ဒေါက်တာမင်းဇော်ဦးသည် ကမ္ဘာတစ်ဝန်းမှ ဒီမိုကရေစီအပြောင်းအလဲ ၁၁၅ ခုအား လေ့လာသုံးသပ်ကျမ်းပြုစုခဲ့ပြီး George Mason University မှ ပါရ
ဂူဘွဲ့ရခဲ့သည်။ Georgetown University မှ အမျိုးသားလုံခြုံရေးဆိုင်ရာ မဟာဝိဇာဘွဲ့နှင့် George Mason University မှ ပဋိပက္ခသုံးသပ်ဖြေရှင်းမှု မဟာသိပ္ပံဘွဲ့တို့ရရှိခဲ့သည်။ လက်ရှိ Myanmar Peace Center တွင် ငြိမ်းချမ်းဆိုင်ရာလုပ်ငန်းများ ကူညီပေးနေသည်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးက ဘယ်အဆင့်ရောက်နေပြီလို့ ထင်ပါသလဲ။

“ကျွန်တော်တို့ရဲ့ အသွင်ကူးပြောင်းရေးက တကယ် “စ” လုံးရေ စဖို့တောင်ကြံတဲ့အဆင့်ပဲ ရှိတယ်လို့ ကျွန်တော်ထင်တယ်။ အဓိက ဒီမိုကရေစီအပြောင်းအလဲနဲ့ ဒီမိုကရေစီဖြစ်ထွန်းတဲ့ ဖြစ်စဉ်တွေကို ကြည့်မယ်ဆိုရင် စစချင်း အကူးအပြောင်းဖြစ်တယ်။ အကူးအပြောင်းမဖြစ်ခင်မှာ ဒီအရင်အစိုးရတွေက ဒီမိုကရေစီ မကျတကျ လစ်ဘရယ်လိုက်ဇေးရှင်းဆိုတဲ့ နိုင်ငံရေးတံခါးလေးကို စဖွင့်ပေးတယ်။ အဲဒီကာလတွေပြီးမှ အကူး အပြောင်း တကယ်ဖြစ်လာတယ်။ အကူးအပြောင်းဖြစ်လာရင် ဒီမိုကရေစီဖွံ့ဖြိုးဖို့ လုပ်ရတဲ့ဖြစ်စဉ်တွေ ဖြစ်လာတယ်။

အဲဒီဖြစ်စဉ်တွေ အခြေခိုင်လာပြီ။ နှစ်ပေါင်းများစွာကြာလာတဲ့နောက် consolidation ပေါ့။ ကျွန်တော်တို့အဆင့်က ဒီမိုကရေစီ အကူးအပြောင်းဖြစ်တဲ့ transition အဆင့်လောက်ပြောလို့မရသေးဘူး။ ဘာလို့ပြောလို့ မရသေးလဲဆိုတော့ လက်ရှိအစိုးရက ၂၀၁၀ ရွေးကောက်ပွဲနဲ့ တက်လာတယ်။ ၂၀၁၀ ရွေးကောက်ပွဲက အားနည်းချက်တွေ အများကြီးရှိတယ်။ အဲဒီလို အားနည်းချက်တွေရှိတဲ့အပေါ်မှာ ကျွန်တော်တို့က လက်ရှိအစိုးရကို နိုင်ငံရေးတံ ခါးဖွင့်ပေးတဲ့ အစိုးရလို့ ကြည့်လို့ရှိရင် ပိုပြီးတော့ သင့်တော်မယ်။”

