ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် (၅/၂ဝ၁၂)
၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်
၁၃၇၄ ခု၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက်
.......................................................................................
နိုင်ငံတော်သမ္မတထံသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်က တင်ပြလာသော အရေးကြီးသည့် စစ်ဆေးတွေ့ရှိချက်များ တင်ပြလာခြင်းအား ထုတ်ပြန်ကြေညာ ခြင်း

၁။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂

၄၂၊ ပုဒ်မခွဲ(ဃ)နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ (က)တွင် ''ပြည်ထောင်စု စာရင်းစစ်ချုပ်သည် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်။'' ဟု ပြဋ္ဌာန်းထားသည်။ထို့ပြင် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေ ပုဒ်မ ၁၁၊ ပုဒ်မခွဲ( က)တွင် ''ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင်ဖြစ်စေ၊ ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသား လွှတ်တော် အစည်း အဝေးတွင်ဖြစ်စေ နိုင်ငံတော်၏ အရအသုံးစာရင်းများ စစ်ဆေးခြင်း နှင့်စပ်လျဉ်း၍ ထူးခြားသော အခြေအနေကို အခါအားလျော်စွာ တင်ပြခြင်း၊'' ဟု လည်းကောင်း၊ ပုဒ်မခွဲ(ည)တွင် ''မိမိ၏ ဆောင်ရွက်ချက်ကို နိုင်ငံတော်သမ္မတမှ တစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံတင်ပြခြင်း''ဟု လည်းကောင်း ပြဋ္ဌာန်း ထားသည်။

၂။
ပြည်ထောင်စုစာရင်းစစ်ချုပ်သည် ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် ဗဟိုအာဏာပိုင် အဖွဲ့အစည်း များသို့ ခွဲဝေပေးထားသော ဘဏ္ဍာ ငွေ အရအသုံးဆိုင်ရာ စာရင်းများကို စစ်ဆေးခဲ့ရာ အရေးကြီးသော စစ်ဆေးတွေ့ရှိ ချက်များနှင့် စပ်လျဉ်း၍ ၎င်း၏ (၁၉-၁ဝ-၂ဝ၁၂)ရက်စွဲပါ အစီရင်ခံစာဖြင့် နိုင်ငံတော် သမ္မတထံ တင်ပြအစီရင်ခံခဲ့သည်။ နိုင်ငံတော်သမ္မတရုံးက လွှတ်တော်ရုံးသို့ (၂၄-၁ဝ-၂ဝ၁၂) ရက်တွင် အဆိုပါ အစီရင်ခံစာအပြည့်အစုံကို ပေးပို့ခဲ့သည်။

၃။
နိုင်ငံတော်သမ္မထံသို့ ပြည်ထောင်စု စာရင်းစစ်ရင်းစစ်ချုပ်က တင်ပြလာသော အဆိုပါ အရးကြီးသည့် စစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ အများပြည်သူ သိရှိရန် ရည်ရွယ်၍ အပြည့်အစုံကို အောက်တွင် ဖော်ပြလိုက်သည် -

၁။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် ပြည်ထောင်စု၏ ဘဏ္ဍာငွေကို အရသုံးဆိုင်ရာ ဥပဒေပါ ပြဌာန်းချက်များအရ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် အရသုံး ဘတ်ဂျက်နှင့် ပတ်သက်၍ အစိုးဌာနအဖွဲ့အစည်းများ၏ အရသုံးငွေ စာရင်းများ စစ်ဆေးခြင်း၊ အရသုံးခန့်မှန်းခြေ ငွေစာရင်းပါ ရငွေများကို ပြည့်ဝစွာ ဆောင်ရွက်ထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ အရသုံး ခန့်မှန်းခြေငွေစာရင်းပါ သုံးစွဲခွင့်ပြုထားသည့် ငွေကြေးများကို ထိရောက်စွာ အသုံးပြု/မပြု စစ်ဆေး ခြင်း၊ ဌာနဆိုင်ရာများသည် သက်မှတ်ထားသော စာရင်းအင်းထားသိုပုံနည်း စနစ်နှင့် အညီ ကျင့်သုံးခြင်းရှိ/မရှိတို့ကို စစ်ဆေးခြင်းနှင့် အလုပ်အကောင် အထည်ဖော်ဆောင်ရွက်မှုတို့ကို လုပ်ထုံးလုပ်ထုံးလုပ်နည်းနှင့်အညီ အလေး ထား စစ်ဆေးခဲ့ပါသည်။

