မုံရွာမြို့တွင် ကျောင်းတိုက်အသီးသီးမှ သံဃာတော်များနှင့် ချောင်းဦးမြို့မှ
ကြွရောက်လာသော သံဃာ အပါး ၃၀၀ အပါအ၀င် စုစုပေါင်း သံဃာအပါး ၂၀၀၀ ကျော်သည်
ယနေ့မွန်းလွဲ ၁၂ နာရီကျော်တွင် မုံရွာမြို့ ရွှေစည်းခုံစေတီတော်ရင်ပြင်ပေါ်၌
စတင်စုဝေးကြွချီလာပြီး မွန်းလွဲ ၁ နာရီဝန်းကျင်မှစတင်၍
ရွှေစည်းခုံစေတီတော်မြောက်ဘက်မုခ်မှ စတင်ကာ မုံရွာမြို့တွင်းသို့
ငြိမ်းချမ်းစွာ ကြွချီခဲ့ကြသည်။
ရွှေစည်းခုံစေတီတော်မြောက်ဘက်မုခ်မှ ဘူတာလမ်း၊ သာစည်လမ်း၊ ပေရှစ်ဆယ်လမ်း၊
ကျောက္ကာလမ်း၊ ဗိုလ်ချုပ်လမ်း၊ မြို့ပတ်လမ်း၊ ကမ်းနားလမ်း၊ သို့
သံဃာတော်များက မေတ္တာပို့၍ ငြိမ်းချမ်းစွာ ကြွချီကာ မွန်းလွဲ ၃ နာရီခွဲတွင်
ရွှေစည်းခုံစေတီတော်သို့ ပြန်လည် ကြွချီရောက်ရှိလာကြသည်။ ထို့နောက်
သံဃာတော်များသည် ကျောင်းတိုက်အသီးသီးသို့ ပြန်လည် ကြွချီခဲ့ကြသည်။
မြို့တွင်းသို့ သံဃာတော်များ မေတ္တာပို့၍ ကြွချီရာတွင် ဒေသခံ ပြည်သူ ၂၀၀
ဝန်းကျင် လိုက်လံအားပေးခဲ့ကြသည်။ လုံခြုံရေးတပ်ဖွဲ့ဝင် ၅၀ ၀န်းကျင်မှာလည်း
အရပ်ဝတ်ဖြင့် တာဝန် ထမ်းဆောင်နေသည်ကို တွေ့ရပြီး မြို့ခံပြည်သူများက
သံဃာတော်များကို ရေချမ်းနှင့်ဖျော်ရည်များ ဆပ်ကပ်ကြကြောင်း 7 Day News
သတင်းထောက်က သတင်းပေးပို့သည်။
မုံရွာမြို့မှ သံဃာတော်များ ယနေ့ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခြင်းမှာ
ဒီဇင်ဘာ ၈ ရက်တွင် အခြားမြို့ များနည်း တူ မုံရွာမြို့မှ သံဃာတော်များကလည်း
ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်၍ အစိုးရကို တောင်းဆိုချက် များပြုလုပ်
ခဲ့ခြင်းဖြစ်သည်။ သို့သော် တောင်းဆိုချက်များကို အစိုးရက ကျေနပ်လက်ခံအောင်
ဆောင်ရွ က်ပေးခြင်းမရှိသောကြောင့် ထပ်မံဆန္ဒဖော်ထုတ်ခြင်းဖြစ်ပြီး
အောက်ပါအချက်များကို အစိုးရအား ထပ်မံတောင်း ဆိုလိုက်သည်။
၁။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအား ဒေသခံများနှင့် ပြည်သူလူထုတစ်ရပ်လုံးက ကျေနပ် လက်ခံအောင် ဆောင်ရွက်ပေးရန်။( စုံစမ်းရေးကော်မရှင် ဆက်လုပ်မည်)
၂။ အကြမ်းဖက်နှိမ်နင်းမှုနှင့် ပတ်သက်၍ သံဃာထုတစ်ရပ်လုံးအား နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ေ ထာင် စုအဆင့် ၀န်ချတောင်းပန်ရန်။ (ပြည်ထောင်စုဝန်ကြီးတောင်းပန်ပြီး)
၃။ အကြမ်းဖက်နှိမ်နင်းမှုတွင် ပါဝင်ပတ်သက်သော ပုဂ္ဂိုလ်များအား ထိရောက်စွာ အရေးယူပေးရန်။
၎။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ ဖမ်းဆီးထားသူများကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန် လွှတ်ပေးရန်။(ပြီး)
၅။ သမိုင်းဝင် ဘာသာ၊ သာသနာ အမွေအနှစ်များအား ဖျက်ဆီးခြင်းကို ချက်ချင်းရပ်ဆိုင်းပေးရန်။ (သမ္မတ စာထွက်ပြီး)
၆။ သံဃာတော်များအား ယခုလို မီးလောင်၍ ထိခိုက်ဒဏ်ရာရရှိနေမှုကို နိုင်ငံတော်
သံဃာ့ မဟာနာယကဆရာတော်များအနေဖြင့် ကြည့်နေရက်ကြပါသလား?
မကြည့်ရက်ဘူးဆိုလျှင် နိုင်ငံတော် အစိုးရအား ရှုတ်ချကြောင်း
စာတစ်စောင်ထုတ်ပေးပါရန် နိုင်ငံတော် သံဃာ့မဟာနာယက နာယက ဆရာတော် များအား
လျှောက်ထားတောင်းဆိုအပ်ပါသည်။
- မုံရွာသံဃာတော်များ
ထိုတောင်းဆိုချက်များကိုလည်း လိုက်လျောဆောင်ရွက်ပေးခြင်းမရှိပါက နေ့စဉ်
ဆန္ဒဖော်ထုတ် သွားမည်ဖြစ်ပါကြောင်း နိုင်ငံတော်အစိုးရအား
အသိပေးကြေညာအပ်ပါသည် ဟု ဖော်ပြပါရှိသည်။

Copy From Opposit Eye
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.