နောက်ပြန်မလှည့်အောင် ပြည်သူဘက်က ဘာလုပ်သင့်လဲ။

လူထုဘက်က နံပါတ်တစ်က ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေကို ကျွန်တော်တို့ အကန့်အသတ်ထားဖို့လိုတယ်။ ဒီနေ့အချိန်ဟာ “စ” လုံးရေစအချိန်ပဲဖြစ်တယ်။ အဲဒီတော့ ပြဿနာအများစုကို မဖြေရှင်းပေးနိုင်ဘူး။ အဲဒီအမြင်လေးကို ကျွန်တော်တို့မြင်ဖို့ လိုတယ်။ နောက်တစ်ခုက ဒီမိုကရေစီနိုင်ငံကို ကျွန်တော်တို့သွားတော့မယ်ဆိုရင် ဒီမိုကရေစီသဘောတရားက ကိုယ်လိုချင်တာ တောင်းတာတစ်ခုတည်း မဟုတ်ဘူး။ တခြားသူတွေရဲ့ အခက်အခဲကို ကျွန်တော်တို့က သိနိုင်ဖို့လိုတယ်။ အရင်တုန်းက အာဏာရှင်စနစ်မှာတော့ ဥပဒေဆိုလို့ရှိရင် ဒါဟာ မတရားတဲ့ဥပဒေဆိုတဲ့အတွက် ဒါဟာ ဖီဆန်ရမယ်ဆိုတဲ့သဘော ရှိလာတယ်။ ဒီမိုကရေစီနိုင်ငံ အကူးအပြောင်းဖြစ်ဖို့ ကြိုးစားလာတဲ့အချိန်မှာ ဥပဒေတွေကို ကျွန်တော်တို့ကိုယ်တိုင် လိုက်နာတတ်ရမယ်။ လူထုကြားထဲမှာ ကျင့်သုံးဖို့လိုမယ်။

အခြားဒီမိုကရေစီနိုင်ငံတွေလို တပ်မတော်က သူ့အလုပ်သူ လုပ်နိုင်အောင် ဘယ်လိုအခြေအနေတွေဖြစ်ဖို့လိုလဲ။

တပ်မတော်ကို နိုင်ငံရေးထဲက ထွက်စေချင်တယ်ဆိုလို့ရှိရင် တပ်မတော်နိုင်ငံရေးထဲမှာ ဘာလို့ရှိလဲဆိုတဲ့ အဓိကအကြောင်းအရာ ပြဿနာကို ဖြေရှင်းဖို့လိုတယ်။ အဲဒါဘာလဲဆိုတော့ လုံခြုံရေး။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆို လက်ရှိရှိတဲ့ လူမျိုးစုလက်နက်ကိုင် တိုင်းရင်းသားပြဿနာကို မဖြေရှင်းပေးနိုင်ရင် လုံခြုံရေးပြဿနာကို မဖြေရှင်းပေးနိုင်ဘူး။ အဲဒါကို မဖြေရှင်းပေးနိုင်ရင် တပ်မတော်ကိုလည်း ကျွန်တော်တို့က နိုင်ငံရေးထဲက ထွက်ဆိုတဲ့ဟာ ပြောရခက်လာလိမ့်မယ်။ တခြားနိုင်ငံတွေ ကြည့်တဲ့အခါမှာလည်း အင်ဒိုနီးရှားမှာ အာချေမှာ ပြည်တွင်းငြိမ်းချမ်းရေးရခဲ့တယ်။ အဲဒီလို အောင်မြင်မှုတွေရပြီးနောက်ပိုင်းမှာ တပ်မတော်အနေနဲ့ နိုင်ငံရေးထဲက ထွက်ရေးဆိုတာက တစ်ဖြေးဖြေးချင်း ဖြစ်လာတယ်။ နံပါတ်တစ် တပ်မတော်ကို နိုင်ငံရေးထဲမပါစေချင်ရင် တပ်မတော်ပါခဲ့တယ်ဆိုတဲ့အကြောင်း၊ လုံခြုံရေး၊ ဒီပြဿနာကို ကျွန်တော်တို့ ဖြေရှင်းဖို့လိုလိမ့်မယ်။ နောက်တစ်ခုက ကျွန်တော်တို့ရဲ့ တပ်မတော်သားတွေကို အရာရှိ၊ အရာခံအားလုံးကို Professional စစ်တပ်တစ်ခုဖြစ်အောင် လုပ်ပေးဖို့လိုတယ်။ Professional စစ်တပ်ဆိုတာ တပ်မတော်က စစ်သားဆိုတဲ့အတွက် စစ်သားအလုပ်ပဲ လုပ်သွားတယ်။ နိုင်ငံရေးမှာ သူတို့မပါဘူး။ အဲဒီလိုမျိုးတွေ ဖြစ်နိုင်ဖို့ဆိုတာ တပ်မတော်သားတွေရဲ့ စားဝတ်နေရေးပြဿနာ အများကြီးဖြေရှင်းနိုင်ဖို့ လိုလိမ့်မယ်။ အဓိကတစ်ခုက စစ်တပ်ကို ဒီမိုကရေစီအပြောင်းအလဲထဲကို ပါစေချင်ရင် အပြောင်းအလဲဖြစ်ခြင်းကြောင့် စစ်တပ်ရဲ့ ပင်မရည်ရွယ်ချက်ဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေးကို မငြိစွန်းဘဲနဲ့ မပွန်းပဲ့ဘဲနဲ့ ဒီမိုကရေစီတည်ဆောက်လို့ ရတယ်ဆိုတဲ့ အမြင်မျိုး စစ်တပ်ကို ပြောပြနိုင်ဖို့လိုလိမ့်မယ်။ ယုံကြည်အောင် လုပ်ပြရမယ်။ မဟုတ်လို့ရှိရင်တော့ စစ်တပ်က နိုင်ငံရေးထဲကထွက်ဖို့ ခက်မယ်ပေါ့။

