငန်းမှာ မမျှမတဖြစ်နေပါတယ်။ တစ်ပတ်တစ်ကြိမ် ထုတ်ဝေခွင့်ရပြီး စိစစ်ရေး ကို ဖြတ်ရတဲ့ ဂျာနယ်တစ်စောင်နဲ့  Sky Net  လိုမျိုး အခွင့်ထူးတွေရတဲ့ TV Channel တစ်ခုနဲ့ ဘယ်လိုယှဉ်မလဲ။ မီဒီယာဥပဒေကို အကြောင်းပြပြီး အခွင့်အရေးတွေ ခွဲခြားပေးနေတာမျိုးကြောင့် အစိုးရရဲ့ သတင်းမီဒီယာ ပုံရိပ်ဟာ ထိခိုက်ရပါတယ်။ ပုံနှိပ်ဥပဒေနဲ့ မီဒီယာဥပဒေကိုလည်း  ဒီလိုပုံစံရေးဆွဲနေတာကိုလည်း ကန့်ကွက်ပါတယ်။ တကယ်တော့ ဥပဒေရေးဆွဲတယ်ဆိုတာ လွှတ်တော်က ဦးဆောင်ရေးဆွဲရတာကို အစိုးရရဲ့ ၀န်ကြီးဌာနတစ်ခုက ဒီလိုရေးဆွဲတယ် ဆိုတာ လုံးဝမဖြစ်သင့်ပါဘူး။  ဘယ်ဒီမိုကရေစီ နိုင်ငံမှာမှ မရှိဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ဆန့်ကျင် ရာရောက်ပါတယ်။ နောက်ပြီး ဘယ်ဒီမိုကရေစီ နိုင်ငံမှာမှ အစိုးရ၀န်ကြီး ဌာနတစ်ခုတည်းက မီဒီယာအားလုံးကို ချုပ်ကိုင်ပြီးကိုယ်ကိုယ်တိုင် စီးပွားရေးဝင်လုပ်တာ မရှိဘူး။ အစိုးရအနေနဲ့ ဒါကိုပြုပြင်စေချင်တယ်။ နိုင်ငံတော်သမ္မတကြီး အနေနဲ့လည်း ဒီလို ကမောက်ကမ ဖြစ်နေတာမျိုးကို သတိပြုမိစေချင်တယ်။ လွှတ်တော် အနေနဲ့လည်း ကိုယ်လုပ်ကိုင်ရမယ့် အလုပ်ကို ၀န်ကြီးဌာနတစ်ခုက ၀င်လုပ်နေတာမျိုး လုံးဝမဖြစ်သင့်ဘူး။ လွှတ်တော်ထဲမှာရှိတဲ့ ကိုယ်စားလှယ် တွေရော၊ သွားဖို့တာဆူနေတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ NLD အနေ နဲ့ရော၊ အာဏာသုံးရပ်ကို ခွဲခြားသုံးစွဲခြင်းမပြုတာကို ထောက်ပြစေချင် တယ်။ ဒီမီဒီယာဥပဒေတွေဆိုတာ တိုင်းပြည်ရဲ့အနာဂတ်၊ ဒီမိုကရေစီရဲ့ အနာဂတ်အတွက် အရေးကြီးတဲ့ အတွက် လွှတ်တော်ကပဲ ဦးဆောင် ရေးဆွဲရမှာဖြစ်တယ်”ဟု  Eleven Media Group  ၏ CEO ဒေါက်တာ သန်းထွဋ်အောင်က ပြောပါသည်။
“အရင်ကတော့ သတင်းစာတို့ ရုပ်သံတို့ဆိုတာ အစိုးရကပဲ လုပ်ခွင့်ရခဲ့တယ်။ နောက်ပိုင်းတော့ ပုဂ္ဂလိက ပေးခဲ့တယ်လို့ ဆိုနိုင်ပေမယ့်ရတဲ့ သူတွေက အစိုးရနဲ့ နီးစပ်တဲ့သူတွေ၊ ဖြစ်နေခဲ့တယ်။ အဆင့်တစ်ဆင့်အနေ နဲ့ နားလည်ပေးလို့ ရပါတယ်။ ပုံနှိပ်မီဒီယာတွေနဲ့ ယှဉ်ပြိုင်တဲ့အခါမှာ အခွင့်အလမ်း ဘယ်သူသာသလဲဆိုတာတော့ ရှိတယ်။ တရားသဖြင့်ရတဲ့ ယှဉ်ပြိုင်မှုကြောင့် အားနည်းချက်ဖြစ်တယ်ဆိုရင် လက်ခံရမှာပေါ့။ တရား သဖြင့်မဟုတ်တဲ့ ယှဉ်ပြိုင်မှုဆိုရင်တော့ လုပ်သင့်တာတွေ ဆက်လုပ်သွားရမှာပေါ့”ဟု ဦးသန်းမောင်(စစ်တွေ) က ပြောပါသည်။
