မြန်မာနိုင်ငံသည် အာဏာရှင်စနစ်ကနေ ဒီမိုကရေစီသို့ အရှိန်အဟုန်မြင့် ကူးပြောင်းလာနေချိန်တွင် သီရိလင်္ကာနိုင်ငံသည် ဒီမိုကရေစီမှ အာဏာရှင်စနစ်ဘက်သို့ ပြောင်းပြန်စီးဆင်းနေသဖြင့် သီရိလင်္ကာနိုင်ငံသည် မြန်မာပြည်၏ အဖြစ်များမှ သင်ခန်းစာယူသင့်ကြောင်း သီရိလင်္ကာနိုင်ငံသား ပညာရှင်တစ်ဦး ဖြစ်သူ ဒေါက်တာ လက်ဆီရီ ဖာနိန်ဒို က အာရှထရိုင်းဗျူန်း သတင်းစာတွင် ရေးသားလိုက်သည်။

သီရိလင်္ကာနှင့် မြန်မာပြည်သည် တူညီသောအချက် အများအပြား ရှိနေသည်။ နှစ်နိုင်ငံလုံးက ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်အများစု နေထိုင်ရာနိုင်ငံများ ဖြစ်သည်။ ကိုလိုနီနယ်ချဲ့များ မရောက်လာခင်က နှစ်နိုင်ငံလုံးသည် စိုက်ပျိုးရေးကို အခြေခံသော ပဒေသရာဇ်နိုင်ငံများ ဖြစ်ခဲ့ပြီး ဗုဒ္ဓဘာသာကြောင့် နှစ်နိုင်ငံအကြားတွင် သံတမန် အဆက်အဆံရှိခဲ့သည်။
ဗြိတိသျှနယ်ချဲ့များသည် နှစ်နိုင်ငံစလုံးကို သိမ်းပိုက်အုပ်ချုပ်ခဲ့ပြီး နှစ်နိုင်ငံစလုံးသည်ပင် လွတ်လပ်ရေးရသောအခါ ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့သည်။
သို့ရာတွင် မြန်မာပြည်သည် ၁၉၆၂ ခုနှစ်တွင် အာဏာရှင်စနစ်အောက်သို့ ကျရောက်ခဲ့ပြီး စစ်တပ်က အာဏာသိမ်းခြင်းမှာလည်း တိုင်းရင်းသားအားလုံးကို ဒီမိုကရေစီစနစ်တွင် နေရာမပေးလို၍ ဖြစ်ကြောင်း သိရသည်။ သီရိလင်္ကာနှင့် မြန်မာ နှစ်နိုင်ငံလုံးသည် လူမျိုးပေါင်းစုံနေထိုင်သော နိုင်ငံများဖြစ်ပြီး မြန်မာပြည်က  လူမျိုးပိုစုံသည်။ ပို၍လည်း ရှုပ်ထွေးသည်။ သီရိလင်္ကာတွင် စစ်တပ်မှ အာဏာသိမ်းရန် ကြိုးပမ်းမှု တစ်ကြိမ်ဖြစ်ခဲ့ပြီး မအောင်မြင်ခဲ့ပေ။
မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းခဲ့ပြီးနောက် တံခါးပိတ်ဝါဒကျင့်သုံးကာ မိမိကိုယ်မိမိ အထီးကျန်အောင် လုပ်လိုက်သည်။ ၁၉၇၄ ခုနှစ်တွင် ဆိုရှယ်လစ်မြန်မာ့လမ်းစဉ်ကို စတင်မိတ်ဆက်လာပြီး စီးပွားရေး၊ နိုင်ငံရေး ကို ထိန်းချုပ်မှုများ လုပ်ခဲ့သည်။
 ဖွံ့ဖြိုးမှုသည် ပြည်တွင်းအားမှာသာ မှီတည်သည် ဟူ၍ ဖြစ်လာခဲ့ပြီး ဤလမ်းစဉ်သည် သီရိလင်္ကာနိုင်ငံသားတစ်ချို့ကိုပင် ဆွဲဆောင်နိုင်စွမ်း ရှိခဲ့သည်။ သို့ရာတွင် ဤလမ်းစဉ်မှာ ဆိုးရွားသော မှားယွင်းမှုတစ်ခု ဖြစ်ခဲ့ပြီး ၁၉၈၀ ခုနှစ်နောက်ပိုင်းတွင် မြန်မာပြည်သည် စီးပွားရေး ချွတ်ခြုံကျခဲ့သည်။
