လက်ပံတောင်းတောင် စီမံကိန်းအတွင်း၌ ဖွင့်လှစ်ထားသော သပိတ်စခန်း ခြောက်ခုအား နိုဝင်ဘာလ ၂၇ ရက်နေ့ ည ၁၂ နာရီ နောက်ဆုံးထားပြီး ရုပ်သိမ်းရန် ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာထားသော်လည်း နိုဝင်ဘာ ၂၈ ရက် ညနေ ၄ နာရီအချိန်အထိ သပိတ်စခန်းများ ရုပ်သိမ်းခြင်းမရှိသေးကြောင်း သတင်းရရှိပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါသပိတ်စခန်းများကို ၀င်ရောက်စီးနင်းခြင်း၊ ဦးဆောင်သူများအား ဖမ်းဆီးထိန်းသိမ်းခြင်း တစ်စုံတစ်ရာပြုလုပ်ခြင်း မရှိသေးပဲ ၀မ်ပေါင်ကုမ္ပဏီဝင်းအတွင်း၌ ဒိုင်း၊ ရာဘာတုတ်များဖြင့် အရေးခင်းနှိမ်နှင်းခြင်း လေ့ကျင့်ခန်းများကိုသာ လုပ်ဆောင်လျက်ရှိသည်ဟု အဆိုပါဒေသတွင်ရောက်ရှိနေသော EMG သတင်းထောက်မှ သတင်းပေးပို့ပါသည်။
"လောလောဆယ်တော့ သပိတ်စခန်းတွေမှာ သံဃာအပါး ၅၀၀ လောက်နဲ့ လူ ၅၀၀ ၀န်းကျင်ရှိနေပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင် အင်အားကလည်း ၅၀၀ လောက်ရှိမယ်ခန့်မှန်းပါတယ်။ သပိတ်စခန်းဆီက မေတ္တာသုတ်ရွတ်တာ ရံဖန်ရံခါကြားရပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကတော့ ၀မ်ပေါင်ကုမ္ပဏီဝင်းထဲမှာ ဒိုင်းတွေ၊ ရာဘာတုတ်တွေနဲ့ ဆုတ်တက် ဆုတ်တက် အော်ပြီး အဓိကရုဏ်းနှိမ်နှင်းရေး လေ့ကျင့်ခန်းလုပ်နေတာ တွေ့ရပါတယ်။မနက်ပိုင်းက သူတို့ လေ့ကျင့်ခန်းလုပ်နေတာကို ဓာတ်ပုံသွားရိုက်တဲ့ မီဒီယာသမားတွေကို ကုမ္ပဏီဝင်းနားကပ်ပြီး ဓာတ်ပုံမရိုက်ဖို့ အသံချဲ့စက်နဲ့ သတိပေးပါတယ်။ ဘယ်သူ့ကိုမှ ဖမ်းတာဆီးတာမလုပ်ပါဘူး။ သပိတ်စခန်းတွေက တောင်းဆိုချက် ၃ ချက် တောင်းဆိုတာရရင် ၂၀၁၃ မတ်လအထိ ဆန္ဒပြတာ ရပ်ပေးမယ်လို့ အကြောင်းကြားထားပါတယ်"ဟု EMG သတင်းထောက်က သတင်းပေးပို့ပါသည်။
လက်ပံတောင်းတောင် ကယ်ဆယ်ရေးကော်မတီက ယခုဆန္ဒပြနေခြင်းသည် ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းဖြစ်သောကြောင့် အကြမ်းဖက်နည်း ဖြင့် နှိမ်နှင်းဖြိုခွဲပါက လက်ရှိအစိုးရ၏ တာဝန်သာဖြစ်ကြောင်း ကြေငြာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်ဟု သိရှိရသည်။
ပြည်ထဲရေးဝန်ကြီးဌာန၏ ကြေညာချက်အရ ဆန္ဒပြမှုများကြောင့် လက်ပံတောင်းတောင်စီမံကိန်းကို နိုဝင်ဘာ ၁၈ ရက် ကတည်းက ရပ်ဆိုင်းထားရသည်ဟု ဆိုပြီး စီမံကိန်း ဆက်လက်လုပ်ဆောင်သင့်/မသင့်အတွက် နိုင်ငံတော်အစိုးရမှ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ် ဖွဲ့စည်းပေးပြီးဖြစ်သောကြောင့် အဆိုပါကော်မရှင်အနေဖြင့် လွတ်လပ်စွာစစ်ဆေးနိုင်ရန် စီမံကိန်းလုပ်ငန်းများ ပုံမှန်လုပ်ဆောင်နေသည်ကို တွေ့မြင်ရန်လိုအပ်သောကြောင့် ဆန္ဒပြမှုများရပ်တန့်ရန် လိုအပ်ကြောင်းနှင့် ဆန္ဒပြမှုများအားလုံးကို နိုဝင်ဘာလ ၂၇ ရက်နေ့ ည ၁၂ နာရီနောက်ဆုံးထား ဖယ်ရှားပေးရန် အကယ်၍ ဖယ်ရှားရှင်းလင်းခြင်းမပြုပါက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တည်ဆဲဥပဒေများအတိုင်း အဆင့်ဆင့် ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးကြေညာထားသည်။

Copy From Eleven Media Group Web Page
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free