သမ္မတဦးဆောင်တဲ့ လုပ်ရပ်တွေကို တောက်လျှောက်ထောက်ခံမှုရလာတာ ရှိတယ်။ လက်ပံတောင်းတောင်ကိစ္စမှာတော့ ဝေဖန်တာတွေ ရှိလာတယ်။ အခုလက်ရှိအခြေအနေမှာ အစိုးရအနေနဲ့ ဘာလုပ်သင့်တယ်ထင်လဲ။

လက်ရှိ အနေအထားမှာတော့ ဒီလိုမျိုး အကျပ်အတည်းတွေက ရှိလာမှာပဲ။ ဒါပထမဆုံးအကြိမ်ဆိုပေမယ့် ဒါမျိုးတွေလည်း နောက်ပိုင်းမှာ ဖြစ်လာနိုင်တယ်။ ဖြစ်တဲ့အခါမှာ ကျွန်တော်တို့ ဘာအကျပ်အတည်းဖြစ်ဖြစ် အစိုးရဘက်ကကော အတိုက်အခံဘက်ကကော လူထုကြားထဲမှာပါ ပဋိပက္ခဖြေရှင်းတဲ့ပုံစံနဲ့ အရင်ချဉ်းကပ်ဖို့လိုတယ်။ ဒီမိုကရေစီစနစ်သွားနေပြီ။ ဒီမိုကရေစီကျင့်စဉ်က ဒီလိုလုပ်ရမယ်ဆိုပြီးတော့ စံပေတံတွေနဲ့ တိုင်းလို့က မလွယ်သေးဘူး။ အခုအချိန်မှာ။ ပြဿနာတွေကို ဖြေရှင်းတဲ့ ပဋိပက္ခဖြေရှင်းတဲ့ အခြေခံမျိုးနဲ့ မချဉ်းကပ်နိုင်သ၍ လက်ပံတောင်းတောင်လို ကိစ္စမျိုးက ဒါအစိုးရဘက်က တစ်ခုတည်းတင်မကဘူး။ ဘက်ပေါင်းစုံက အင်အားစုပေါင်းစုံက ဒီပုံစံနဲ့ ချဉ်းကပ်ဖို့လိုတယ်။ ငါတို့က ဒါတောင်းဆိုတယ်။ မရရင် တစ်လက်မမှ မလျှော့နိုင်ဘူးဆိုတဲ့ ဟာမျိုးကျတော့ ထိပ်တိုက်ရင်ဆိုင်ဖြစ်ဖို့ပဲ ရှိတော့တာပေါ့။ အဲဒီလို ပုံစံမျိုးနဲ့ ချဉ်းကပ်မယ်ဆိုရင် နောက်ပိုင်းမှာလည်း လက်ပံတောင်းတောင်လို ပြဿနာတွေ အများကြီးဖြစ်လာနိုင်တယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအပြောင်းအလဲမှာ အဟန့်အတားဖြစ်နိုင်တာတွေ တော်တော်များများရှိတယ်ပြောတယ်။ ဒီအခြေအနေက ကျော်လွှားပြီး ဒီမိုကရေစီကူးပြောင်းမှု အောင်မြင်သွားရင် ကမ္ဘာက မြန်မာအပေါ် ဘယ်လိုမြင်မလဲ။

