နိုဝင်ဘာ ၂၆ ရက် က လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းပေးရန် ရန်ကုန်ဆူးလေစေတီတော်အနီး ဆန္ဒဖေါ်ထုတ်မှု ဦးဆောင်သူများအား နိုင်ငံတော်ကို ဂုဏ်ကျက်သရေ ညှိုးနွမ်းအောင် ဆောင်ရွက်မှုဖြင့်ဖမ်းဆီးတရားစွဲဆို၍ အင်းစိန်ထောင်တွင်းပို့ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။


"အဲဒီနေ့ညတွင်းချင်းပဲ ကျောက်တံတားနယ်မြေရဲတပ်ဖွဲ့က ပူးပေါင်းဖမ်းဆီးပေးလို့ ခြောက်ယောက်မိတယ်၊ ပန်းဘဲတန်းရဲစခန်းကို
လွှဲပေးလိုက်တယ်၊ သူတို့ကတစ်ဆင့် တရားရုံးကိုတင်ပေးထားပြီးပါပြီ၊ ကျန်တဲ့လေးယောက်ကိုလည်း ဖမ်းဝရမ်းထုတ်ပြီး လိုက်ဖမ်းနေတယ်"ဟု၎င်းကပြောသည်။ ယခုဖမ်းခံထားရသူများကို ဒီဇင်ဘာ ၃ ရက်တွင် ရုံးထုတ်မည်ဖြစ်ကြောင်း ပန်းဘဲတန်းရဲစခန်းမှ စုံစမ်းသိရှိရသည်။

ဖမ်းဆီးတရားဆွဲခံထားရသူများမှာ ဒေါ်နော်အုန်းလှ၊ ကိုဝေဠု၊ ဒေါ်ရှမ်းမ၊ ကိုရဲလင်း၊ ကိုမျိုးချစ်၊နှင့်ကိုညီညီတို့ဖြစ်ကြပြီး
ကျန်လေးဦးမှာကိုသီဟ၀င်းတင်၊ကိုဟန်ဝင်းအောင်၊ ကိုအောင်နိုင်သူနှင့်ကိုနိုင်လင်းတို့ဖြစ်ကြောင်းသတင်းရရှိသည်။

"မီဒီယာတွေထဲမှာ လူတွေကိုဖေါ်ပြလိုက်တော့ သူတို့တွေကို ဖမ်းရတာ လွယ်သွားတာပေါ့"ဟု အဆိုပါဆန္ဒပြပွဲအား ဦးဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး ကိုရဲလင်းကို ယုဇနပလာဇာရှေ့တွင် ဖမ်းဆီးနေစဉ် မျက်မြင်တွေ့ရှိသူ ကိုဝင်းကိုလှိုင်ကပြောသည်။

ပုဒ်မ ၁၈ နှင့် ၅၀၅(ခ)အရ ရဲအရေးမပိုင်အမှတ် ၁၀/၂၀၁၂ဖြင့် ကျောက်တံတားမြို့နယ် ရာကြီးအမှတ် ၃၉၂/၂၀၁၂ ဖြင့် ဖမ်းဝရမ်းထုတ်ပြီး ဆက်လက်ဆောင်ရွက်နေကြောင်း နယ်မြေလုံခြုံရေး တာဝန်ကျ ရဲတပ်ကြပ်တစ်ဦးကပြောသည်။

"အဲဒီဆန္ဒပြပွဲမှာ ဦးဆောင်သူတွေအကုန်လုံးကိုဖမ်းဖို့ အထက်ကညွှန်ကြားထားပြီးသားပါ၊ အခုဆယ်ယောက်အပြင် ကျန်တဲ့ တရားမ၀င်အဖွဲ့အစည်းဝင်တွေရော ပါတီဝင်ဖြစ်ရဲ့နဲ့ ဆန္ဒပြပွဲမှာ ပါတဲ့သူတွေရော ဆက်ဖမ်းဦးမှာပါ"ဟု၎င်းကပြောသည်။


Copy From 7day News Facebook Page
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free