“စနစ်ပြောင်းပြီဆိုပေမယ့် မျှတမှုမရှိတာတွေကို တွေ့နေရပါတယ်။ ဒီဘက်မှာ ပြည်ပမီဒီယာတွေ ပြည်တွင်းမှာ အခြေစိုက်ဖို့ ကြိုးစားလာကြတယ်။ ပြန်ကြားရေးဝန်ကြီးဌာန က တာဝန်ရှိသူတချို့နဲ့ တွေ့ဆုံပြီး ကြိုးစားလာကြတယ်။ channel က ပုဂ္ဂလိကရယ်လို့ ပီပီပြင်မရှိသေးဘူး။ sky net  ရှိတယ်။ MRTV-4 ကတော့ ဖက်စပ်လို့ ပြောတယ်။ ပြည်သူတွေကို သတင်းအမှန်တွေကို တင်ပြနိုင်ဖို့ ပုဂ္ဂလိက channel စစ်စစ်လည်းလိုတယ်။ နောက်ပြီး ပြည်သူတွေကို သတင်းတွေချပြနိုင်တဲ့ ပုဂ္ဂလိကသတင်းစာလည်း လိုတယ်။ ဒီမိုကရေစီနိုင်ငံကို သွားမယ်ဆိုတာ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းပြီးသား။ မီဒီယာလောကမှာ မပီပြင်သေးဘူး။ ပုဂ္ဂလိက သတင်းစာကမရှိ။ ပြည်သူတွေက သတင်းစာ ရွေးချယ်ခွင့်မရှိဘူး။ ကိုယ်ရွေးချယ် တဲ့ သတင်းစာဖတ်ခွင့်မျိုးကို ကျွန်တော်တို့လိုချင်တယ်။ sky net မှာဆို တချို့အကြောင်းအရာတွေ live လွှင့်နိုင်တယ်။ ကျန်တဲ့ပုံနှိပ်မီဒီယာကတော့ စိစစ်ရေးမခံဘဲ ဖော်ပြလို့ မရသေးဘူးပေါ့။ တရားမျှတမှုမရှိဘူး လို့ပဲမြင်ပါတယ်”ဟု မြန်မာစာနယ်ဇင်း သမဂ္ဂဖြစ်မြောက်ရေး ကော်မတီ (ယာယီ)မှ ကိုဇော်သက်ထွေးက ပြောပါသည်။
“ယှဉ်ပြိုင်မှုဆိုတာ မျှတတဲ့ ယှဉ်ပြိုင်မှုတော့ ဖြစ်ဖို့လိုပါတယ်။ ပြိုင်ပွဲတစ်ခုမှာ တစ်ယောက်ကို ကြိုးချည်ထားပြီးတော့ နောက်တစ်ယောက် ကို လွတ်လွတ်လပ်လပ် ပြေးခိုင်းမယ်ဆိုရင် ဘယ်လိုမှမမျှတနိုင်တော့ဘူး။ အများအတွက် လွှင့်တဲ့ဖျော်ဖြေတဲ့ မီဒီယာချင်းအတူတူ မျှတတဲ့ အခွင့်အရေးမရဘူးဆိုတာ စဉ်းစားစရာဖြစ်လာပါပြီ”ဟု မီဒီယာလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက သုံးသပ်ခဲ့ပါသည်။
ရွှေသံလွင် မီဒီယာအနေဖြင့် Sky Net ရုပ်သံလိုင်း မထုတ်လွှင့်မီ အချိန်က ရွှေအက်ဖ်အမ် ရေဒီယိုကို စတင်ထုတ်လွှင့်ခဲ့ပါသည်။ ၂၀၁၀ ပြည့်နှစ်နိုဝင်ဘာလအတွင်းတွင် မြ၀တီရုပ်မြင်သံကြားပိုင် စက်ပစ္စည်း အချို့နှင့် အဆောက်အအုံကို ရွှေသံလွင်ကုမ္ပဏီမှ ၀ယ်ယူခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့ပါသည်။ ထို့နောက် ၂၀၁၀ပြည့်နှစ် ဒီဇင်ဘာလတွင် Sky Net ရုပ်သံလိုင်းများကို စတင် ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။