၂။ အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်စာရင်းစစ်ချုပ်ရုံး အဆင့်ဆင့်တို့သည်လည်း သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်များ၏ ၂၀၁၁-၂၀၁၂ ဘဏ္ဍ ရေးနှစ် အရသုံးဘတ်ဂျက်ငွေစာရင်းများနှင့် ပတ်သက်၍ ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများ၏ အရသုံးငွေစာရင်းများကို လုပ်ထုံးလုပ်နည်းနှင့် အညီ အလေးထားစစ်ဆေးခဲ့ပါသည်။

၃။ ပြည်ထောင်စုစာရင်းချုပ်ရုံးနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်း စစ်ချုပ်ရုံးအဆင့်ဆင့်တို့မှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေး နှစ် အရသုံးဘတ်ဂျက်ငွေ စာရင်းများကို စစ်ဆေးရာ၌ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများတွင် ရိုးဖြောင့်သော သဘောဖြင့် စာရင်းဇယားလွဲမှားမှုများ၊ လုပ်ထုံးလုပ်နည်းနှင့် အညီ စည်းမျဉ်းမကျဆောင်ရွက်မှုများကို စစ်ဆေးတွေ့ရှိရ မှုများရှိခဲ့ပြီး ၎င်းတို့ကို စစ်ဆေးစဉ်ကာလအတွင်းမှာပင် သက်ဆိုင်ရာဌာန၏ တာဝန်ခံအကြီးအကဲ များနှင့် တွေ့ဆုံဆွေးနွေး ခြင်း၊ စစ်ဆေးတွေ့ရှိမှုများကို ရှင်းလင်းပြောကြားခြင်းများ ပြုလုပ်၍လိုအပ်သည့် ပြင်ဆင်ပေးမှု၊ တည့်မတ်ပေးမှုတို့ကို ပြုလုပ်ပေးခဲ့ ပါသည်။

၎။ စစ်ဆေးသည့်ကာလ (၁-၄-၂ဝ၁၁)မှ (၃ဝ-၉-၂ဝ၁၂)ရက်အတွင်း အရေးကြီး သောစစ်ဆေးတွေ့ရှိချက်၊ တစ်နည်းအားဖြင့် အရေးကြီးသော စာရင်းစစ် ကန့်ကွက်ချက်အဖြစ် ဝန်ကြီးဌာန (၁၅) ခုတွင် နိုင်ငံတော်မှ ချမှတ်ပေးသည့် ရသုံးငွေနှင့် နိုင်ငံတော်မှ ရရမည့်ရငွေများနှင့် ပတ်သက်၍ အလွဲသုံးစားမှု၊ မရိုးဖြောင့် မသမာသောသဘောဖြင့် ဆောင်ရွက်မှုကြောင့် နိုင်ငံတော်မှ နစ်နာဆုံးရှုံးမှု (၄၇) မှုရှိပါသည်။

