ဦးဂန္ဘီရ
ဦးဂန္ဘီရအား အာဏာပိုင်များ ခေါ်ဆောင်သွားကြောင်း သတင်းများ ထွက်ပေါ် နေ
၂၀၀၇ သံဃာ့လှုပ်ရှားမှု ဦးဆောင်ဆရာတော် တပါးဖြစ်သူ ဦးဂန္ဘီရအား အာဏာပိုင်များက ၂၀၁၂ မတ်လ ၆ ရက်နေ့ ည ၁၀ နာရီကျော်က ခေါ်ဆောင်သွားကြောင်း ပြည်တွင်းသတင်းရပ်ကွက်တချို့က ပြောဆိုနေပါတယ်။ ထိုသို့ ခေါ်ဆောင်သွားပြီးနောက် မတ်လ ၇ ရက်နေ့တွင် ပြန်ပို့မှာဖြစ်ကြောင်း၊ ဦးဂန္ဘီရအား ခေါ်ဆောင်သွားကြသူများဟာ လူပုဂ္ဂိုလ် လေးဦးနဲ့ သံဃာတော်တပါး ဖြစ်ကြောင်း၊ ဦးဂန္ဘီရအား ရဟန်းဝတ်နဲ့ ခေါ်ဆောင်သွားတာ ဖြစ်ကြောင်း ဦးဂန္ဘီရနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက ပြောဆိုပါတယ်။ဦးဂန္ဘီရအား ဖမ်းဆီးခေါ်ဆောင်သွားခြင်း အကြောင်းရင်းကို မသိရသေးပေမယ့် ၂၀၁၂ ဖေဖော်ဝါရီ ၁၉ ရက်နေ့ထုတ် အစိုးရအာဘော်သတင်းစာမှာတော့ ၀ိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းများ၊ ပြစ်မှုဆိုင်ရာဥပဒေများနဲ့အညီ ဦးဂန္ဘီရကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ရေးသား ဖော်ပြခဲ့ပါတယ်။ အစိုးရပိုင် သတင်းစာတွင် ဖော်ပြစဉ်က ဦးဂန္ဘီရဟာ ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့နယ် မဂ္ဂင်ကျောင်းတိုက်ကို အာဏာပိုင်တွေရဲ့ ခွင့်ပြုချက် မရဘဲ ကျူးကျော် ၀င်ရောက်နေထိုင်ခြင်း၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် ခြောက်ထပ်ကြီးဘုရားတိုက်ရှိ သာသနာ့သိပ္ပံကျောင်းနဲ့ သာသနာ့ဂုဏ်ရည်ကျောင်းတိုက်များရဲ့ သော့များအား ရိုက်ဖျက် ဖွင့်လှစ်ခြင်းများ ပြုလုပ်ခဲ့တဲ့အတွက် အမှုဖွင့် အရေးယူရန် စီစဉ်နေကြောင်း ရေးသားထားပါတယ်။ဦးဂန္ဘီရကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ဖမ်းဆီးခဲ့ကာ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော် သံဃမဟာနယကအဖွဲ့ အစည်းအဝေးခန်းမကို ခေါ်ဆောင်ခဲ့ကြောင်း၊ ထို အစည်းအဝေးခန်းမတွင် သံဃမဟာနာယကအဖွဲ့ ဆရာတော်များနဲ့ တွေ့ဆုံကာ ၀န်ခံဂတိများ လက်မှတ်ထိုးခဲ့သော်လည်း သံဃမဟာနာယက ဆရာတော်များထံ အချက် ၁၀ ချက်ပါ စာကို တင်ပြ လျှောက်ထားခဲ့ကြောင်း မြန်မာအစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။ အခုတကြိမ် ဦးဂန္ဘီရအား ခေါ်ဆောင်သွားကြသူများတွင် ရဲသတင်းတပ်ဖွဲ့က ပုဂ္ဂိုလ်များ ပါဝင်ကြောင်း အချို့သတင်းရပ်ကွက်များက ပြောဆိုပါတယ်။ ဦးဂန္ဘီရဟာ ၂၀၁၂ ဇန်န၀ါရီ ၁၃ ရက်နေ့တွင် လွတ်မြောက်လာတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခဲ့သူတဦးဖြစ်ကာ ၂၀၀၇ သံဃာ့လှုပ်ရှားမှု ဦးဆောင်သံဃာတပါးအဖြစ် လူသိများပါတယ်။ မြန်မာအစိုးရကတော့ ဦးဂန္ဘီရဟာ ထိုင်း မြန်မာနယ်စပ် အခြေစိုက် အဖွဲ့များတွင် သင်တန်း တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ တည်ငြိမ် အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်သူတဦးဖြစ်ကြောင်း ဝေဖန်လေ့ရှိပါတယ်။


VJ မြန်မာမှပါ။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free