ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးသန်းထွန်းက တိုင်းလွှတ်တော်အား  ယနေ့တောင်းပန်ခဲ့သည့်နောက် တိုင်းလွှတ်တော်က နကိုစီစဉ်ထားသည့် ၎င်းနှင့် ၀န်ကြီးချုပ်ဦးသိန်းအောင်တို့ကို  စွပ်စွဲပြစ်တင်မည့် အစီအစဉ်အား ရုပ်သိမ်းလိုက်ကြသည်။

ပုသိမ်မြို့ တိုင်းဒေသကြီး လွှတ်တော်ခန်းမ၌ ယနေ့ကျင်းပသည့် ပထမအကြိမ် လွှတ်တော် စတုထ္ထအစည်းအဝေးမှ ယခုကဲ့သို့ ဆုံးဖြတ်ခဲ့သဖြင့် ၃ လကျော်ကြာ တိုင်းလွှတ်တော် ကိုယ်စားလှယ်အချို့နှင့် တိုင်းဒေသကြီး ၀န်ကြီးချုပ်တို့အကြား ဖြစ်ပွားခဲ့သည့် ပြဿနာမှာ ပြေလည်သွားပြီဖြစ်သည်။

ယခုလို ရုပ်သိမ်းလိုက်ခြင်းနှင့် ပတ်သက်၍ ဓနုဖြူ မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်သည့် ဦးနိုင်ဝင်းက ``အခုလိုဖြစ်တာ ကောင်းပါတယ်။ အချင်းချင်းလုပ်ဖေါ်ကိုင်ဘက်ဖြစ်လို့ ဒီလိုဖြေရှင်းတာကို ကျွန်တော့်အနေနဲ့ ကျေနပ်ပါတယ်´´ ဟုပြောသည်။

စွပ်စွဲပြစ်တင်ရန် စီစဉ်ခဲ့ရသည့် အကြောင်းမှာ ယခုနှစ် ဇူလိုင်လ ၂ ရက်နေ့က ဓနုဖြူမြို့ အထကရုံးခန်းတွင် ဦးသန်းထွန်းက  မြို့နယ် ဋ္ဌာနဆိုင်ရာ အကြီးအကဲများရှေ့တွင် မည်သည့် လွှတ်တော်ကိုယ်စားလှယ်ခေါ်ခေါ် သွားစရာ မလိုကြောင်း ဥပမာအားဖြင့် ၎င်းမြို့မှ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးလှမြင့်နှင့် ဦးနိုင်ဝင်းခေါ်လျင်မသွားရန်၊ ယင်းအချက်သည် ၀န်ကြီးချုပ်၏ လမ်းညွှန်မှုဟု ပြောဆိုခဲ့သည့်နောက် မကြာမီ လွှတ်တော် ကိုယ်စားလှယ် ၁၉ ဦးက လက်မှတ်ရေးထိုးကာ တိုင်းလွှတ်တော်ဥက္ကဋ္ဌထံသို့ တိုင်ကြားခဲ့ကြခြင်းဖြစ်သည်။

ယခုလ ၈ ရက်နေ့မှ ၁၀ ရက်နေ့ထိ ကျင်းပသည့် တိုင်းလွှတ်တော် အစည်းအဝေးတွင် ဦးသန်းထွန်းနှင့် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်တို့အပေါ် စွပ်စွဲပြစ်တင်ရန် အစီအစဉ်ကို ထည့်သွင်းခဲ့သော်လည်း ၎င်းတို့နှစ်ဦး လွှတ်တော်သို့ တက်ရောက်ခြင်း မရှိခဲ့သဖြင့် အစီအစဉ် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိခဲ့ရာမှ ယနေ့ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် ယခုကဲ့သို့ တောင်းပန်ခဲ့ခြင်း ဖြစ်သည်။

စွပ်စွဲပြစ်တင်မည့် အဆိုကို ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ၇၂ ဦးရှိသည့်အနက် ၁၉ ဦးလက်မှတ်ရေးထိုးကာ တင်ပြခဲ့ကြသည်ဟု လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။


Copy From YPI
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free