၅။ အရေးကြီးသောစစ်ဆေးတွေ့ရှိချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီး ဌာနမှ ဌာနဆိုင်ရာနှင့် အဖွဲ့အစည်း အကြီးအကဲ များကို ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်စာရင်းစစ်ချုပ်ရုံးများသို့ (၁၈-၉-၂၀၁၂) ရက်မှ (၁၇-၁၀-၂၀၁၂) ရက်အထိ ခေါ်ယူတွေ့ဆုံပြီး စစ်ဆေးတွေ့ရှိ ချက်များကို စနစ်တကျရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ယင်းသို့ ရှင်းလင်းဆွေနွေးရာတွင် အလွဲသုံးစားမှု၊ နိုင်ငံတော်မှနစ်နာဆုံးရှုံးမှုများအလိုက်၊ ပြန်လည် ပေးသွင်းရမည့် နိုင်ငံ့ဘဏ္ဍာငွေများ ပြန်လည်ပေးသွင်းစေခြင်း၊ တာဝန်ရှိသူ များအား စီမံခန့်ခွဲမှုနည်းလမ်း၊ ဥပဒေဆိုင်ရာ နည်းလမ်းများဖြင့် အရေးယူစေ ခြင်း၊ နောင်တွင် အလားတူဖြစ်စဉ်များ ထပ်မံမဖြစ်ပွားစေရေးအတွက် ကြပ်မတ်၊ ထိန်းသိမ်းမည့် အစီအမံများ ပြုလုပ်စေခြင်း တို့ကို အလေးထား ဆွေးနွေးခဲ့ပါသည်။ ထိုသို့တွေ့ဆုံဆွေးနွေးမှုများအရ သက်ဆိုင်ရာဝန်ကြီး ဌာန များမှ ဌာနဆိုင်ရာ အဖွဲ့အစည်း (၂၅) ခုမှ အရေးကြီးသောစစ်ဆေး တွေ့ရှိချက် (စာရင်းစစ်ကန့်ကွက်ချက်)ပါ နိုင်ငံတော်သို့ ပြန်လည်ပေးသွင်း ရမည့်ငွေများ အပြည့်အဝ ပြန်လည်ပေးသွင်းခြင်း၊ တာဝန်ရှိသူများကို အရေး ယူမှုပြုလုပ်ခြင်း၊ ကြပ်မတ်ထိန်းသိမ်းမည့် အစီအစဉ်များ ပြုလုပ်ခြင်းတို့ဆောင် ရွက်ခဲ့ပါသည်။

၆။ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ် အရအသုံး ဘတ်ဂျက်နှင့် ပတ်သက်၍ (၁-၄-၂ဝ၁၁)ရက်မှ (၃ဝ-၉-၂ဝ၁၂)ရက်အထိ ဝန်ကြီးဌာန (၁၅)ခု၊ ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်း (၄၇) ခုတို့၏ အရေးကြီးသော စစ်ဆေးတွေ့ရှိချက်များအရ နိုင်ငံတော်သို့ ပေးသွင်းရမည့် နစ်နာငွေကျပ်သန်း (၅၈၃၉၈ ဒသမ ၈၁ဝ )နှင့် အမေရိကန် ဒေါ်လာ (၂၃၂၉၇၇ ဒသမ ၃၁ဝ) အနက် ကျပ်သိန်း(၁၇၄၂၆ ဒသမ ၇၇၂)နင့် အမေရိကန် ဒေါ်လာ (၁၆၂၃၂၂ ဒသမ ၂၉ဝ) ပေးသွင်းပြီး ၊ ပေးသွင်းရန် ကျန်ရှိငွေကျပ်သန်း (၄ဝ၉၇၂ ဒသမ ဝ၃၈)နှင့် အမေရိကန်ဒေါ်လာ (၇ဝ၆၅၅ ဒသမ ဝ၂ဝ) ဖြစ်ပါသည်။ ကျပ်သန်း (၄ဝ၉၇၂ ဒသမ ဝ၃၈) တွင် ပုဂ္ဂလိကထံမှ ရရန်ကြွေး ကျပ်သန်း (၄ဝ၈၂၈ ဒသမ ၁၂၂) နှင့် အမေရိကန်ဒေါ်လာ (၇ဝ၆၅၅ ဒသမ ဝ၂ဝ)ဖြစ်ပြီး ဝန်ထမ်းများ၏ မှားယွင်းမှုနှင့် အလွဲသုံးစားမှုကြောင့် ပြန်လည်ပေးသွင်းရမည့်ငွေမှာ ကျပ်သန်း(၁၄၃ ဒသမ ၉၁၆) ဖြစ်ပါသည်။ အောက်ပါအတိုင်း ရှင်းလင်းတင်ပြအပ်ပါသည်-