ကျွန်တော်လည်း အသွင်ကူးပြောင်းရေးတွေ အများကြီးလေ့လာခဲ့တယ်။ ကျွန်တော်တို့ အသွင်ကူးပြောင်းရေးက အခက်ဆုံးပဲ။ ကျွန်တော်တို့လောက် ပြဿနာရှုပ်ထွေးတဲ့ အကူးအပြောင်း၊ ပြဿနာများတဲ့ အကူးအပြောင်း မရှိခဲ့သေးဘူး။ ဒါပေမဲ့ ကျွန်တော်တို့မှာ အားကောင်းချက်က ဘာလဲဆိုတော့ အားနည်းချက်လည်း ဖြစ်လာနိုင်တာပေါ့ဗျာ။ စစ်တပ်အုပ်ချုပ်ခဲ့တဲ့ လွန်ခဲ့တဲ့နှစ် ၂၀ ကျော်ကာလ၊ အရင် ဦးနေ၀င်းအုပ်ချုပ်ခဲ့တဲ့ မ.ဆ.လအစိုးရလက်ထက်မှာ တိုင်းပြည်ငြိမ်ဝပ်ပိပြားရေး ဒါကို အများကြီးလုပ်နိုင်ခဲ့တယ်။ အဲဒီတော့ အခြားတိုင်းပြည်တွေမှာ ပြည်တွင်းစစ်တွေဖြစ်ပြီး အပြောင်းအလဲဖြစ်တဲ့အချိန်မှာ တိုင်းပြည်က မီးလောင်ငုတ်တိုပဲ ကျန်တော့တယ်။ အာဖဂန်နစ္စတန်မှာသွားကြည့်လိုက်၊ ရန်ကုန်မြို့လို ကာဘူးလ်ဆိုတဲ့မြို့တော်ကြီးမှာ အိမ်တွေက အမြောက်ရာ၊ ကျည်ရာတွေက နေရာတိုင်းမှာရှိတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ အဲဒီလိုအခြေအနေ မရောက်သွားခဲ့ဘူး။ ဘာကြောင့် မရောက်ခဲ့လဲဆိုရင် စစ်တပ်ဆိုတဲ့ စုဖွဲ့မှုက လုံခြုံရေးအရကော၊ နိုင်ငံရေးအရကော ထိန်းချုပ်ထားနိုင်ခဲ့တယ်။

