သမ္မတရုံးက တတေန့က အမိန့်ထုတ်ပြန်ခဲ့တဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်မှာပါဝင်လိုတဲ့ ဆန္ဒမရှိကြောင်း ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ က ဒီကနေ့ သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ပါဝင်လိုတဲ့ဆန္ဒမရှိရတာရဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့တော့ ဖေါ်ပြမထားပါဘူး။
Photo: 88 Generation Facebook
ဒီဇင်ဘာလ ၁ရက်နေ့တွင် မုံရွာမြို့ကိုရောက်ရှိနေတဲ့ ၈၈ကျောင်းသားများအဖွဲ့က လက်ပန်းတောင်းအရေးနှင့်ပတ်သက်ပြီး ဒေသခံချို့နဲ့ တွေ့ဆုံမေးမြန်းနေစဉ်
ပြီးခဲ့တဲ့ဖြစ်ရပ်တွေနဲ့ စပ်လျဉ်းပြီး ကြေးနီမိုင်းဆက်လက်ဆောင်ရွက်ဖို့ သင့် မသင့်၊ ဆန္ဒပြမှုထိန်းသိမ်းခဲ့တဲ့အပေါ် အခြေအနေမှန်တွေဖေါ်ထုတ်နိုင်ဖို့အတွက် လူပုဂ္ဂိုလ် ၃ဝ ပါ စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ဖွဲ့စည်းခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည် က ဥက္ကဌ၊ အတွင်းရေးမှူးအဖြစ် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ဦးစစ်မြိုင်တို့ဖြစ်ကြပြီး၊ ၈၈မျိုးဆက် ကျောင်သားများအဖွဲ့က ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး တို့လည်း အဖွဲ့ဝင်တွေအဖြစ် ပါဝင်ခဲ့ကြပါတယ်။

ကော်မရှင်အနေနဲ့ ကြေးနီစီမံကိန်းမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် နိုင်ငံတကာစံချိန်အတိုင်း စနစ်တကျဆောင်ရွက်မှု ရှိ မရှိ၊ စီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်နဲ့ သဘာဝပတ်ဝန်းကျင်အပေါ် ကောင်းကျိုး ဆိုးကျိုး သက်ရောက်မှုတွေ၊ ကြေးနီစီမံကိန်းကြောင့် နိုင်ငံတော်အကျိုး ရှိ မရှိ၊ စီမံကိန်းရပ်ဆိုင်းဖို့ ဆန္ဒဖေါ်ထုတ်ရတဲ့အကြောင်းရင်းတွေ၊ ဆန္ဒဖေါ်ထုတ်မှုအပေါ် ထိန်းသိမ်းမှုနဲ့ သံဃာတော်တွေ ထိခိုက်ရတဲ့အပေါ် သုံးသပ်ချက်၊ ကြေးနီစီမံကိန်း ရပ်ဆိုင်းဖို့ သင့် မသင့်၊ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ရပ်ဆိုင်းဖို့ သင့် မသင့်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဥပဒေစိုးမိုးရေးဆိုင်ရာ အကြံပြုချက်တွေ၊ ကော်မရှင်ရဲ့ အထွေထွေသုံးသပ်တင်ပြချက်နဲ့ အကြံပြုချက်တွေ စတာတွေ တင်ပြရမှာဖြစ်ပါတယ်။

ကော်မရှင်အစီရင်ခံစာကို ၂ဝ၁၂ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့ နောက်ဆုံးထားပြီး နိုင်ငံတော်သမ္မတဆီကို တင်ပြရမှာဖြစ်ကြောင်း အမိန့်ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

Copy From RFA Burmese
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free