-- (က) ပုဂ္ဂလိကထံမှ ရရန်ကြွေးများ
ကျပ်သိန်း ၄ဝ၈၂၈ ဒသမ ၁၂၂ နှင့် USD ၇ဝ၆၅၅ ဒသမ ဝ၂ဝ

----- (၁) မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနမှ ပေးသွင်းရန်၊
ကျပ်သန်း ၃၅၆၅၃ ဒသမ ၇ဝ၇
(မွေးမြူရေးအစားအစာနှင့် နို့ထွက်ပစ္စည်း လုပ်ငန်းသို့ ပုဂ္ဂလိက လုပ်ငန်းရှင်များမှ ပေးသွင်း ရမည့် ကြိုတင်ထုတ်ပေးငွေ၊ အစာအကြွေး ရောင်းချငွေ၊ အကျိုးတူရင်းနှီးမြှုပ်နှံမှုအတွက် ထုတ်ပေးငွေ)

----- (၂) မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနမှ ပေးသွင်း ရန်၊
USD ၇ဝ၆၅၅ ဒသမ ဝ၂ဝ
(ဌာနပိုင် ကြို့ကုန်းမြေ ငှားရမ်းခြင်း အတွက် ပုဂ္ဂလိကထံမှရရန် ကျန်ငွေ)

----- (၃) ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှပေးသွင်းရန်၊
ကျပ်သန်း ၄၈၁၅ ဒသမ ဝဝဝ
(အင်းလေးခေါင်တိုင်ဟိုတယ်နှင့်ရန်ကုန်မြို့ ၊ အမှတ်-၁၂၈ ဆူးလေဘုရားလမ်း အဆောက်အအုံ တို့အား ဝယ်ယူခွင့် ရသူမှ ပေးသွင်းရန်ကျန်ရှိခြင်း)

----- (၄) ပြန်ကြားရေးဝန်ကြီးဌာနမှ ပေးသွင်းရန်၊
ကျပ်သန်း ၈၈ ဒသမ ၄၆၅
(Dagon Complex စီမံကိန်းဆောင်ရွက်ရာတွင် အိမ်ခန်းများအပ်နှံမှု နောက်ကျကြေးအတွက် ပုဂ္ဂလိကမှ ပေးသွင်းရန်)

----- (၅) စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှပေးသွင်းရန်၊
ကျပ်သန်း ၂၇ဝ ဒသမ ၉၅ဝ
(အဆောက်အအုံငှားရမ်းခနှင့် ရောင်းချရငွေ ပုဂ္ဂလိကမှ ပေးသွင်းရန်)

-- (ခ) မှားယွင်းမှု၊ အလွဲသုံးမှု
ကျပ်သန်း ၁၄၃ ဒသမ ၉၁၆

- စာရင်းစစ် ကန့်ကွက်ချက်အရ ဝန်ကြီးဌာနများမှ ပြန်လည်ပေးသွင်းရန်။
ကျပ်သန်း ၁၄၃ ဒသမ ၉၁၆
(သတင်းစာဖိုး၊ ကြော်ငြာခ၊ ဆိပ်ကမ်းခွန် ပိုမိုထုတ်ယူခြင်း၊ ရထားလမ်းဖောက်လုပ်ခငွေ ပိုထုတ်ခြင်းများ၊ GMS အစည်းအဝေး အခမ်း အနား၌ ပစ္စည်းဝယ်ယူတပ်ဆင်မှုအတွက် အသုံး စရိတ် ပြန်ရသော်လည်း ပေးသွင်းမှုမရှိခြင်း)