လက်ရှိအစိုးရရဲ့ လုပ်ခဲ့တာတွေအနက် ကောင်းတာ၊ ဆိုးတာတွေက ဘာလို့မြင်မိလဲ။

အားနည်းချက်ကို အရင်ပြောရရင်တော့ အစိုးရတစ်ခုလုံးမှာ ရှေ့ကိုရွှေ့တဲ့အခါမှာ မြန်မြန်ဆန်ဆန်နဲ့ မူဝါဒတွေချမှတ်ပြီး ရွှေ့နိုင်တာ အားနည်းခဲ့တယ်။ မူဝါဒတွေ အကောင်အထည်ဖော်တာ အားနည်းခဲ့တယ်။ ဒါကလည်း ဖြစ်ရိုးဖြစ်စဉ်ပြဿနာ။ မူဝါဒဆိုတာ အပေါ်ကချမှတ်လိုက်တာလွယ်တယ်။ အကောင်အထည်ဖော်တာက ၀န်ကြီးဌာနတွေ ဌာနဆိုင်ရာတွေက အကောင်အထည်ဖော်ရတယ်။ ဒါပေမဲ့ အပေါ်ကလူရဲ့ မူဝါဒကသာ အသစ်ဖြစ်လာတာ အောက်ကယန္တရားက အဟောင်းကြီး။ အဟောင်းကြီးကနေ မူဝါဒအသစ်ကို လုပ်ရတဲ့အခါကျတော့ အများကြီးခက်တယ်။ နောက်တစ်ခုက ခုနကပြောတဲ့ World View ပေါ့။ ပြောင်းချင်တဲ့ဆန္ဒရှိတယ်။ ဒီမိုကရေစီကိုသွားချင်တယ်။ ဒါပေမဲ့ အချို့ World View တွေက ဒီမိုကရေစီဘက်ကိုသွားတဲ့ World View နဲ့ အရင်ခေတ်က World View ကို ဒီမိုကရေစီခေတ်ထဲကို ဆွဲယူပြီးမှ စဉ်းစားတာပိုပြီး ခရီးရောက်တယ်ပေါ့။ နောက်ပြန်ဆွဲတဲ့ အတွေးအခေါ်မျိုးတွေက ဆန့်ငင်ဆန့်ငင်နဲ့ ပါလာကြတာကိုဗျ။ နောက်တစ်ခုက ကျွန်တော်တို့မှာ Capacity အရမ်းကြီးတယ်။ လုံခြုံရေးဘက်ကပဲကြည့်ကြည့်၊ အစိုးရဘက်ကပဲကြည့်ကြည့်၊ ဌာနဆိုင်ရာဘက်ကပဲကြည့်ကြည့် Capacity ပြဿနာက အရမ်းကြီးတော့ အဲဒီပြဿနာကများလေလေ လုပ်ငန်းအကောင်အထည်ဖော်ဖို့ နှေးလေလေ၊ မူဝါဒကို ထိထိရောက်ရောက် ချမှတ်နိုင်မှု နည်းလေလေဖြစ်တယ်။

အောင်မြင်တဲ့ဘက်က ပြန်ကြည့်ရင် မြန်မာပြည်မှာရှိတဲ့ နိုင်ငံရေးအင်အားစုအားလုံးလိုလို မြေပေါ်ရောက်သွားတယ်။ ထောင်ချခံရတဲ့သူတွေ ရွေးကောက်ပွဲလုပ်နိုင်တယ်။ လွှတ်တော်ထဲရောက်လာတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်ပေါ့။ တစ်ဆက်တည်းမှာ နိုင်ငံရေးနယ်ပယ် ကျယ်လာတယ်။ မီဒီယာလွတ်လပ်ခွင့် အနေအထားမှာ အခုဆိုရင် ဆင်ဆာဆိုတာ မရှိသလောက်ဖြစ်သွားပြီ။ အရင်က စစ်အစိုးရဆိုတာ သုံးလို့မရဘူး။ အခုကပြဿနာမရှိဘူးပေါ့။ နောက်တစ်ခုက ငြိမ်းချမ်းရေးကိစ္စ ကချင်ကလွဲရင် အခြားနေရာတွေ သေနတ်မဖောက်သလောက်ဘဲ။ ကျွန်တော်တို့တိုင်းပြည်မှာ အပစ်အခတ်ရပ်စဲထားတဲ့အဖွဲ့ ဆယ်ခုမှာ ပြဿနာအသေးလေးတွေ ဖြစ်တယ်ဆိုတာ သုံးခုလောက်ပဲရှိတယ်။ အခြားနိုင်ငံတွေနဲ့ ယှဉ်ကြည့်တဲ့အခါမှာ ပြည်တွင်းစစ်မှာ ကျွန်တော်တို့လောက် အပစ်အခတ်ရပ်စဲတာ အောင်မြင်ခဲ့တာမရှိဘူး။

