Global Heritage Fund ဟု ခေါ်သော ကမ္ဘာ့အမွေအနှစ်များ ရန်ပုံငွေအဖွဲ့ က ထုတ်ပြန်သော အစီရင်ခံစာတွင် ရခိုင် ရှေးဟောင်း မင်းနေပြည်တော် မြောက်ဦးမြို့ကို အာရှတိုက်မှ စိုးရိမ်ဖွယ်ရာ အခြေအနေနှင့် ရင်ဆိုင်နေရသော ယဉ်ကျေးမူ အမွေအနှစ် ၁၀ ခုထဲတွင် ထည့်သွင်း ဖေါ်ပြထားသည်။


ရထားလမ်းကို အကြောင်းပြ ဖျက်ဆီးခံလိုက်ရသော မြောက်ဦးမှ သရီကုန်ဘောင် စင်္ကြန်

မေလ ၃ ရက်နေ့က ကမ္ဘာ့အမွေအနှစ် ရန်ပုံငွေ အဖွဲ့မှ ထုတ်ပြန်သော အစီရင်ခံစာတွင် အာရှတိုက်၏ ရှေးခေတ် ဗိသုကာလက်ရာ ရတနာများသည် စီးပွားရေးလုပ်ငန်းများ ထွန်းကား ကျယ်ပြန့်လာမှု၊ လုံလောက်သော ပြုပြင် ထိန်းသိမ်းခြင်း မရှိမူ၊ လုယက်မူ၊ စစ်မက် ဖြစ်ပွားမူနှင့် ခရီးသွားလုပ်ငန်းများကြောင့် ပျက်စီး ပျောက်ကွယ်ရမည့်ဘေးနှင့် ရင် ဆိုင်နေရကြောင်း ဖေါ်ပြသည်။

ထိုအထဲတွင် ထိုင်းနိုင်ငံမှ ရှေးဟောင်း မြို့တော် အယုဒ္ဓယ၊ အာဖဂန်နစ္စတန်နိုင်ငံမှ ဗုဒ္ဓသာသနိက အဆောက်အအုံ တစ်ခု၊ တရုတ်နိုင်ငံမှ ရှေးဟောင်းမြို့တော် တစ် ခု အပါအ၀င် ရခိုင်မှ ရှေးဟောင်းမြို့တော် မြောက်ဦးကိုလည်း ထည့်သွင်း ဖေါ်ပြသည်။

ကမ္ဘာ့ အဖွဲ့အစည်း တစ်ခုဖြစ်သော ကမ္ဘာ့ အမွေအနှစ်များ ရန်ပုံငွေအဖွဲ့ မှ ထုတ်ပြန်သော အစီရင်ခံစာတွင် ရှေးဟောင်း ယဉ်ကျေးမူ မြို့တော် မြောက်ဦးကို စိုးရိမ်စရာ ကောင်းသော အခြေအနေသို့ ရောက်ရှိနေကြောင်း ဖေါ်ပြ ပါရှိမူနှင့် ပတ်သက်ပြီး မြောက်ဦးတွင် နေထိုင်သူ ရှေးဟောင်း လက်ထောက် ညွှန်ကြားရေးမှူးဟောင်းလည်း ဖြစ်၊ မြောက်ဦး ပြတိုက်မှူး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဦးကျော်ထွန်းကို မေးကြည့်ရာ သူက ယခုလို ပြောကြားသည်။