၇။ အရေးကြီးသော စစ်ဆေးတွေ့ရှိချက်များ (စာရင်းစစ်ကန့်ကွက်ချက်များ)ကို သတ်မှတ်ဘဏ္ဍာရေးနှစ် ကာလအတွင်း ပြီးပြတ်အောင်ဆောင်ရွက် နိုင်ခြင်းမရှိသည့် ဌာနဆိုင်ရာနှင့် အဖွဲ့အစည်းများကို လိုအပ်သလို ဆက်လက် စိစစ် အရေးယူ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။

၈။ အစိုး ရဌာနအဖွဲ့အစည်းများ၏ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာများကို စစ်ဆေးရာတွင် အရေးကြီး သည့် စစ်ဆေးတွေ့ရှိချက်များ၊ စာရင်းစစ်ကန့်ကွက်ချက်များနှင့် အရေးယူဆောင်ရွက်ပြီးစီးမှု အခြေအနေများ ကို သိရှိနိုင်ပါရန် နှင့် လမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ်ပါသည်။''

၎။
အရေးကြီးသော စစ်ဆေးတွေ့ရှိချက်များ တင်ပြချက်ပါ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်နည်းပညာဝန်ကြီး ဌာနမှ စာရင်း မှားယွင်းသည့် ကျပ်သန်း(၁၉ ဒသမ ဝ၅၇)ကို (၁၉-၁ဝ-၂ဝ၁၂)ရက်တွင် နိုင်ငံတော်သို့ပြန်လည်ပေးသွင်းပြီး ဖြစ်သည်။ ပြန်ကြားရေး ဝန်ကြီး ဌာန မြန်မာ့အလင်း သတင်းစာတိုက်သည် ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် အလွဲသုံးစားမှု ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ရာမှ နိုင်ငံတော် သို့ပေးသွင်းရန် ကျန်ရှိဆဲဖြစ်သည့် ကျပ်သန်း(၁၁၇ ဒသမ ၇ဝ၁)ပြန်လည် ပေးသွင်း ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနအနေဖြင့် ရှင်းလင်းဆောင်ရွက်သည့် အခြေ အနေအား သတင်းထုတ်ပြန်ပြီးဖြစ်သည်။ အလားတူ ရထားပို့ဆောင်ရေးဝန်ကြီး ဌာနမှ နိုင်ငံတော်သို့ပြန်လည်ပေးသွင်းရမည့်ငွေများ ပေးသွင်းစေရေးကြပ်မတ် ဆောင်ရွက် လျက်ရှိပါသည်။

၅။
အရေးသောစစ်ဆေးတွေ့ရှိချက်များ တင်ပြလာခြင်းကိစ္စနှင့် စပ်လျဉ်း၍ ပုဂ္ဂလိက လုပ်ငန်းရှင်များထံမှ ရရန်အကြွေးအများဆုံးဖြစ်သည့် မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနအနေဖြင့် အချိန်ကာလသတ်မှတ်၍ ရရန်ကြွေးများပြန်လည်ရရှိရေး ကြပ်မတ်ဆောင်ရွက် လျက်ရှိသည်။ ၎င်းပြင် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနတို့အနေဖြင့်လည်း သက်ဆိုင်ရာ ပုဂ္ဂလိကလုပ်ငန်းရှင်များထံမှ ရရန်ကြွေးများ ပြန်လည် ရရှိရေးအတွက် အချိန် ကာလသတ်မှတ်၍ ပေးသွင်းကြစေရန် ကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။

မူလစာမျက်နှာ - http://www.president-office.gov.mm/zg/briefing-room/news/2012/11/25/id-1812


Copy From The Voice Weekly Facebook Page
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free