သီရိလင်္ကာနှင့် မတူခြင်းက မြန်မာနိုင်ငံရှိခေါင်းဆောင်များတွင် အားကျစရာကောင်းသော အရည်အချင်းတစ်ချို့ရှိနေသည်။ ၄င်းသည်ကား အမှားကို ၀န်ခံတတ်ခြင်းပင် ဖြစ်သည်။ စစ်အာဏာရှင်နေ၀င်းသည်ပင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်သည် မှားယွင်းခဲ့ကြောင်း ၀န်ခံခဲ့ပြီး မိမိရာထူးမှ နုတ်ထွက်ပေးခဲ့သည်။
သူနုတ်ထွက်ပြီး ကျောင်းသားခေါင်းဆောင်သော ဒီမိုကရေစီလှုပ်ရှားမှုများ ပေါ်ထွန်းလာခဲ့သည်။
သို့ရာတွင် ၁၉၈၈ ခုနှစ်တွင်စစ်တပ်မှ အာဏာထပ်သိမ်းပြန်၍ အရင်းရှင်စီးပွားရေးစနစ်ကို အခြေခံသော အစိုးရတစ်ရပ် ပေါ်ထွက်လာပြန်သည်။ သို့သော် အနောက်နိုင်ငံများက စီးပွားရေးပိတ်ဆို့သဖြင့် တရုတ်ပြည်ကို ချဉ်းကပ်ခဲ့သည်။
တရုတ်ပြည်၏ အရှင်းရှင်စနစ်မှာလည်း တစ်မျိုးတစ်မည်ဖြစ်ပြီး မိမိ၏ အကျိုးကိုသာ ရှေ့ရှုနေသဖြင့် မြန်မာအတွက် အခက်ကြုံရသည်။
အခုအချိန်တွင် မြန်မာနိုင်ငံသည် အထီးကျန်နေလိုစိတ် မရှိတော့ပေ။ အာစီယံနှင့် ရင်းနှီးလိုခြင်း၊ အနောက်နိုင်ငံများနှင့် ပတ်သတ်ဆက်ဆံလိုခြင်းများ ပြသလာသည်။ ဒီမိုကရေစီလှုပ်ရှားမှုများကိုလည်း အရင်ကလောက် ဖိနှိပ်မှုများမရှိတော့ပေ။ ဒေါ်အောင်ဆန်းစုကြည်ကား ခေါင်းမာသော အမျိုးသမီးဖြစ်ပြီး၊ သူ၏နောက်လိုက်များမှာ စွန့်လွှတ်အနစ်နာခံရန် ၀န်မလေးပေ။
ထောင်ပေါင်းများစွာသော သူ၏ နောက်လိုက်များမှာ ထောင်နန်းစံဖို့ရန် မတွန့်ဆုတ်ကြ။ ထို့အပြင် ဒီမိုကရေစီ ဘက်တော်သားများကိုလည်း တိုင်းရင်းသားလက်နက်ကိုင်များက ထောက်ပံ့ပေးခဲ့ကြသည်။
မြန်မာ့နိုင်ငံရေးတွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးက အခရာကျခဲ့သည်။ ကမ္ဘာ့အရှည်ကြာဆုံး တော်လှန်ရေးသည် မြန်မာပြည်တွင် ရှိသည်။ သို့ရာတွင် ၄င်းတော်လှန်ရေးသမားများမှာ သီရိလင်္ကာရှိတော်လှန်ရေး သမားများကဲ့သို့ အကြမ်းဖက်လမ်းစဉ်ကို မလိုက်ခဲ့ကြ။ ၄င်းတို့ထဲမှ တစ်ချို့မှာ ဘိန်းလုပ်ငန်းများနှင့် ဆက်စပ်နေခဲ့သော်လည်း အများစုမှာ ခုခံကာကွယ်စစ်ကိုသာ ဆင်နွှဲနေခဲ့ကြသည်။