" ဟုတ်ကဲ့။ မြောက်ဦးမှာ ကျွန်တော်တို့ ယဉ်ကျေးမှုအမွေ အနှစ်တွေဟာ ရထားလမ်း ဖေါက်တဲ့အခါမှာလည်းဘဲ မြို့ရိုးတွေ၊ တံတိုင်းတွေ၊ နောက်ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ်တွေ တည်ရှိတဲ့ နေရာတွေကို ဖြတ်ကျော်ပြီးတော့ ဖေါက်တာ မျိုးတွေ၊ နောက်တခါ ကားလမ်းဖေါက်တဲ့ အခါမျိုးမှာလည်းဘဲ အထူးသဖြင့် ကားလမ်းဟောင်းကို တိုးချဲ့မူ လုပ်တဲ့အခါမှာလည်း မြေသားမြို့ရိုးတိုင်တံတွေကို ဖြိုပြီးတော့ ဖို့တာမျိုးတွေ။ နောက်တခါ ရှေးဟောင်းယဉ်ကျေးမှု ဇုံထဲမှာနေပြီးတော့ ဟော်တယ်ကြီးတွေဆောက်လုပ် တာမျိုးတွေ။ နောက်တခါ ရှေးဟောင်း ဘုရား ပုထိုးတွေကို ပြုပြင်တဲ့အခါမှာလည်းဘဲ ရှေးမူမဟုတ်ဘဲနဲ့ ပြုပြင်ချင်သလို ပြုပြင်တဲ့ ပုံစံမျိုးတွေနဲ့ပေါ့။ ရှေးဟောင်းသုတေသန နည်းစနစ်တွေနဲ့ မဟုတ်ဘဲနဲ့ အလှူရှင်တွေက သူတို့ရဲ့ စိတ်ချင်တိုင်း ပြုပြင်တဲ့ ပုံစံမျိုးတွေပေါ့။ နောက်တခါ ထူးထူး ခြားခြားက မြောက်ဦးရှေးဟောင်း နန်းတော်ဟာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် တခုပါဘဲ။ ဒါပေမဲ့ ကျွန်တော်တို့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ကို အဆောက်အဦးတွေကို ဖြိုချလိုက်တဲ့နောက် ပိုင်းမှာ သက်ဆိုင်ရာက ကားဂိတ်တွေကို ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေဖြစ်တဲ့ နန်းတော်အထဲမှာ နေရာချထားပါတယ်။ ဒါတွေက တော်တော်ကို အရုပ်ဆိုးပါတယ်။ ခုလို လုပ်ချင်တိုင်း လုပ်နေကြတဲ့ အတွက် ရှေးဟောင်းယဉ်ကျေးမှု အမွေ အနှစ်တွေဟာလည်း အတားအဆီး မရှိ ပျက်စီးချင်တိုင်း ပျက်စီး နေပါတယ်။ အဲဒီလို အခြေအနေတွေကြောင့် ပိုပြီးတော့ ကျွန်တော်တို့ မြောက်ဦးဟာ ပိုပြီး စိုးရိမ်ရတဲ့ အခြေအနေမျိုးမှာ ရောက်ရှိနေတယ်လို့ ပြောလို့ရပါတယ်" ဟု ပြောသည်။

စစ်တွေနှင့် အမ်း ရထားလမ်းဖေါက်လုပ်သော အခါမှာလည်း ရခိုင် ရှေးဟောင်းမြို့တော် နေရာများကို ရှောင်းကွင်း ပြီး မဖေါက်လုပ်ဘဲ မြို့ရိုး အလယ်တည့်တည့်ကို ဖြတ်သန်းပြီး ဖေါက်လုပ်သဖြင့် တန်ဖိုး မဖြတ်နိုင်သော ရခိုင်ရှေးဟောင်း အမွေအနှစ်များ ပျက်စီးဆုံးရှံးခဲ့ရသည်ဟု ဦးကျော်ထွန်အောင်က ပြောသည်။

" လွန်ခဲ့တဲ့နှစ်က စစ်တွေနဲ့ အမ်းရထားလမ်း ဖေါက်လုပ်တဲ့ အခါ ရထားလမ်းကို ဓည၀တီမြို့ဟောင်းနဲ့ ဝေသာလီ မြို့ဟောင်း နေရာတွေက ဖြတ်ပြီး ဖေါက်လုပ်ပါတယ်။ အဲသလို ရထားလမ်းကို မြို့ဟောင်းနေရာတွေရဲ့ အပေါ်က ဖြတ်သန်း ဖေါက်လုပ်တဲ့ အတွက် မြို့ရိုးတွေ အပါအ၀င် ယဉ်ကျေးမူ အမွေအနှစ်တွေ အများကြီးပျက်စီး ဆုံးရှုံးခဲ့ပါတယ်။ ရထား ဖြတ်တဲ့ အခါမှာလည်း တုန်ခါမူနဲ့ ပျက်စီး သွားနိုင်စရာ အများကြီးရှိပါတယ်" ဟု ပြောသည်။


ဖြိုဖျက်ခံလိုက်ရသော သမိုင်းဝင် မြောက်ဦးမှ အမြင့်တောင် ခံတပ်။

မြောက်ဦးမြို့ အပါအ၀င် ရခိုင်က ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ်များမှာ ရခိုင်တမျိုးသား လုံး အတွက်သာမက ကမ္ဘာသူ ကမ္ဘာသားများ အတွက်ပါ သမိုင်းဆိုင်ရာ အရ အရေးကြီးသော ဗိသုကာ အနုပညာ လက်ရာများ ဖြစ်ကြောင်း ဦးကျော်ထွန်းအောင်က ပြောသည်။