အပစ်အခတ်ရပ်စဲတယ်ဆိုတဲ့ဘက်ကကြည့်ရင် အောင်မြင်ခဲ့တယ်။ ဟိုအရင်ကလည်း အောင်မြင်ခဲ့တယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး အဓိကအကျဆုံးတစ်ခုက လက်ရှိအစိုးရရဲ့ တိုင်းရင်းသားကိစ္စကို ဖြေရှင်းမယ်ဆိုတဲ့ပုံစံက အကျယ်ကြီး ထားပေးထားတယ်။ ဒီနေ့ ဦးအောင်မင်းလိုလူမျိုးက ပြည်ထောင်စုဝန်ကြီးတစ်ယောက်က ဖက်ဒရယ်ဆိုတာ ရဲရဲပြောရဲလာပြီ။ ဖက်ဒရယ်ကို အတိုက်ခံတွေတောင် ဒီမှာပြောဖို့ တော်တော်စဉ်းစားရတယ်။ ဒီမှာ ဖက်ဒရယ်ကို ကြောက်စရာမလိုဘူးဆိုတာ ဦးအောင်မင်းလိုလူမျိုး ရဲရဲပြောရဲလာတယ်။ တိုင်းရင်းသားအရေးနဲ့ပတ်သက်လို့ မြန်မာပြည်ရဲ့ ပြဿနာကို ဖြေရှင်းတဲ့နေရာမှာ ဒါကသော့ချက်ပဲ။ ဒီသော့ချက်ကို ရဲရဲပြောရဲပြီး ရဲရဲစားပွဲပေါ်တင်ရဲတဲ့အဆင့် ဖြစ်လာတယ်။

ဘာများဖြည့်စွက်ပြောချင်ပါသေးလဲ။

ဒီမိုကရေစီအပြောင်းအလဲမှာ နံပါတ်တစ်အန္တရာယ်အရှိဆုံး ဂိုဏ်းဂဏပြဿနာ၊ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့လိုတယ်။ ကျွန်တော်တို့မှာလည်း ပုဂ္ဂိုလ်ရေးအရတို့၊ ကိုယ်လုပ်နေတဲ့ အလုပ်အရတို့ တိုက်ခိုက်ခံရတာရှိတယ်။ ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တွေကော၊ကျွန်တော်ကိုယ်တိုင်ကော ဒါတွေကို မတုံ့ပြန်ဖို့လိုတယ်။ ကျွန်တော်တို့က ဒီဟာတွေကိုတုံ့ပြန်ပြီး ထိပ်တိုက်ရင်ဆိုင်ရင် ကျွန်တော်တို့ရဲ့ ပဋိပက္ခက ပိုကြီးလာဖို့ပဲရှိတယ်။ ဂိုဏ်းဂဏပြဿနာကို ဖြေရှင်းဖို့အကောင်းဆုံးနည်းလမ်းက အတူအလုပ်တွဲလုပ်နိုင်ဖို့နည်းလမ်း ဖြစ်တယ်။ ကျွန်တော်တို့ကြားထဲမှာ မတူတဲ့ဟာလေးတွေ ခွဲလုပ်လိုက်၊ တူတာတွေတွဲလုပ်၊ အဲဒီယဉ်ကျေးမှု တည်ဆောက်နိုင်ရန် ဂိုဏ်းဂဏပြဿနာ ကျွန်တော်တို့ ကျော်လွှားနိုင်လိမ့်မယ်။ ရှိနေဆဲဆိုရင်တော့ ကျွန်တော်တို့ ဒီမိုကရေစီအရေးသွားဖို့ အဟန့်အတား ဖြစ်နိုင်ပါတယ်။


Copy From 7day News Facebook Page

These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free