တိုင်းရင်းသားလက်နက်ကိုင် တောင်လှန်ရေးများက မြန်မာ့တပ်မတော်ကို ခေါင်းနှောက်စေခဲ့သည်။ စစ်ပွဲများကြောင့် အိမ်ခြေမှဲ့များ၊ ရွှေ့ပြောင်းထွက်ပြေးသူများ ရှိခဲ့သော်လည်း ၄င်းဖြစ်ရပ်များကို အမှန်အတိုင်းသိမြင်ကြပြီး သီရိလင်္ကာကဲ့သို့ အိမ်မက်ထဲက ဖြစ်ရပ်များ အဖြစ် သဘောမထားကြပေ။
မြန်မာပြည်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပေါ်ထွန်းလာပြီးနောက်တွင် ဒီမိုကရေစီအရေးသည် ဘီးစလှိမ့်လေသည်။ ၄င်းဘီးသည် မရပ်မနား ဆက်တိုက်ရွှေ့လေသည်။ သမ္မတ ဦးသိန်းစိန်သည်လည်း ဦးနေ၀င်းကဲ့သို့ပင် အမှားတချို့ကို ၀န်ခံခဲ့ပေသည်။
ထို့နောက် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးသည်။ တိုင်းရင်းသားများနှင့် စစ်ပြေငြိမ်းသည်။ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်သည်။ သမ္မတက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီး ပါလီမန်တွင် ပါဝင်နိုင်အောင် လမ်းကြောင်းပေးသည်။ မြန်မာပြည်၏ အပြောင်းအလဲကာလတွင် မသိကိန်းများ ရှိနေသေးသော်လည်း ရေရှည်အတွက် စဉ်းစားလျှင် ဘီးနောက်ပြန် လှည့်လိမ့်မည် မဟုတ်တော့ပေ။
မြန်မာပြည်၏ အပြောင်းအလဲများသည် သီရိလင်္ကာအတွက်သာမဟုတ် တစ်ခြားနိုင်ငံတစ်ချို့အတွက်ပင် နမူနာယူစရာ ဖြစ်လာခဲ့သည်။ အာဏာရှင်စနစ်သည် မြန်မြန်သွက်သွက် ပျောက်ကွယ်လာနေသည်။ အားရစရာပါပေ။
ကျွန်ုပ်တို့ သီရိလင်္ကာတွင် ၁၉၇၄ ခုနှစ်က ဦးနေ၀င်း ကြွေးကြော်ခဲ့သော မြန်မာ့လမ်းစဉ် စနစ်ကို အခုထိ အကြိုက်တွေ့နေသူများ ရှိနေသေးသည်။ သူတို့က သီရိလင်္ကာလမ်းစဉ် အဖြစ်ပင် မော်ကွန်းထိုးထားသေးသည်။ အန္တရာယ်အကြီးဆုံးက အတိတ်ကာလ မြန်မာပြည်၏ အာဏာရှင်စနစ်ကို အသက်သွင်းချင်သော စိတ်ဓာတ်များပင် ရှိနေပေသေးတော့သည်။
နိုင်ငံတိုင်း ကိုယ့်နည်းကိုယ့်ဟန်တော့ ရှိရမည်မှာ မလွဲပါ။ အမျိုးသားရည်မှန်းချက်ကို ချမှတ်ကျင့်သုံးကြရမည်ပင်။
မြန်မာများ ယခုကဲ့သို့ လမ်းသစ်ထွင်ရခြင်းမှာလည်း အကြောင်းမျိုးစုံရှိသည်။ သူတို့သည် ယခင်အတိတ်ကာလက အာဏာရှင်စနစ်၏ လုပ်ပုံကိုင်ပုံနှင့် ရှေ့မတိုးနိုင်ခြင်းကို အလွန်အမင်း စိတ်ပျက်ခဲ့ကြလေပြီ။ တပ်မတော်ထဲတွင်ပင် စိတ်ပျက်လာကြသူများရှိသည်။