" ဒီယဉ်ကျေးမူ အနုပညာ ဗိသုကာ လက်ရာတွေဟာ လူသားတိုင်း တန်ဖိုး ထားသင့်တဲ့ အရာတွေ ဖြစ်ပါတယ်။ ဒီအထဲက ရခိုင် မြောက်ဦးဟာ သမိုင်းအရ ဘာကြောင့် ပိုပြီး အရေးပါလဲဆိုရင် ကျွန်တော်တို့ ရခိုင်သမိုင်းမှာ ဘီစီ ၃၃၁၅က စပြီးတော့ ဓည၀တီခေတ် စပေါ်ပေါက်ခဲ့တယ်။ အဲဒီအချိန်က စတင်ပြီး ရခိုင်မှာ ဓည၀တီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ခေတ်၊ မြောက်ဦး စသဖြင့် ပေါ့လေ ခေတ်တွေ တစ်ခေတ်ပြီး တစ်ခေတ် ထွန်းကား ခဲ့ပါတယ်။ အဲဒီ ခေတ်ကြီးတွေထဲက ယဉ်ကျေးမူ အမွေအနှစ်တွေဟာ မြောက်ဦးခေတ်မှာ ပေါင်းဆုံပြီး အကြီးအကျယ် ထွန်းကားခဲ့ပါတယ်။ အထင်ကရ သမိုင်းကြောင်းတွေနဲ့ အတူ ယဉ်ကျေးမှုအမွေအနှစ်တွေရော၊ ကျောင်းကန် ဘုရား စေတီ ပုထိုး အဆောက် အအုံတွေရော၊ နောက်တခါ သမိုင်းဆိုင်ရာ ရုပ်ကြွင်း ရုပ်ထု လက်ရာတွေဟာလည်း ဒီမြောက်ဦး ခေတ်မှာဘဲ အစွန်းကုန် ထွန်းကားခဲ့တဲ့ အတွက် မြောက်ဦးဟာ သမိုင်းမှာ တော်တော် အရေးကြီးတယ်လို့ ပြောလို့ ရပါတယ်။"

မြောက်ဦးမြို့ကို ရခိုင်ဘုရင် မင်းစောမွန်က အေဒီ ၁၄၃၀ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၃၀၀ ကျော် တည်တံ့ ခဲ့သဖြင့် သမိုင်းဆိုင်ရာ ယဉ်ကျေးမူ အမွေအနှစ်များ အထူးပေါကြွယ်ဝသော ရှေးဟောင်း မြို့တော် တစ်ခု ဖြစ်သည်။ ထိုကဲ့သို့ နှစ်ပေါင်း ရာချီတည်တံ့ခဲ့သော မြို့တော် တစ်ခုကို ထိန်းသိမ်းပြုပြင်မူ အားနည်းနေသဖြင့် သဘာဝဘေးအန္တရာယ်ကြောင့်လည်း စေတီ ပုထိုးများ ယိုယွင်း ပျက်စီးနေကြောင်း ဦးကျော်ထွန်းအောင်က ပြောသည်။

" ရှေးဟောင်းယဉ်ကျေးမှု အဆောက်အအုံတွေ ဟာ ကျွန်တော်တို့ ထိန်းသိမ်းပြုပြင်မှုအပိုင်းမှာ အားနည်းမှုတွေရှိပါတယ်။ အဲဒါကြောင့် ဘုရားပုထိုး စေတီတွေဟာ မိုးကြီးတဲ့အခါ ငလျှင်လှုပ်တဲ့အခါ ပြိုပျက်နေတာတွေလည်း ရှိနေပါတယ်။ ဥပမာ အားဖြင့် မိုးကြီးတဲ့ အတွက် ရွှေဂူတောင် စေတီတို့ ပြိုကျ သလိုပေါ့။ နောက်တခါ ဘားဘူတောင်စေတီ၊ ဟာရီတောင် စေတီတို့လို ပြိုတာတွေလည်း ရှိနေပါတယ်။ အဲလိုဘဲ မုန်တိုင်းတိုက်တဲ့ အခါမှာ၊ ငလျှင်လှုပ်တဲ့အခါမှာ ပျက်စီးယိုယွင်းတာတွေ အများကြီးရှိပါတယ်။ နောက်တခါ ဒီရှေးဟောင်း အဆောက်အဦးတွေမှာ ပေါက်ရောက်နေတဲ့ ညောင်ပင် အပင်ကြီးတွေကို မခုတ်နိုင်တဲ့အတွက် တနေ့တခြားပေါ့ အဲဒီမြေကြီးတွေ ဟာ အက်ကွဲပြီးတော့ အမျိုးမျိုး ပျက်စီးနေတဲ့ အခြေအနေတွေလည်း ရှိနေပါတယ်" ဟု ပြောသည်။