ရွှေသံလွှင်မီဒီယာသည်  မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာနနှင့် ပူးပေါင်းပြီး MyanmarInternational ရုပ်သံလိုင်း တင်ဆက်မှုကိုလည်း၂၀၁၀ ပြည့်နှစ် မတ်လ၃၀ရက်နေ့က စတင် လုပ်ဆောင်ခဲ့ပါသည်။ အဆိုပါရုပ်သံ လိုင်းများအပြင်တရုတ်အစိုးရပိုင် CCTV ရုပ်သံလိုင်းသုံးလိုင်းဖြစ်သည့် CCTV-4 ၊ CCTV news နှင့် CCTV-9 တို့ကို ပြန်ကြားရေးဝန်ကြီးဌာန၊ Forever Group ကုမ္ပဏီတို့နှင့် ပူးပေါင်းပြီး ပြည်တွင်းရုပ်သံလိုင်းများ မှ တစ်ဆင့် ထုတ်လွှင့်မှုကို၂၀၁၁ခုနှစ် အောက်တိုဘာလ၂၇ရက်နေ့က စတင် လုပ်ဆောင်ခဲ့ပါသည်။ လတ်တလောအနေဖြင့် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မည့် “ပျူနိုင်ငံမှ မိန်းမပျို ကချေသည်” အမည်ရှိ ရုပ်သံဇာတ်လမ်း ရိုက်ကူး ထုတ်လွှင့်နိုင်ရေးကို ယူနန်မီဒီယာ ကုမ္ပဏီနှင့် ရွှေသံလွှင်မီဒီယာ ကုမ္ပဏီ တို့အကြား ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လျက် ရှိနေပါသည်။
ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့ က နေပြည်တော်၌ ရုပ်သံလွှင့်ဥပဒေ တစ်ရပ်ရေးဆွဲရန် အတွက် အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ခဲ့ပြီး ဥပဒေမူကြမ်းကို ယခုနှစ်ကုန်ပိုင်းတွင် အပြီးရေးဆွဲနိုင်ရန် စီစဉ်ထားကြောင်း သိရပါသည်။ ဥပဒေရေးဆွဲမှုမှာ ပြောင်းလဲလာသည့် စနစ်ကြောင့်ဖြစ်ပြီး ရုပ်သံလွှင့်လုပ်ငန်းများကို ဘောင်တစ်ခုအတွင်းမှ လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်ရန် ရည်ရွယ်ကြောင်း သိရပါသည်။
မြန်မာနိုင်ငံ၏ ရုပ်သံထုတ်လွှင့်မှုကို ၁၉၈၀ ပြည့်နှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ စတင်ခဲ့ပြီး မြ၀တီရုပ်မြင်သံကြားကို ၁၉၉၃ခုနှစ်၊ MRTV-3 ကို ၂၀၀၁ခုနှစ်၊ MRTV-4 ကို ၂၀၀၄ခုနှစ်၊ြ Myanmar International ကို၂၀၁၀ပြည့်နှစ်တွင် ထုတ်လွှင့်ခဲ့ပါသည်။
ပြည်တွင်းရုပ်သံထုတ်လွှင့်မှု အတွက် ပုဂ္ဂလိကကို လုပ်ပိုင်ခွင့်ကို ပထမဆုံးအနေဖြင့် ၂၀၀၅ ခုနှစ်တွင်  Forever Group (Family Entertainment) သို့ လုပ်ကိုင်ခွင့်ပေးခဲ့ပြီး 5 Movies အစရှိသော MRTV-4 နှင့် ဆက်စပ် ရုပ်သံလိုင်းများကို ထုတ်လွှင့်ခဲ့ပါသည်။ ၂၀၁၀ပြည့်နှစ် ဒီဇင်ဘာလတွင် ရွှေသံလွင်ကုမ္ပဏီမှ Sky Net  အခပေး ရုပ်သံလိုင်းသစ် ၃၈လိုင်း ကို စတင်ထုတ်လွှင့်ခဲ့သည်။

Eleven Media မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free