ပြန်ကြည့်လျှင် အပြောင်းအလဲများကို လုပ်လာသော သမ္မတဦးသိန်းစိန်သည် တပ်မတော်သားဟောင်းပင် ဖြစ်သည် မဟုတ်ပါလား။ ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီရေး လှုပ်ရှားမှုများသည်လည်း ဖိနှိပ်ခြင်းငှာ ခက်ခဲလှသည်။ အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုများက နိုင်ငံ့အားကို ချဥ့်နှဲစေသည်မှာအမှန်ပင်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင် စီးပွားရေးမြုပ်နှံမှုများ ပြုလုပ်သော်လည်း အလကားပေးသော အကူအညီပေးသူတော့ မဟုတ်ပါ။
တရုတ်ပြည်သည် မြန်မာပြည်ကို သယံဇာတ ဂုတ်သွေးစုပ်နေကြောင်း ခံစားလာရသူတွေ ရှိနေခဲ့သည်။ သမ္မတဦးသိန်းစိန်က တရုတ်၏ ရင်းနှီးမြှုပ်နှံမှုတစ်ချို့ကို ရပ်တန့်ပစ်ပြီး တရုတ်နှင့် အနောက်နိုင်ငံများအကြား သံတမန် ချိန်ခွင်ချာညှိရန်လုပ်လာသည်။ မြန်မာနိုင်ငံသည် ဤသို့လုပ်သဖြင့် နှစ်ဘက်လုံးမှ အကျိုးအမြတ်ရခဲ့ပါက အလွန်ကောင်းမွန်သော နိုင်ငံခြားရေးပေါ်လစီပင် ဖြစ်သည်။
ယခုကဲ့သို့သော ကောင်းမွန်သော နိုင်ငံခြားရေးပေါ်လစီကြောင့် အနောက်နိုင်ငံများက စီးပွားရေးပိတ်ဆို့မှု လျော့ချလာခဲ့သည်။ မြန်မာပြည်အနေနှင့်က ဒီမိုကရေစီနိုင်ငံအစစ်အမှန် ဖြစ်အောင် မှန်မှန်ထက်တက် ချီတက်ဖို့လိုသည်။
သီရိလင်္ကာအဖို့ မြန်မာနိုင်ငံဆီက အတုယူရန်ရှိပါက အတိတ်ကို အတုယူရန်မဟုတ်ပဲ ပစ္စပ္ပန်ကိုသာ ကြည့်ရန်ဖြစ်သည်။ မြန်မာပြည်သည် အနာကတ်တွင်လည်း ပိုမိုကောင်းမွန်လာဖွယ်ရှိသည်။
တမီးလ်သူပုန်အလွန်စစ်ပွဲများအပြီး သီရိလင်္ကာသမ္မတကြီးသည် မြန်မာပြည်သို့ ပထမဦးဆုံးခရီးစဉ် အဖြစ် သွားရောက်ခဲ့ရာ မြန်မာပြည်၏ အာဏာရှင်စနစ်ကို သမ္မတကြီး အတုယူမည်လား ဟူ၍ သီရိလင်္ကာသားတို့ စိုးရိမ်ခဲ့ရသည်။ မြန်မာနိုင်ငံကိုလည်ပတ်မှုအပြီး သမ္မတကြီးသည် ကဒါဖီရှိရာ လစ်ဗျားသို့ နှစ်ကြိမ်တိုင် သွားရောက်ခဲ့သေးသည်။
သီရိလင်္ကာသည် မြန်မာပြည်၏ အတိတ်ဖြစ်သော အာဏာရှင်စနစ်ကို မတုမယူမိစေရန် ကျွန်ုပ်တို့ ရင်တမမ ဆုတောင်းနေခဲ့ရသည်။ မြန်မာပြည်က အတုယူစရာရှိလျှင် သီရိလင်္ကာအတွက် အတုယူရန်မှာ ဦးအောင်ဆန်း၊ ဦးနု၊ ဒေါ်အောင်ဆန်းစုကြည် တို့လို အာဏာရှင်ကို ဆန့်ကျင်သူများကိုသာ အတုယူရပေမည်။

မောက်ခမှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free