ယခုကဲ့သို့ ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ်များ ပျက်စီးနေသဖြင့် မြန်မာနိုင်ငံ ရှေးဟောင်း ယဉ်ကျေးမူ ဦးစီးဌာနက မည်ကဲ့သို့ ကာကွယ် ဆောင်ရွက်နေပါသလဲဟု မေးမြန်းရာ ဦးကျော်ထွန်းအောင်က ယခုလို ပြောသည်။

" ရှေးဟောင်းသုတေသန ဌာနအနေနဲ့တော့ ဟိုတုန်းကတည်းက ကျွန်တော်တို့ တာဝန်ထမ်းဆောင်တဲ့ အချိန်က စပြီး တော့ နှစ်အလိုက် ရန်ပုံငွေတွေ ခွဲဝေ ချပေးထားတာတွေ ရှိပါတယ်။ ဒါပေမဲ့ အဲဒီရန်ပုံငွေက မဖြစ်စလောက်ဆိုတော့ ရှေးဟောင်း အဆောက်အအုံတွေက များပြားတဲ့အတွက် ဘယ်လိုမှ ထိန်းသိမ်းပြုပြင်မှု လုပ်ငန်းကို ပိုင်ပိုင် နိုင်နိုင် လုပ်ကိုင် နိုင်တဲ့ အနေအထားမှာ မရှိပါဘူး။"

ကမ္ဘာ့အမွေအနှစ်များ ရန်ပုံငွေအဖွဲ့မှ စိုးရိမ်စရာ အနေအထားမှာရှိနေကြောင်း အစီရင်ခံစာ ထုတ်ပြန်ထားသဖြင့် မြောက်ဦးကို အဆိုပါ အန္တရာယ်ကနေ လွှတ်ကင်းအောင် မည်သို့ ကာကွယ်နိုင်ပါမလဲဟု မေးမြန်းရာ သူက ယခုလို ရှင်းပြသည်။

" မြောက်ဦးရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ကာကွယ် မယ်ဆိုရင် နိုင်ငံတော်အစိုးရက ရှေး ဟောင်းသုတေသန ဇုံတွေ ခွဲပြီးတော့ သတ်မှတ်ထားတာရှိပါတယ်။ အဲဒီသတ်မှတ်ထားတဲ့ နေရာတွေမှာပေါ့လေ ဥပဒေအရ တိတိကျကျ လိုက်နာဖို့ရယ်။ နောက်တခါ ဒီဘုရားပုထိုး စေတီတွေကိုလည်းဘဲ ကျွန်တော်တို့ စနစ်တကျပေါ့။ သိပ္ပံနည်းကျ ပေါင်းရှင်းတာ တို့၊ အပင်စိုက်တာတို့ နောက်တခါ ရှေးဟောင်းပုရားပုထိုး စေတီကိုပြုပြင်တဲ့အခါမှာလဲဘဲ ရှေးမူမပျက် စနစ်တကျ ပေါ့။ ရှေးဟောင်း နည်းစနစ်တွေနဲ့ ပြုပြင်ဖို့အရေးကြီးပါတယ်။ အဲဒါတွေကိုလုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့ ရှေးဟောင်းယဉ် ကျေးမှုအမွေအနှစ်တွေဟာ စိုးရိမ်တဲ့အနေအထားက နေပြီးတော့ နည်းနည်း (ကုစား)ခံ နိုင်တဲ့ အနေအထားမျိုးကို ရောက်လာမယ်လို့ မြင်မိပါတယ်" ဟု ဦးကျော်ထွန်းအောင်က ပြောသည်။

မြန်မာ အစိုးရ အဆက်ဆက်သည် ရခိုင် ရှေးဟောင်းမြို့တော် မြောက်ဦး အပါအ၀င် ဓည၀တီ၊ ဝေသာလီ မြို့ဟောင်းများကို မထိန်းသိမ်း မပြုပြင်ဘဲ ပစ်ပယ်ထားသည်သာမက ဒေသ ဖွံ့ဖြိုးရေး အတွက် အကြောင်းပြကာ ရထားလမ်း၊ ကားလမ်းများ ဖေါက်လုပ်ပြီး ရခိုင် ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ်များကို ဖျက်ဆီးပစ်နေသဖြင့် ကမ္ဘာ ယဉ်ကျေးမူ ဆိုင်ရာ အဖွဲ့အစည်း တစ်ခု ဖြစ်သော Global Heritage Fund က ယခုလို အစီရင်ခံစာ ထုတ်ပြန်ကာ ကမ္ဘာပြည်သူများ သိရှိအောင် တပ်လှန့် နိုးဆော် လိုက်ခြင်း ဖြစ်ပုံရသည်ဟု စစ်တွေတွင် အများက ပြောဆိုဝေဖန် နေကြကြောင်း သတင်း ရရှိသည်။

Narinjara မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free